www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 30, 2017

မြန်မာနိုင်ငံ ပထမဆုံးလယ်ယာစက်မှုဇုန် (Agro-Industry Park) ကို ဧရာဝတီတိုင်းဒေသကြီး မြောင်မြမြို့တွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်သွားမည်



ရန်ကုန် ၃၀-၁၀-၂၀၁၇

လယ်ယာကဏ္ဍကို အခြေခံကာ စားသောက်ကုန် ထုတ်လုပ်ငန်းများ ပါဝင်သည့် မြန်မာနိုင်ငံ၏ ပထမဆုံး လယ်ယာစက်မှုဇုန် (Agro-Industry Park) ကို ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် စတင်အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ သတင်းများအရ သိရသည်။

အဆိုပါ မြောင်းမြလယ်ယာစက်မှုဇုန် (Agro-Industry Park) တွင် လယ်ယာကဏ္ဍကို အခြေခံသည့် စားသောက်ကုန် ထုတ်လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်သဖြင့် စားသောက်ကုန်ထုတ်စက်ရုံများ၊ ဆန်ကြာ ဆံစက်ရုံ၊ ခေါက်ဆွဲစက်ရုံ၊ ဆန်ကွဲမှ ဂလူးကို့စ်ထုတ်လုပ်သည့် စက်ရုံများကို တည်ဆောက်သွားမည်ဖြစ်သည်။ ထို့ပြင်ဆန်စက်၊ ဖွဲနုဆီစက်နှင့် တိရစ္ဆာန်အစာ စက်ရုံများကိုလည်း ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်သည်။

အဆိုပါ လယ်ယာစက်မှုဇုန် (Agro-Industry Park) ကို ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် စတင်အကောင်အထည် ဖော်တည်ဆောက်ရန် ရွေးချယ်ရခြင်းမှာ မြောင်းမြမြို့သည် ကုန်းလမ်း၊ ရေလမ်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ လျှပ်စစ်ဓာတ်အားရရှိနိုင်ခြင်း၊ တိုင်းဒေသကြီးအတွင်း လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အချက်အချာကျသည့် နေရာတွင် ရှိနေခြင်း၊လက်ရှိ ဆိပ်ကမ်းကောင်းမွန်ခြင်း စသည့်အကြောင်း အချက်များကြောင့် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြောင်းမြလယ်ယာ စက်မှုဇုန် (Agro-Industry Park) ကို မြောင်းမြမြို့ရှိ မြေလွတ်ဧက ၃ဝဝ ကို သက်ဆိုင်ရာဝန်ကြီးဌာနက နှစ်ရှည်ငှားရမ်း ဆောင်ရွက်သွားမည် ဖြစ်သည်။ စီမံကိန်းအတွက် အမေရိကန် ဒေါ်လာသန်း ၂ဝမှ၃ဝ ထိ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်ပြီး ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှု များကိုဖိတ်ခေါ် ဆောင်ရွက်သွားမည်ဖြစ်ကာ ယခုအချိန်မှ လာမည့်သုံးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်ပြီးပါက ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိနေသည့် လယ်ယာထွက်ကုန် သီးနှံများကို တန်ဖိုးမြှင့်ထုတ်လုပ်သည့် စက်ရုံများဖြစ်ပေါ် လာမည်ဖြစ်သဖြင့် အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger