www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 15, 2017

သာပေါင်းမြို့နယ် ဘောမိချောင်းကမ်းစပ်တွင် ဆင်တစ်ကောင် သေဆုံးလျက်တွေ့ရှိ



သာပေါင်း ၁၅-၁၂-၂၀၁၇

ဧရာဝတီတိုင်း ဒေသကြီး သာပေါင်းမြို့နယ် ပျဉ်းမထုံးကျေးရွာရှိ ဘောမိချောင်း ကမ်းစပ်အနီးတွင် ဒီဇင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းက တောဆင်ရိုင်းတစ်ကောင် သေဆုံးနေသည်ကို ဒေသခံများက တွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးသည့်ဆင်တွင် တွေ့ရှိရ သောဒဏ်ရာများမှာ လွန်ခဲ့သည့် သုံးလခန့်က ရရှိခဲ့သည်ဟု ယူဆရပြီး သေဆုံးရခြင်းမှာ အဆိုပါ ဒဏ်ရာများမှတစ်ဆင့် ရောဂါပိုးဝင်၍ ဒီဇင်ဘာ ၁၁ ရက် ညပိုင်းက သေဆုံးရခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

"ဆင်တစ်ကောင် သေနေတာ တွေ့လို့ ဆင်ဆရာဝန်တွေနဲ့ သွားစစ်တာဘယ်တုန်းက ဖြစ်တာမှန်းတောင်မသိပါဘူး။ သေတာကြာတောင် ကြာနေပြီ" ဟုဧရာဝတီတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောပြသည်။

သေဆုံးသည့်ဆင်ကို ဒေသခံများ၏ ဆက်သွယ် သတင်းပေးမှုအရ သစ်တောဦးစီးဌာန ဦးစီးအရာရှိဦးစိုးတင့်ပါ ခုနစ်ဦး၊ မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဆရာဝန်ဒေါက်တာ မျိုးမင်းဦး၊ ဆင်ဦးစီးဦး မောင်ကျော်ဦးနှင့် သာပေါင်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သည့်ဆင်မှာ တောဆင်ရိုင်း အမတစ်ကောင်ဖြစ်ပြီး အသက် (၃၅)နှစ် အရွယ်၊ အရပ်ခြောက်ပေ ရှစ်လက်မခန့်ရှိသော ဝဲလည်ဂုတ် (မင်းထိုင်) အနီးနှင့်ယာနားရွက်တို့တွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သော တောဆင်ရိုင်းကို ဒီဇင်ဘာ ၁၂ရက် ညနေ၄နာရီ မိနစ်၃ဝတွင် သက်ဆိုင်ရာတာဝန်ရှိ သူများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger