www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 30, 2017

မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများအား ထောက်ခံပွဲကျင်းပ



မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများအား ထောက်ခံပွဲတွင် ပါဝင်ဆင်နွှဲကြသည့် ရဟန်းသံဃာတော်များနှင့် ပြည်သူများ ချီတက်လှည့်လည်ကြစဉ်။ 

မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများအား ထောက်ခံပွဲကျင်းပစဉ်။

ရန်ကုန် ၃၀-၁၀-၂၀၁၇

တပ်မတော် ချစ်မြတ်နိုးသူများ အဖွဲ့(ရန်ကုန်)က ကြီးမှူးကျင်းပသည့် မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများအား ထောက်ခံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းရှိ မြို့တော်ခန်းမရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ ထောက်ခံပွဲသို့ ပါဝင်ဆင်နွှဲကြမည့် ရဟန်းသံဃာတော်များနှင့် ပြည်သူများက ကမ္ဘာအေးဘုရားလမ်းရှိ ရေခဲဆိုင်မှတ်တိုင်အနီး၌ စုရပ်သတ်မှတ်ပြီး မွန်းလွဲ ၁နာရီတွင် ၎င်းစုရပ်မှ ကမ္ဘာအေးဘုရားလမ်းအတိုင်း၊ ယင်းမှ အလံပြဘုရားလမ်း၊ ယင်းမှတစ်ဆင့် ဆူးလေဘုရားလမ်းအတိုင်း မြို့တော်ခန်းမရှေ့သို့ ပြည်ထောင်စု မပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ဒို့အရေး၊အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒို့အရေး၊တိုင်းပြည်ပြိုကွဲမည့်အကြံ ဒို့လက်မခံ၊ တပ်မတော်အင်အားရှိဖို့ ဝိုင်းဝန်းကူညီစို့၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ တပ်မတော်သာအမိ တပ်မတော်သာအဖ တပ်မတော်သာအားကိုးရာ၊နိုင်ငံ့ဝန်ထမ်း ကောင်းမှန် သမျှ ထောက်ခံကြ၊ အချုပ်အခြာအာဏာနှင့် အမျိုးဘာသာသာသနာ တည်တံ့ခိုင်မြဲရေး တပ်မတော်ကို အစဉ်အားပေး၊ အချုပ်အခြာအာဏာအား ထိပါးရန် မြန်မာ့တပ်မတော်အား ဖိအားပေးနိုင်ငံများနှင့် အဖွဲ့အစည်းများအား ဆန့်ကျင်ရှုတ်ချကြစသည့် အင်္ဂလိပ်၊ မြန်မာပိုစတာများ ကိုင်ဆောင်ကြပြီး ချီတက်လှည့်လည်ခဲ့ကြသည်။

မြို့တော်ခန်းမရှေ့၌ အခမ်းအနားမစတင်မီ တိုင်းရင်းသားရိုးရာ ဝတ်စုံများဝတ်ဆင်ထားကြသည့် လူငယ်မောင်မယ်များက တေးသီချင်းများဖြင့် ဖျော်ဖြေကြသည်။ ယင်းနောက်အခမ်းအနားကို မွန်းလွဲ၂ နာရီ မိနစ်၎ဝတွင် စတင်ကျင်းပရာ တက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုကြပြီး နိုင်ငံတော်သီချင်းအား သံပြိုင်သီဆိုကြသည်။ ဆက်လက်၍ ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ ဝန်ထမ်းကောင်းများအား ဂုဏ်ပြုသောအားဖြင့် တစ်မိနစ် ငြိမ်သက်ကြသည်။ ထို့နောက် မြင်းခြံဆရာတော် ဦးဇာဂရ၊ တေးသံရှင် လီလီနိုင်ကျော်၊ သရုပ်ဆောင်မော်ဒယ် ရွှေအိမ်စည်နှင့် ဦးလှဆွေ (ဘူးလက်) တို့ကလက်ရှိ နိုင်ငံရေးအခြေအနေ၊ တပ်မတော်၏ဆောင်ရွက်မှုများ နှင့်ပတ်သက်၍ ဟောပြောဆွေးနွေး ခဲ့ကြသည်။

ယင်းနောက် တပ်မတော်အပေါ် ကျရောက်နေသော နိုင်ငံတကာဖိအားများ ဖယ်ရှားကြ ဖယ်ရှားကြ၊ တပ်မတော်ကိုဖိအား ပေးနေသော နိုင်ငံတကာအဖွဲ့အစည်များအား ဆန့်ကျင်ကြ ဆန့်ကျင်ကြ၊ နိုင်ငံ့အချုပ်အခြာအာဏာအား ကာကွယ်နေသော တပ်မတော်သားများအား ထောက်ခံကြ ထောက်ခံကြ၊ တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်း ကောင်းများအား အားပေးကြ အားပေးကြ၊ နိုင်ငံ့ဝန်ထမ်းကောင်းများ၏ မိသားစုဝင်များအား စာနာကြ စာနာကြ၊ နိုင်ငံအတွက်အသက် ပေးလှူသွားကြသော နိုင်ငံ့ဝန်ထမ်းကောင်းများအား ဂုဏ်ပြုကြ ဂုဏ်ပြုကြ၊ အချုပ်အခြာအာဏာနှင့် အမျိုးဘာသာ သာသာနာအား ကာကွယ်နေသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကြီး ကျန်းမာပါစေ ချမ်းသာပါစေ၊ နိုင်ငံတော်လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျန်းမာပါစေ ကျန်းမာပါစေ၊ တိုင်းပြည်၏အချုပ်အခြာ အာဏာအားကာကွယ်နေသော နိုင်ငံ့ဝန်ထမ်းကောင်းများ ကျန်းမာပါစေ ကျန်းမာပါစေ၊ ရခိုင်ပြည်နယ် အတွင်းတာဝန် ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းကောင်းများ ကျန်းမာပါစေ ကျန်းမာပါစေ စသည့်ကြွေးကြော်သံများ သီဆိုကြပြီးတပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် သီချင်းသီဆိုကြကာ ညနေ ၄နာရီ မိနစ် ၄ဝ တွင် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ ထောက်ခံပွဲနှင့် ပတ်သက်၍ သရုပ်ဆောင်နှင့် မော်ဒယ်လ်ဖြစ်သူ ရွှေအိမ်စည်က ''ဒီနိုင်ငံမှာတာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်းကောင်းတွေနဲ့ တပ်မတော်သားတွေ အကုန်လုံးကို စာနာထောက်ထားပါတယ်။ ရခိုင် အရေးကိစ္စနဲ့ပတ်သက်ပြီး သူတို့ရဲ့ခံစားမှုတွေကိုလည်း နားလည်ပါတယ်။ အဲဒါကြောင့် အခုလိုလာရောက် ထောက်ခံရခြင်းပဲ ဖြစ်ပါတယ်။ တပ်မတော်အတွက်လည်း ခွန်အားတစ်ရပ်ဖြစ်လိမ့်မယ် လို့မြင်ပါတယ်။ ဘယ်လိုမျိုး အကြောင်းအရာတွေပဲ ကြုံတွေ့နေပါစေ ကျွန်မတို့အနေနဲ့ စည်းစည်းလုံးလုံးနဲ့ အတူတကွ ဖြေရှင်းဆောင်ရွက်သွားဖို့ လိုပါတယ်''ဟု သူမ၏အမြင်ကို ပြောသည်။

အလားတူ လမ်းမတော်မြို့နယ် နေသူဦးတင်ဝင်းက ''ကျွန်တော်တို့နိုင်ငံလုံခြုံရေး အတွက်တပ်မတော်ဟာ အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ နိုင်ငံ့အချုပ်အခြာအာဏာနဲ့ ပြည်သူတွေဘဝလုံခြုံအေးချမ်းစွာ နေထိုင်နိုင်ဖို့ အတွက်ကိုလည်း တပ်မတော်က လုပ်ဆောင်နေရတာပါ။ ဒါ့ကြောင့် တပ်မတော်ရဲ့ ဆောင်ရွက်မှုတွေကို ထောက်ခံရတာဖြစ်ပါတယ်။ အခုလိုပွဲတွေ လုပ်ခြင်းအားဖြင့် နိုင်ငံတကာရဲ့မျက်နှာစာမှာ တပ်မတော်ကို ပြည်သူတွေချစ်ပြီး နိုင်ငံအတွက် ပြည်သူတွေဟာ တပ်မတော်ဘက်က ရပ်တည်နေတယ်ဆိုတာကို ကမ္ဘာကသိရှိသွားမှာ ဖြစ်ပါတယ်။ အခုလိုပွဲမျိုးတွေ များများလုပ်ပေးသင့်တယ်။ ပြည်သူအားလုံးလည်း ပါဝင်သင့်ပါတယ်''ဟု ဆိုသည်။ မြန်မာ့တပ်မတော်နှင့် နိုင်ငံ့ဝန်ထမ်းကောင်းများ စိတ်ဓာတ်ခွန်အားများ တိုးမြင့်စေရန်ရည်ရွယ်၍ ယနေ့ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ၊အခမ်းအနားတွင် မြန်မာနိုင်ငံ၏ အနောက်တံခါးဖြစ်သည့် ရခိုင်ပြည်နယ်တွင် တာဝန် ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖြစ်သည့် မြန်မာ့ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၏ အသက်ပေး၍ စွန့်လွှတ်စွန့်စားစွာ တာဝန်ထမ်းဆောင်မှုအား လေးလေးနက်နက် ဂုဏ်ယူကြောင်း၊ ရခိုင်ပြည်နယ်နှင့်တကွ မြန်မာနိုင်ငံ အတွင်းကျရောက်လာမည့် အချုပ်အခြာ အာဏာထိပါးမှုနှင့် တရားဥပဒေစိုးမိုး မှုတို့အား နိုင်ငံအတွက် မားမားမတ်မတ်ရှေ့တန်းမှရပ်တည်ကာ ကာကွယ် စောင့်ရှောက်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းကောင်းများ အားယနေ့ တက်ရောက်လာသော ပြည်သူလူထုကြီးက အားပေးထောက်ခံကြိုဆို လျက်ရှိကြောင်း၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နိုင်ငံတော်ပြိုကွဲရန် ကြံစည် လုပ်ဆောင်သူ မှန်သမျှအား ဆန့်ကျင်ရှုတ်ချကြောင်း စသည်တို့အပါအဝင် အချက်ခုနစ်ချက် ပါရှိသည့် သဘောထားကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့မှလည်း ပူးပေါင်းဝန်းရံသဖြင့် စုစုပေါင်းအင်အားမှာ တစ်သိန်းကျော်ခန့် ရှိခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger