နွားထိုးကြီး ၁၅-၁၂-၂၀၁၇
မြန်မာနိုင်ငံ အညာဒေသမှ အများအပြားထွက်ရှိသော ထန်းလျက်ကို နွားထိုးကြီးမြို့နယ် အတွင်းမှ အင်ချောင်း၊ ဆေးတိုး၊ တူစိုး၊ မန်လည်၊ အုန်းပုံတော၊ မန်ကျည်းကန်၊ အောင်ပန်းကုန်း၊ ထန်းတောမ၊ သင်းတပေါ စသည့်ရွာများသည် နှစ်ပေါက်သိုလှောင် ထားရှိသော ထန်းလျက်များကို ပြန်လည်ရောင်းချရာတွင် လမ်းပန်းဆက်သွယ်ရေး ဝေးခြင်း၊ ခက်ခဲခြင်း စသည့် အကြောင်းအရာများကြောင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး အချက်အချာ ကျသည့် မြို့သာဒေသသို့ အဓိကလာရောက် သိုလှောင်ရောင်းချ ကြကြောင်း ထန်းလျက်ကုန်သည် များထံမှ သိရသည်။
ထိုမျှမက နွားထိုးကြီးမြို့နယ် အတွင်း မြို့သာဒေသ အနီးတစ်ဝိုက်ရှိ တောက်ရိုး၊ အိုင်သာ၊ တောင်ကုန်း၊ကန်းချောင်း၊ ငွေဆင်း၊ လေးထောင့်ကန် စသည့်ကျေးရွာများတွင် ထန်းပင်ထန်းတောနှင့် ထန်းတက်လုပ်သားများ ဆက်လက်တည်ရှိ လုပ်ကိုင်နေကြပြီး ထွက်ရှိသမျှ ထန်းလျက်တို့ကိုလည်း မြို့သာသို့ တင်ပို့ရောင်းချလျက်ရှိပြီး မြို့သာမှ တစ်ဆင့် မြန်မာနိုင်ငံတစ်နိုင်ငံလုံးသို့ ဆက်လက်တင်ပို့ ဖြန့်ချိ နေရကြောင်း သိရသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းရှိ အချို့ဒေသများတွင် ထန်းပင်များ ရှိနေသော်လည်း ထန်တက်သမား ရှားပါးလာခြင်းကြောင့် ထန်းလျက်လုပ်ငန်းများ မှေးမှိန်နေသော်လည်း မြို့သာဒေသတွင် ထန်းတက်လုပ်သားများ ဆက်လက် တည်ရှိနေခြင်းကြောင့် ထန်းလျက်လုပ်ငန်းမှာလည်း ယနေ့ထက်တိုင်အောင်မြင် လျက်ရှိကြောင်း သိရသည်။
မြို့သာဒေသတွင် ထန်းတက်လုပ်ငန်းကို နှစ်စဉ်တပို့တွဲလမှ နယုန်လထိ လုပ်ကိုင်လျက်ရှိပြီး ထန်းလျက်အညံ့တစ်ပိဿာလျှင် ငွေကျပ် ၁၈ဝဝမှ၁၆ဝဝ (တတိယတန်းစား)၊ ပုံမှန်ထန်းလျက်တစ် ပိဿာလျှင် ငွေကျပ် ၁၇ဝဝ မှ၁၈ဝဝ (ဒုတိယတန်းစား)၊ ထန်းလျက်အကောင်း တစ်ပိဿာလျှင် ငွေကျပ်၂ဝဝဝကျော် (ပထမတန်းစား) အဖြစ် ရောင်းချလျက်ရှိပြီး ဝယ်အားအကောင်းဆုံး ထွက်ကုန် ပစ္စည်းဖြစ်ကြောင်းလည်း သိရသည်။
#Yadanarpondaily






No comments:
Post a Comment