www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 18, 2017

ကျိုင်းတုံမြို့ရှိ နောင်တုံရေကန်ကြီး သန့်ရှင်းလှပစေရေး အကြံဥာဏ်များ တောင်းခံ



ကျိုင်းတုံ ၁၈-၅-၂၀၁၇

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ နောင်တုံရေကန်ကြီး သန့်ရှင်းလှပ စေရေး အကြံဥာဏ်များ တောင်းခံခြင်းကို မေ ၁၆ရက် မွန်းလွဲ ၁နာရီက ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအကြံဥာဏ်များ ရယူတောင်းခံ ခြင်းအစည်းအဝေးပွဲသို့ ကျိုင်းတုံမြို့ရှိဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဒေသခံများ၊ စည်ပင်သာယာရေး ကော်မတီဝင်များတက် ရောက်ခဲ့ကြောင်း သိရသည်။

''နောင်တုံရေကန်ကြီးက ကျိုင်းတုံမြို့ရဲ့ ကျက်သရေ ဆောင်ဖြစ်ပါတယ်။ ပြည်တွင်း၊ ပြည်ပခရီးသွားတွေနဲ့ မြို့နယ်တွင်းက ပြည်သူတွေလဲ ကျန်းမာရေး၊ အားကစား၊ လမ်းလျှောက်၊ ကိုယ်ကာယလေ့ကျင့်ရာ နေရာအဖြစ်နဲ့ရော အပန်းဖြေလည်ပတ်ဖို့ နေရာအဖြစ်နဲ့ပါ နောင်တုံရေကန်ကြီး နေရာကို စိတ်ဝင်စားနေကြပါတယ်။ ကန်ရေပြင်သန့်ရှင်း ရေးအတွက် လိုအပ်တဲ့ အကြံဥာဏ်တွေကို ပေးစေလိုပါတယ်''ဟု ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦးကပြောပြသည်။

ကန်တွင်းဧရိယာ ကြီးမားကျယ်ပြန့်ပြီး ရေကန်အတွင်းမှ နုန်းများဆယ်တင်ရေး ကိစ္စတွင် ရှမ်းပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရ၏ ကူညီပံ့ပိုးပေးမှုဖြင့်သာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း တက်ရောက်လာသူများက ပြောပြသည်။

''နောင်တုံကန်ကို ရေစီးဝင်နေတဲ့ တောင်ကြီးလမ်းဘက်က နမ့်ခင်ရေချောင်းကနေ နောင်တုံရေကန်ထဲကို အမြဲစီးဝင်နေတဲ့ ရေသွယ်မြောင်းကို ရေစီးရေလာ ကောင်းမွန်စေဖို့ ဆောင်ရွက်သင့်ပါတယ်။ ပြီးတော့ ကန်ရဲ့ ရေထွက်ပေါက်က ရေထွက်တာကို ပုံမှန်စီးဆင်းစေမယ်ဆိုရင် ရေသန့်ရှင်းမှု အထိုက်အလျောက် ကောင်းသွားမှာဖြစ်ပါတယ်''ဟု ကျိုင်းတုံမြို့နယ် ဆည်မြောင်းဦးစီးဌာနမှ မြို့နယ်မှူး အင်ဂျင်နီယာ ဦးစောနိုင်က ပြောပြသည်။

နောင်တုံရေကန် ကြီးသည် အကျယ်အဝန်း ၃၅ ဒသမ ၇၃၉ ဧကရှိပြီး ရေကန် နုန်းဆယ်ခြင်း လုပ်ငန်းကို ၁၉၇ဝပြည့်နှစ်က ရပ်ရွာကျေးလက်နေ ပြည်သူများကို လုပ်အားပေး ဆင့်ခေါ်ကာ ဆောင်ရွက်ခဲ့ ဖူးကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger