www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, March 29, 2017

ရေဓာတ်ခန်းခြောက်ခြင်း မဖြစ်ရအောင်


ရေဓာတ်ခန်းခြောက်ခြင်း မဖြစ်ရအောင်

( ပေါက်ပေါက် )

မရှိမဖြစ်ရေ

ခန္ဓာကိုယ်ရဲ့ သုံးပုံနှစ်ပုံသော အလေးချိန်က ရေဖြစ်ပါတယ်။ ဥပမာ ကိုယ်အလေးချိန် ပေါင် ၁ဝဝ ရှိသော လူတစ်ယောက်မှာ ရေရဲ့ အလေးချိန်က ၆၅ ပေါင် ပါရှိနေပါတယ်။ သွေးထဲမှာ အရည်ဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်ပြီး ဦးနှောက်နဲ့ ကြွက်သားတို့မှာ အရည်ဓာတ် ၇၅ ရာခိုင်နှုန်းနဲ့ အရိုးထဲမှာ ရေဓာတ် ၂၂ ရာခိုင်နှုန်း ပါရှိပါတယ်။ ပျမ်းမျှအားဖြင့် လူသားတစ်ဦး နှစ် ၈ဝ ခန့် သက်တမ်းကာလ အတွင်းမှာ ရေ ၇၅ဝဝဝ လီတာမျှ သောက်သုံးခဲ့ပါတယ်။ 

ရေတွေက ကမ္ဘာကြီးရဲ့ အပူချိန်ကို ထိန်းညှိပေးနိုင် သလို လူတွေရဲ့ ခန္ဓာကိုယ်ကိုလည်း အပူချိန်မျှတအောင် ထိန်းပေးနိုင်ပါတယ်။ ဒါတင်မကသေး ပါဘူး။ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အာဟာရ ပစ္စည်းတွေ၊ အောက်ဆီဂျင်၊ ကာဗွန်ဒိုင် အောက်ဆိုက်၊ ဟော်မုန်းများ၊ အညစ်အကြေးများကို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ပေးသူ ကလည်း ''ရေ''ပဲ ဖြစ်ပါတယ်။

ရေရဲ့ အခြား လုပ်ဆောင်ချက်များမှာ ခန္ဓာကိုယ်ထဲသို့  ရောက်ရှိလာတဲ့ အစားအစာတွေကို ခွန်အားအဖြစ် ပြောင်းလဲပေးခြင်း၊ ခန္ဓာကိုယ်ထဲမှာ ပိုလျှံပြီးမလိုလား အပ်တဲ့ အရည်တွေနဲ့ အဆိပ်အတောက် တွေကို ဆီး၊ ဝမ်း၊ သွေး၊ ချွေး၊ ချွဲသလိပ်အဖြစ် စွန့်ထုတ်ပေးခြင်း၊ အသက်ရှူခြင်းကို အထောက်အပံ့ ဖြစ်စေခြင်း၊ အရိုးအဆက်များ ပွန်းတိုက်စားခြင်းမှ သက်သာစေခြင်း၊ ခန္ဓာကိုယ်တွင်းဆဲလ် များကို အောက်ဆီဂျင် မပြတ်လပ်အောင် ထိန်းသိမ်းပေးခြင်း၊ သက်လုံကောင်း စေခြင်း၊ ခေါင်းကိုက် သက်သာခြင်း၊ ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေကာ စိတ်ကြည်လင် လန်းဆန်းစေခြင်း၊ ကင်ဆာဖြစ်နိုင်ခြေ အလားအလာကို လျော့ပါးသွား စေခြင်း၊ အမောအပန်းခံ နိုင်ပြီး လေ့ကျင့်ခန်း ကြာကြာလုပ်နိုင် လာခြင်း၊ အသားအရေ ကောင်းပြီး အရွယ်တင်နုပျို စေခြင်း၊ ဝက်ရူးပြန်၊ တီဘီ၊ ပန်းနာရင်ကျပ်၊ ကျောက်ကပ်၊ လည်ချောင်းနာ၊ နှာခေါင်း၊ ဝမ်းချုပ်၊ လိပ်ခေါင်းရောဂါ တို့ကို သက်သာစေခြင်း၊ အမြင်အာရုံ တိုးတက်ကောင်းမွန် စေခြင်း စသည်ဖြင့် ဘက်ပေါင်းစုံမှ ကောင်းကျိုးပြု တာကြောင့် ' ရေ ' ဟာ လူသားတို့ အတွက် မရှိမဖြစ်ပါ။

ရေဓာတ်ဆုံးရှုံးရခြင်း

အသက်ရှူထုတ်လိုက်တဲ့ အခါမှာ ရေငွေ့ပုံစံဖြင့် သော်လည်းကောင်း၊ ချွေး၊ ဆီး နှင့် မစင်တို့တွင် ပါဝင်သော ရေပုံစံမျိုးဖြင့် လူ၏ခန္ဓာကိုယ်မှ နေ့စဉ် ရေဓာတ် ဆုံးရှုံးသွားပါတယ်။ ရေဓာတ်နှင့်အတူ ခန္ဓာကိုယ်၏ ဆားဓာတ် အနည်းငယ်လည်း ဆုံးရှုံးသွားပါတယ်။ ကျန်းမာတဲ့ လူတစ်ယောက်ဟာ ခန္ဓာကိုယ်မှတစ်နေ့တာ အတွင်း ရေ ၂ ဒသမ ၆ လီတာ ခန့် ဆုံးရှုံးနေပါတယ်၊ ၄င်းတို့မှာ ဝမ်းမှ သုည ဒသမ ၂ လီတာ၊ အသက်ရှူ လမ်းကြောင်းမှ သုည ဒသမ ၃ လီတာ၊ အရေပြားချွေး ထွက်ခြင်းမှ သုည ဒသမ ၆ လီတာ၊ ဆီးမှ ၁ ဒသမ ၅ လီတာ ပမာဏရှိတဲ့ ရေဓာတ်တွေ နေ့စဉ်ထွက်ရှိ နေလို့ပါပဲ၊ လူတစ်ယောက်၏ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ရေပမာဏဟာ ၁ ရာခိုင်နှုန်း လျော့သွားတာနဲ့ တစ်ပြိုင်နက်တည်း ရေသောက်ချင်စိတ် (ရေငတ်ခြင်း) ဖြစ်လာပါ တော့တယ်။ ဒါကြောင့် လူတို့  အစာမစားရဘဲ တစ်လအထိ အသက်ရှင်နိုင် သော်လည်း ရေမသောက်ဘဲ ငါးရက် (အလွန်ဆုံး ခုနစ်ရက်) ထက်ပို၍ အသက်မရှင်နိုင် ကြပါဘူး။ (ရေလိုအပ်နေသူ တစ်ဦး ရေမရလျှင် ချက်ချင်းသေနိုင် ပါတယ်။)

ရေဓာတ်ခန်းခြောက်ခြင်းကို ဖော်ပြနေတဲ့ လက္ခဏာများ

ရေဓာတ် အလွန်များပြားစွာ ဆုံးရှုံးသွားချိန်မှာ ခန္ဓာကိုယ်က ထိန်းညှိနိုင်မှု မရှိတော့ခြင်း သို့မဟုတ် ရေဓာတ်ခန်းခြောက် လာခြင်းကို ဖြစ်စေပါတယ်။ အသေးစား ရေဓာတ်ခန်းခြောက် မှုမှ ပြင်းထန်သော ရေဓာတ်ခန်း
ခြောက်မှုအထိ ရောဂါလက္ခဏာ များတွင် ရေဆာလောင်မှု ပိုမိုဆိုးလာခြင်း၊ ခံတွင်းခြောက်သွေ့ခြင်း နှင့် လျှာရောင်ရမ်းခြင်း၊ အားနည်းခြင်း၊ ခေါင်းမူးခြင်း၊ ရင်တလှပ်လှပ် ဖြစ်ခြင်း၊ စိတ်အာရုံ ရှုပ်ထွေးခြင်း၊ ရင်တုန်ခြင်း၊ ဆီးပမာဏ လျော့နည်းခြင်းတို့ ဖြစ်စေပါတယ်။ ရေဓာတ် ခန်းခြောက်မှုနှင့် ကြုံနေရသူအနေနဲ့ တစ်ရက်ထက် ကျော်၍ အော့အန်ခြင်း၊ ကိုယ်အပူချိန် ၁ဝ၁ ဒီဂရီ ဖာရင်ဟိုက်ထက် ပို၍များခြင်း၊ နှစ်ရက် ကျော်လွန် သည်အထိ ဝမ်းလျှောခြင်း၊ ကိုယ်အလေးချိန် လျော့ကျခြင်း၊ ဆီးနည်းခြင်း၊ အားနည်းခြင်းနှင့် အာရုံရှုပ်ထွေးခြင်းတို့ ကြုံရပါက ဆရာဝန်နဲ့ ပြပါ။ အကယ်၍ ကိုယ်အပူချိန် ၁ဝ၃ ဒီဂရီဖာရင်ဟိုက် ထက်ပို၍ ဖျားနေရင် ခေါင်းကိုက်ခြင်း၊ တက်ခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ ပြီးခဲ့တဲ့ ၁၂ နာရီအတွင်း ဆီးမသွားခြင်း ကဲ့သို့ ပြဿနာများ ကြုံတွေ့ ပါက ၄င်းလူနာကို အရေးပေါ်ဌာနသို့ ပို့ပေးပါ။ အောက်ပါ လက္ခဏာကြီး (၃)ရပ်က ရေဓာတ်ခန်း ခြောက်ခြင်းကို ထင်သာမြင်သာ သိစေနိုင်ပါတယ်၊
  • (၁) ခေါင်းကိုက်ခြင်း ။ ရေဓာတ်ခန်းခြောက် ခြင်းနဲ့အတူ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်နဲ့ ပိုတက်စီယမ် ဆားဓာတ်များလည်း ဆုံးရှုံးသွားပါတယ်။ အဲဒီ အငန်ဓာတ်တွေ ဆုံးရှုံးခြင်းက သွေးထဲက ဓာတုပစ္စည်း ဖွဲ့စည်းမှုကို ကမောက်ကမ ဖြစ်စေပြီး ခေါင်းကိုက်ခြင်းကို ဖြစ်လာစေ ပါတော့တယ်။ ရေဓာတ် ခန်းခြောက်လာ လေလေ သွေးဖိအားကျဆင်းပြီး ဦးနှောက်သို့ အောက်ဆီဂျင် ရောက်ရှိမှု နည်းလာလေလေ ဖြစ်တာကြောင့် "ရေဓာတ်ခန်းခြောက် ခြင်းအစ ခေါင်းကိုက်ခြင်းက'' လို့ သတိရှိပါလေ။

  • (၂) ဆီးအဝါရောင်သွားခြင်း ။  အရိုးရှင်းဆုံးနှင့် အလွယ်ဆုံး ပြောရရင် ခန္ဓာကိုယ်ထဲမှာ ရေဓာတ် အလုံအလောက် ရှိတဲ့အခါ စွန့်ပစ်အရည် ပစ္စည်းများဟာ လွယ်လွယ်ကူကူ ထွက်ရှိလာ ပါတယ်။ အကယ်၍ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခန်းခြောက် သွားတဲ့အခါမှာတော့ ဇီဝကမ္မဖြစ်စဉ်များ ကောင်းစွာ အလုပ်မလုပ် နိုင်တော့ဘဲ အဖန်တလဲလဲ ခက်ခက်ခဲခဲ ချက်လုပ်ရခြင်းကြောင့် ဆီးကဲ့သို့သော စွန့်ပစ်အရည်ဓာတ်ဟာ ထွက်ရှိမှုပမာဏ နည်းလာပြီး ဆီး၏အရောင်မှာ အဝါရောင် သို့မဟုတ် ပယင်းရောင် ရင့်ရင့်ပြောင်း သွားပါတော့တယ်။

  • (၃) ဝမ်းချုပ်ခြင်း ။ ခန္ဓာကိုယ်ရဲ့ စွန့်ပစ်ပစ္စည်းဖြစ်တဲ့ ဝမ်းကလည်း ဆီးလိုပါပဲ၊ ရေဓာတ်ရှိမှသာ အူမကြီးကို ကောင်းစွာ အလုပ်လုပ် စေပြီးတော့ မလိုလားအပ်တဲ့ အစာဟောင်းတွေကို လွယ်လွယ်ကူကူ ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ် ပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် ရေဓာတ်ခန်းခြောက် တဲ့အခါ ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရွယ်ရောက်ပြီးသူ လူသားတိုင်း သန့်ရှင်းသော သောက်ရေကို တစ်နေ့လျှင် အနည်းဆုံး ရှစ်ဖန်ခွက်မျှ သောက်သုံး သင့်ပါတယ်။

ရေသောက်ရန် အသင့်လျော်ဆုံးအချိန်

ရေခဲရေနဲ့ ရေနွေးတွေကို မဆိုလိုပါ။ (ရိုးရိုးသောက်ရေသန့် ကိုသာ သောက်ပါ)
  • (၁) တစ်ညတာလုံး ငြိမ်သက်နေတဲ့ ခန္ဓာကိုယ်တွင်း ကလီစာများကို ပြန်လည် တက်ကြွလာအောင် လှုံ့ဆော်ပေးဖို့ နံနက်အိပ်ရာထ တာနဲ့သောက်ရေ နှစ်ခွက် သောက်ပေးရပါမယ်။
  • (၂) အစာကြေညက်စေဖို့  ထမင်းမစားခင် နာရီဝက် ကြိုတင်၍ ရေတစ်ခွက် သောက်ပေးရပါမယ်။
  • (၃) သွေးခုန်နှုန်း မှန်စေရန်နဲ့ သွေးကျစေဖို့  ရေမချိုးခင် ရေတစ်ခွက် သောက်ပေးရပါမယ်။
  • (၄) လေဖြတ်၊ နှလုံးရောဂါတွေ မဖြစ်အောင် ညမအိပ်ခင် ရေတစ်ခွက် သောက်ပေးရပါမယ်။
  • (၅) အိပ်ပျော်နေစဉ် ခြေသလုံး ကြွက်သားတွေ ကြွက်တက်ခြင်း မဖြစ်ရလေအောင် ညဘက်တစ်ရေးနိုး တဲ့အခါ ရေထသောက်ပေးပါ။


ရေလုံးဝ မသောက်သင့်ဆုံးအချိန်

အမေရိကန်ကျန်းမာရေး သုတေသီတွေရဲ့ စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုတ်နဲ့ ဂျပန်လူမျိုးတွေမှာ အူကင်ဆာရောဂါ ဖိစီးခံရမှု အနည်းဆုံး ဖြစ်ကြ ပါတယ်တဲ့၊ အကြောင်းရင်း ကတော့ ထိုလူမျိုးတွေက ထမင်းစားနေစဉ်မှာ ရေခဲရေ၊ ရိုးရိုးရေအေး မသောက်ကြဘဲ ရေနွေးဖြူ သို့မဟုတ် လက်ဖက်ရည်ကြမ်း ပူပူကိုသာ သောက်သုံးလေ့ရှိလို့ပါပဲ။ အထူးသဖြင့် ထမင်းစားရင်း ရေခဲရေအေးအေး သောက်တဲ့အခါ ဟင်းလျာထဲမှာ ပါရှိတဲ့အဆီ အနှစ်တွေက ( ဥပမာပြရရင် ရေခဲရေနဲ့ တွေ့ တဲ့အခါ ဟင်းအဆီတွေက) အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရွှံ့စေးအနယ်အနှစ်များ သဖွယ် ခဲပျစ်သွားတတ် ကြပြီး အစာကောင်းစွာ မချက်ပြုတ် နိုင်တော့ဘဲ အူကင်ဆာ ဖြစ်လာစေပါတယ်။ 

ဒါ့အပြင် ထမင်းဟင်းပူပူ စားရင်း ရေခဲရေအေးအေး သောက်လိုက်တဲ့ အခါများမှာလည်း အပူအအေး တစ်ပြိုင်နက်တည်း တွေ့လိုက်တာကြောင့် အစာအိမ်ကို ကသိကအောက် ဖြစ်စေပါတယ်။ အပူအအေး တန်ပြန် သက်ရောက်မှုက အစာအိမ် အက်စစ်ထွက်ရှိမှုကို ကမောက်ကမ ဖြစ်လာပြီး ဗိုက်နာ ဗိုက်အောင့် စေပါတော့တယ်။ ဒါကြောင့် ထမင်းစားနေစဉ်မှာ ရေခဲရေ၊ သောက်ရေအေးတို့ဖြင့် မျှောမချဘဲ ဟင်းချိုပူပူ သို့မဟုတ် ရေနွေးဖြူ သို့မဟုတ် ရေနွေးကြမ်း တို့ဖြင့်သာ ထမင်းလုတ် မနင်အောင် မျှောချကြပါရန်နဲ့ ထမင်းစားပြီး အနည်းဆုံး နာရီဝက်ကျော် ကြာမှသာ သောက်ရေအေး သောက်ကြပါရန် အမေရိကန်ရှိ ကျန်းမာရေး သုတေသီ များက Daily Health Tips ခေါ် အင်တာနက် သတင်းမှာ အကြံပေးဖော်ပြ သွားပါတယ်။

သို့ပါ၍ ဤကျန်းမာရေး ဆောင်းပါးကို ဖတ်ရှုပြီးနောက် မိမိကိုယ်ကို ဆင်ခြင်ကြပြီး မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေများ အားလုံးကိုလည်း ကျန်းမာရေး အသိပေး မျှဝေပေးခြင်းဖြင့် လူ ၁ဝ ဦးမှာ အနည်းဆုံး တစ်ဦးကို အသက်ကယ်တင် နိုင်မှာဖြစ်ပါကြောင်း အသိပေး နှိုးဆော် လိုက်ရပါတယ်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger