www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 13, 2017

ပရဆေးရောင်းချခြင်း လုပ်ကိုင်သူလျော့နည်းလာ



ရန်ကုန် ၁၃-၇-၂၀၁၇

မြန်မာ့ရိုးရာ တိုင်းရင်းဆေးများ အကြောင်းကို သေချာစွာနားလည်ပြီး ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်မှသာ အဆင်ပြေစေသည့် ပရဆေးရောင်းချခြင်း လုပ်ငန်းကို လက်ရှိတွင် လုပ်ကိုင်သူ လျော့နည်းလာကြောင်း ပရဆေးလုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။

''ပရဆေးလုပ်ငန်းက အစိမ်းသက်သက် ဝင်ရောက်လုပ်ကိုင်ဖို့ မလွယ်ပါဘူး။ တိုင်းရင်းဆေး တွေအကြောင်းကို အသေအချာ လေ့လာထားပြီး အဓိကအားဖြင့် မျိုးရိုးစဉ်ဆက် လုပ်ကိုင်လာတဲ့ သူတွေသာ ပိုအဆင်ပြေတာပါ။ အခုနောက်ပိုင်းမှာတော့ ပရဆေးအရောင်းဆိုင်တွေ တော်တော် နည်းလာတယ်'' ဟု ရန်ကုန်မြို့မှ ပရဆေး အရောင်းဆိုင်ပိုင်ရှင် ဒေါ်ကြည်လေးက ပြောသည်။

ယခင်က ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် လှည်းတန်းဈေး၌ ပရဆေးအရောင်းဆိုင် ငါးဆိုင်ခန့်ရှိခဲ့ရာမှ ယခုအခါ တခြားလုပ်ငန်းများ ပြောင်းလဲလုပ်ကိုင် ကြသဖြင့် နှစ်ဆိုင်သာ ကျန်ရှိတော့ကြောင်း သိရသည်။

ပရဆေးမှာ သဘာဝနည်းဖြင့် ဖော်စပ်ထားသော မြန်မာ့ရိုးရာဆေးများ ဖြစ်သောကြောင့် ဓာတုဆေးဝါးများ မပါဝင်သဖြင့် ကင်ဆာ၊ ဆီးချို၊ သွေးချိုနှင့် တခြားရောဂါများကို ကာကွယ်နိုင်ရုံသာမက သက်သာပျောက်ကင်း စေနိုင်သည့် အကျိုးအာနိသင်များ ရှိနေ၍ ယင်းလုပ်ငန်းမှာ ပျောက်ကွယ် မသွားသင့်ကြောင်း တိုင်းရင်းဆေးဆရာများက သုံးသပ်ပြောသည်။

ယခုအခါ အသေးစား ပရဆေးဆိုင်များ၌ မြန်မာ့တိုင်းရင်းဆေး အကြောင်း နားလည်တတ်ကျွမ်းသည့် တိုင်းရင်းဆေးဆရာများက လာရောက်ဝယ်ယူလေ့ရှိကာ ပြည်သူအများစုမှာ ဟင်းချက်ရာတွင် အသုံးပြုသည့် အမွှေးအကြိုင် ပစ္စည်းများကိုသာ လာရောက်ဝယ်ယူ မှုရှိကြောင်း ပရဆေးဆိုင်များမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger