www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 15, 2017

ငလျင်ဘေးအန္တရာယ် ရင်ဆိုင်တုံ့ ပြန်နိုင်စွမ်းတည်ဆောက်ရေး စီမံကိန်းကို UNDP နှင့် ပူးပေါင်းကာ တိုင်းဒေသကြီးနှင့် ပြည်နယ် ခြောက်ခုတွင် ဆောင်ရွက်သွားမည်



နေပြည်တော် ၁၅-၁၂-၂၀၁၇

ငလျင်ဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း တည်ဆောက်ရေး စီမံကိန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP နှင့်ပူးပေါင်းကာ မြေငလျင်ဘေး အန္တရာယ်ကျရောက်နိုင်ခြေ အများဆုံးဒေသများ ဖြစ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတွင် အကောင်ထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီး ဌာနမှ သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့မြေငလျင်ကြော ကြီးထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် အလယ်ပိုင်း ငလျင်ကြောပေါ်တွင် တည်ရှိနေပြီး အဆိုပါငလျင်ကြောမှာ မြန်မာနိုင်ငံ၏ မြောက်ဖျားဒေသမှ တောင်ပိုင်း (မုတ္တမပင်လယ်ကွေ့)ထိ ရှည်လျားကာ ၎င်းလမ်းကြောင်း တစ်လျှောက်ရှိ ဒေသများမှာ ငလျင်ကြော၊ ပြတ်ရွေ့ကြောအတွင်း တည်ရှိကျရောက် နေသည်ဟု ဆိုသည်။

ထိုသို့ မြေငလျင်ဘေးအန္တရာယ်အတွက် စိုးရိမ်စရာဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ငလျင်ဘေးအန္တရာယ်ကို ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း တည်ဆောက်ရန် အရေးကြီးသည်ဖြစ်၍ မြန်မာနိုင်ငံအတွင်း မြေငလျင်ဘေးအန္တရာယ် ကျရောက်နိုင်ခြေ အများဆုံးဒေသများ ဖြစ်သည့် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့်ပဲခူးတိုင်း ဒေသကြီးတို့တွင် ငလျင်ဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း တည်ဆောက်ရေး စီမံကိန်းကို ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP နှင့်ပူးပေါင်းကာ ဆောင်ရွက်သွားမည် ဖြစ်သည်။

" လက်ရှိရန်ကုန်တိုင်း ဒေသကြီးမှာ ငလျင်ဖြစ်လာရင် ဘယ်လိုလုပ်ရမယ် ဆိုတာသိပြီး လုပ်ဆောင်နိုင်အောင် ဇာတ်တိုက်လေ့ကျင့်မှုတွေ စလုပ်နေပါပြီ။ ကျွန်တော်တို့နိုင်ငံက ငလျင်ဘယ်ချိန် လှုပ်နိုင်တယ်ဆိုတဲ့ အနေအထား ကိုမသိနိုင်တဲ့ အတွက် ဒီလိုဇာတ်တိုက်လေ့ကျင့် မှုတွေက လုပ်ကိုလုပ်ထား သင့်ပါတယ်။ ဒီလိုလေ့ကျင့်ထားခြင်း အားဖြင့် ငလျင်တကယ် လှုပ်လာခဲ့ရင် ဘာတွေလုပ်ရမယ်ဆိုတာ သိနေမှာပါ"ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် ငလျင်ဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန် နိုင်စွမ်းတည်ဆောက်ရေး စီမံကိန်း မိတ်ဆက်ပွဲတွင် ပြောပြသည်။

အဆိုပါ ဆောင်ရွက်မည့် စီမံကိန်းတွင် အမျိုးသားအဆင့် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်များရေးဆွဲခြင်း၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု သင်တန်းကျောင်းအတွက် မြေငလျင်ဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးနှင့် ပတ်သက်သည့် သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း၊ စီမံကိန်းဒေသများရှိ ကျောင်းများတွင် ငလျင်နှင့်ပတ်သက်သည့် သတင်းအချက် အလက်များ ဖြန့်ဝေခြင်းနှင့် ပြည်သူလူထု၏ ငလျင်ဆိုင်ရာ သိမြင်နားလည်မှုများကို ဆန်းစစ်သွားပြီး ငလျင်နှင့်ပတ်သက်သည့် ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger