www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, June 11, 2017

လေယာဉ်၊ ရေယာဉ်၊ လူပစ္စည်း၊ ယန္တရားအင်အားများ ရာခိုင်နှုန်းပြည့်သုံးစွဲ၍ အစွမ်းကုန် ကြိုးစားလုပ်ဆောင်နေ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ပို့ဆောင်ရေးလေယာဉ် Y-8 တွင်ပါရှိသွားသည့် လေယာဉ်အမှုထမ်းများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ကျန်ရစ်သူများအတွက် စေတနာရှင်အလှူ ရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲတွင် အမှာစကားပြောကြားစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး
 (ငြိမ်း) နှင့်ဇနီး ဗိုလ်မှူးဒေါ်မြမြစန်း (ငြိမ်း) မိသားစုကငွေကျပ် သိန်း ၃ဝဝ ပေးအပ်လှူဒါန်းစဉ်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းထံ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်ရုံးမိသားစုများကအလှူငွေများပေးအပ်လှူဒါန်းစဉ်။

ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးခင်အောင်မြင့်ထံ အောင်မြင်သူကုမ္ပဏီလီမိတက်ကငွေကျပ်သိန်း ၃ဝဝ ပေးအပ်လှူဒါန်းစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သတင်းမီဒီယာများအား ရင်းရင်းနှီးနှီး
လိုက်လံနှုတ်ဆက်စဉ်။

နေပြည်တော် ၁၁-၆-၂၀၁၇

ပျက်ကျလေယာဉ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအား မိမိတို့ထုတ်နုတ်နိုင်သည့် လေယာဉ်၊ ရေယာဉ်၊ လူပစ္စည်း၊ ယန္တရားအင်အားများ ရာခိုင်နှုန်းပြည့် သုံးစွဲ၍ အစွမ်းကုန်ကြိုးစား လုပ်ဆောင်နေကြောင်း၊ လုံးဝမမျှော်လင့် ထားသည့် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်တစ်ရပ်လုံး များစွာခံစားရပါကြောင်း၊ ကျန်ရစ်သူမိသားစုများ၏ ဘ၀ရပ်တည်မှု အတွက်လည်း အကောင်းဆုံးလုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်းဖြင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ အောင်ငြိမ်းအေးခန်းမတွင် ကျင်းပပြုလုပ်သည့် ဇွန် ၇ ရက်တွင်ပျက် ကျခဲ့သည့် တပ်မတော်ပို့ဆောင်ရေး လေယာဉ် Y-8 တွင်ပါရှိသွားသည့် လေယာဉ်အမှုထမ်းများ၊ အရာရှိ၊စစ်သည်၊ မိသားစုများ၏ ကျန်ရစ်သူများ အတွက်စေတနာရှင် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းပွဲတွင် အမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ၀န်ကြီးဌာနနှင့်နယ်စပ်ရေးရာ ၀န်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တို့မှ တိုင်းမှူးများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ပို့ဆောင်ရေး လေယာဉ် Y-8 ပျက်ကျခဲ့မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဇွန် ၇ ရက်မွန်းလွဲ ၃ နာရီခန့်တွင် စတင်သတင်းရရှိမှု၊ ယင်းလေယာဉ်တွင် ပါရှိသည့်ဆီဖြင့် မောင်းနှင်နိုင် သည့်အချိန်အထိ သတင်းစောင့်ဆိုင်းခဲ့ပြီး တစ်ချိန်တည်းတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအတွက် ပြင်ဆင်လုပ်ဆောင်ခဲ့မှု၊ လေယာဉ်ပျောက်ဆုံးကြောင်း သေချာသည့် အချိန်မှစ၍ သတင်းထုတ်ပြန်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး ၎င်းလေယာဉ်နှင့်ပတ်သက်၍ ၂၀၁၆ ခုနှစ်၊မတ်လတွင်တပ်မတော်သို့ နောက်ဆုံးရောက်ရှိခဲ့မှု၊ ခရီးသည်နှင့်ကုန်စည် ပို့ဆောင်ရေးတွင် များစွာစွမ်းဆောင်နိုင်၍ ပြီးခဲ့သည့်သဘာဝ ဘေးဒဏ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် သက်သာချောင်ချိရေး ခရီးစဉ်များ ခေါက်ရေများစွာ ပျံသန်းအသုံးပြုခဲ့မှု၊ တပ်မတော် (လေ) တွင် Safety နှင့်ပတ်သက်၍ စစ်ဆေးမှုအပိုင်းတွင် ၁၀၀ ရာခိုင်နှုန်း သတ်မှတ်လုပ်ဆောင်မူ၊ ၁၀၀ ရာခိုင်နှုန်းသတ်မှတ် သော်လည်းသဘော သဘာဝအရ ရာနှုန်းပြည့်မရနိုင်မှု၊ လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးများသည် ပျံသန်းမှုအတွေ့အကြုံ များစွာရှိသည့်အပြင် အင်ဂျင်နီယာအရာရှိတစ်ဦးပါ ၎င်းလေယာဉ်တွင် ပါဝင်ထမ်းဆောင်ခဲ့မှု၊အဆိုပါ လေယာဉ်နှင့်ပတ်သက်၍ ရေဒါများမှနောက်ဆုံး ဖမ်းယူရရှိသည့် အချက်အလက်များနှင့် အခြားအကြောင်းအရာများ ဆက်စပ်၍ဖြစ်နိုင်ခြေကို စဉ်းစားသုံးသပ်ခဲ့မှု၊ ရာသီဥတုအခြေအနေအရ ထိုအချိန်ကဖြစ်စဉ်နေရာတစ်ဝိုက်တွင် လွန်စွာကြီးမားသည့် တိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်ခဲ့မှုကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်မှု၊ လက်ရှိအခြေအနေတွင် လေယာဉ်အစိတ်အပိုင်း တစ်ချို့နှင့်ရုပ်အလောင်း ၃၃လောင်းရှာဖွေတွေ့ရှိထားပြီး ဆိုးရွားသည့် ရာသီဥတု အတွင်းခက်ခက်ခဲခဲဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေပြီး မိမိနိုင်ငံပိုင်နက်အတွင်း ပျက်ကျခြင်း၊ အထောက်အထားတစ်ချို့ ရရှိနေခြင်းတို့ကြောင့် မကြာမီပျက်ကျလေယာဉ်အား ရှာဖွေတွေ့ရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ရှင်းလင်းပြောကြား၍ သတင်းဌာနတစ်ချို့မှ အတည်မပြုနိုင်သည့် ကောလာဟလသတင်းများ ရေးသားဖော်ပြခဲ့မှု၊ လူမှုကွန်ယက်တစ်ချို့၌ လေယာဉ်ပေါ်တွင်ပါရှိ သွားသည့် အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ကျန်ရစ်သူ မိသားစုများအပေါ် ထိခိုက်နစ်နာစေသည့် ရေးသားဖော်ပြမှုများ မလုပ်သင့်ကြောင်းတို့အား ထည့်သွင်း ပြောကြားသည်။

ထို့နောက် တပ်မတော်အနေဖြင့် Y-8 လေယာဉ်ပျက်ကျရာ၌ ပါရှိသွား သည့်အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ကျန်ရှိသောမိသားစုဝင်များအား သွားရောက် တွေ့ဆုံအားပေးမှု၊ နာရေးကိစ္စရပ်များအပါအ၀င် ကူညီထောက်ပံ့ လုပ်ဆောင်ပေးမှု အခြေအနေများအား ရှင်းလင်းပြောကြား၍ ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများတွင် စိတ်ရောကိုယ်ပါကူညီလုပ်ဆောင်ခဲ့ကြသည့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ငါးဖမ်းစက်လှေများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ အားလည်းကောင်း၊ စေတနာသဒ္ဓါ ထက်သန်စွာဖြင့် ထောက်ပံ့လှူဒါန်းလျက်ရှိသည့် စေတနာရှင်များအားလည်းကောင်း၊ နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ၊ အဖွဲ့အစည်းများနှင့် ပြည်တွင်းမှ နိုင်ငံရေးပါတီအဖွဲ့အစည်းအသီးသီးမှ ၀မ်းနည်းကြောင်း ပေးပို့ခဲ့မှုများ အတွက်လည်းကောင်း တပ်မတော်အနေဖြင့် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ 

ထို့နောက် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး(ငြိမ်း)နှင့်ဇနီး ဗိုလ်မှူး ဒေါ်မြမြစန်း(ငြိမ်း)မိသားစုမှငွေကျပ် သိန်း ၃၀၀၊ တပ်မတော်အရာရှိကြီးများမိသားစုမှ ငွေကျပ် ၄၃၁ သိန်း၊ ဒုတိယတပ်မတော်အရာရှိချုပ်များနှင့် မိသားစုများ မှငွေကျပ် ၁၅၈သိန်း၊ တိုင်း၊တပ်မများမှ အရာရှိ၊စစ်သည်၊ မိသားစုများ၏ လှူဒါန်းငွေကျပ် ၂၉၉၇ သိန်းအား အသီးသီးပေးအပ်လှူဒါန်းရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လက်ခံရယူ သည်။ ယင်းနောက်တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့်ဇနီး ဒေါ်ကြူကြူလှ မိသားစုမှ ငွေကျပ် ၁၂၂ သိန်းအား ပေးအပ်လှူဒါန်းရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) က လက်ခံရယူသည်။

၎င်းနောက် တပ်မတော် (ရေ) အရာရှိ၊ စစ်သည်၊မိသားစုများမှငွေကျပ် သိန်း ၁၅၀၊ တပ်မတော်(လေ)အရာရှိ၊ စစ်သည်၊ မိသားစုများမှငွေကျပ်သိန်း ၂၀၀၊ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်ရုံးမိသားစုများ၊ နိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ်နှင့်သင်တန်း သားအရာရှိကြီးများမှ လှူဒါန်းငွေများအား အသီးသီးပေးအပ်လှူဒါန်းရာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က လက်ခံရယူသည်။

ဆက်လက်ပြီးနောင်တုံ ကုမ္ပဏီလီမိတက်မှငွေကျပ်သိန်း ၂၀၀၊ Golden Land Real Estate Development Co.,Ltd(Golden City Project)မှ ငွေကျပ် သိန်း ၂၀၀၊ Royal Sky Co.,Ltd (Dagon Golf City Project) မှ ငွေကျပ် သိန်း ၁၀၀ ၊ ဧဒင်ကုမ္ပဏီလီမိတက်မှ ငွေကျပ်သိန်း ၂၀၀၊ ဘန်ကောက်အခြေစိုက် Myanmar Golf Association မှငွေကျပ်သိန်း ၁၅၀၊ ရွှေရေကန်ကုမ္ပဏီမှ ငွေကျပ်သိန်း ၁၀၀ တို့အား ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးကလည်းကောင်း၊ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၈) နှင့် အမှတ်စဉ် (၃၅) ကျောင်းဆင်းအရာရှိများ၏ လှူဒါန်းငွေများ၊ ဧရာဝတီပညာကျန်းမာ ဘက်စုံဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၁၀၀ နှင့် အခြားအလှူရှင်များ၏ လှူဒါန်းငွေများအား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) က လည်းကောင်း အသီးသီးလက်ခံရယူသည်။

ထို့နောက် International Gate Way Group Co.Ltd မှ ငွေကျပ် သိန်း ၅၀၀၊ မြန်မာအကြံပေး ကုမ္ပဏီလီမိတက်မှ ငွေကျပ်သိန်း ၅၀၀ ၊ ရွှေသံလွင်ကုမ္ပဏီမှ ငွေကျပ် သိန်း ၅၀၀၊ Asia World Co.Ltd မှ ငွေကျပ်သိန်း ၅၀၀၊ ချမ်းဟိန်းကုမ္ပဏီလီမိတက်မှ ငွေကျပ်သိန်း၃၀၀၊ Amazing Co.Ltdမှငွေကျပ် သိန်း ၃၀၀တို့အား ကာကွယ်ရေး ဦးစီးချုပ်(ရေ)ကလည်းကောင်း၊ ကြယ်နီလာကုမ္ပဏီများအုပ်စုမှ ငွေကျပ်သိန်း ၃၀၀၊ အောင်မြင်သူကုမ္ပဏီ လိမိတက် မှ ငွေကျပ်သိန်း ၃၀၀၊ Sky One & Lucky Man Co.,Ltd မှ ငွေကျပ်သိန်း ၃၀၀၊ Authentic Co., Ltd မှငွေကျပ်သိန်း ၃၀၀၊ မုတ္တမဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း ၃၀၀ တို့အား ကာကွယ်ရေး ဦးစီးချုပ်(လေ)က လည်းကောင်း၊ PT Power+ BOC Group မှငွေကျပ်သိန်း ၁၀၀ ၊ စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၂၄)ကျောင်းဆင်းအရာရှိများနှင့် အခြားအလှူရှင်များ၏ လှူဒါန်းငွေများအား စစ်ထောက်ချုပ်ကလည်းကောင်း အသီးသီးလက်ခံ ရယူကြသည်။

အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် တက်ရောက် လာကြသည့်အလှူရှင်များနှင့် သတင်းမီဒီယာများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။ယနေ့ကျင်းပပြုလုပ်သည့် ဇွန် ၇ ရက်တွင်ပျက်ကျခဲ့သော တပ်မတော်ပို့ဆောင်ရေး လေယာဉ် Y-8 တွင်ပါရှိသွားသည့် လေယာဉ်အမှုထမ်းများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ကျန်ရစ်သူများအတွက် စေတနာရှင်အလှူရှင်များက အလှူငွေများပေးအပ် လှူဒါန်းမှု စုစုပေါင်းမှာငွေကျပ် ၉၉၀၈ သိန်းကျော်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger