www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 28, 2017

ကမ္ဘာ့ချန်ပီယံဆုကိုရယူနိုင်ရန် ရာနှုန်းပြည့် ယုံကြည်ကြောင်း အောင်လအန်ဆန်ပြောကြား



ရန်ကုန် ၂၈-၆-၂၀၁၇

ဇွန် ၃ဝ ရက်တွင်ကျင်းပမည့် MMA ဘက်စုံကိုယ်ခံပညာ သုံးပြိုင်ပွဲတွင် အဓိကတွဲဆိုင်း အဖြစ်ထိုးသတ်မည့် အောင်လအန်ဆန် (မြန်မာ)နှင့် ဗစ်တာလီဘစ်ဒက်ရှ် (ရုရှား)တို့၏ လေ့ကျင့်ပြင်ဆင်မှုများနှင့် မီဒီယာတွေ့ဆုံပွဲကို ယနေ့ညနေပိုင်းတွင် Junction Mawtin ၌ ကျင်းပသည်။

ယင်းပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ ထိုးသတ်မည့် အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့က တစ်ဦးချင်းလေ့ကျင့်မှုများ ပြုလုပ်ပြီး မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားခဲ့သည်။ အောင်လအန်ဆန်က ''ဘစ်ဒက်ရှ် နဲ့ပထမထိုးသတ်ခဲ့တဲ့ ပွဲအပြီးမှာ ဒီပွဲအတွက်အချိန်ယူပြီး ပြင်ဆင်ခဲ့ပါတယ်။ 

ပထမအကြိမ်မှာ ရှုံးနိမ့်ခဲ့တာက ပြင်ဆင်ချိန် သိပ်မရခဲ့လို့ပါ။ စိတ်မကျေပွဲထိုးသတ်နိုင်ဖို့ သေချာပြင်ဆင်ခဲ့ပါတယ်။ လေ့ကျင့်ချိန်တွေရော အစားအသောက်တွေပါ စနစ်တကျ ပြင်ဆင်ခဲ့ပါတယ်။ လက်သီးထိုးသတ်ပုံတွေ ပိုကောင်း လာဖို့ နည်းပြတစ်ဦး ငှားရမ်းလေ့ကျင့် ခဲ့ပါတယ်။ ဘစ်ဒက်ရှ်ဟာ ပြိုင်ဘက်ကောင်းဖြစ်ပေမယ့် သူ့မှာလည်းအားနည်းချက် ရှိပါတယ်။ ဒါကိုအသုံးချနိုင်ဖို့ လုပ်ထားပါတယ်။ ဒီပြိုင်ပွဲက ကိုယ့်မြေ၊ ကိုယ့်ပရိသတ် ရှေ့မှောက်မှာ ထိုး သတ်ရမှာ ဖြစ်တာကြောင့် ပိုပြီးကြိုးစား ထားပါတယ်။ ဘစ်ဒက်ရှ်ကိုရှုံးကြွေး ပြန်ဆပ်ပြီး ကမ္ဘာ့ချန်ပီယံဆုကို ရယူနိုင်မယ်လို့ ၁ဝဝ ရာခိုင်နှုန်းပြည့် ယုံကြည်မှုရှိပါတယ်'' ဟု ပြောကြားသည်။

ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကလည်း ''ဒီပြိုင်ပွဲကို မြန်မာနိုင်ငံမှာ လာရောက်ထိုးသတ်တာဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိလို့ပါ၊ အောင်လအန်ဆန်ရဲ့နိုင်ငံမှာ လာရောက်ထိုးသတ်ရတာ မလွယ်ကူပါဘူး။ ပုံမှန်ထက်တော့ ပိုပြီးခက်ခဲနိုင်ပါတယ်။ အောင်လအန်ဆန်က ဒီပွဲအတွက် သေချာပြင်ဆင် နေတာကြောင့် ပထမပွဲထက် ပိုပြီးခက်ခဲမှာပါ။ ကျွန်တော်ကတော့ ဒီပြိုင်ပွဲအတွက် နှစ်လလောက် အချိန်ယူပြီး ပြင်ဆင်ထားပါတယ်။ လက်ရှိအချိန်မှာတော့ အကောင်းဆုံးအနေ အထားရရှိနေပါပြီ။ ကျွန်တော်က ကမ္ဘာ့ချန်ပီယံဆုကို ၂ဝ၁၅ ခုနှစ်မှာ ရခဲ့တာဖြစ်ပြီး ချန်ပီယံဆုကို တတ်နိုင်သလောက် ကာကွယ်သွားမှာပါ။ ဒီပွဲမှာလည်း ကမ္ဘာ့ချန်ပီယံဆုကိုကာကွယ် နိုင်မယ်လို့ ယုံကြည်ပါတယ်'' ဟု ပြောကြားသည်။

အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်သည် ဇန်နဝါရီလက အင်ဒိုနီးရှားနိုင်ငံ၌ ပထမဆုံးအကြိမ် ထိုးသတ်ခဲ့ရာ ဘစ်ဒက်ရှ်ကအမှတ်ဖြင့် အနိုင်ရခဲ့သည်။ ဘစ်ဒက်ရှ်သည် MMA ပွဲပေါင်း ကိုးပွဲထိုးသတ်ရာ ပွဲတိုင်း အနိုင်ရထားပြီး အောင်လအန်ဆန်သည် ၂၉ ပွဲထိုးသတ်ရာတွင် ၁၉ ပွဲနိုင်၊ ၁ဝ ပွဲရှုံးနိမ့်ထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger