www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 21, 2017

မျက်စိမှုန်ခြင်း


မျက်စိမှုန်ခြင်း

( ဒေါက်တာ လွင်သန့် )

လူသားတို့ခန္ဓာ ကိုယ်တွင်း စက္ခုအာရုံခံစားရာ မျက်စိဟာ အလွန်နူးညံ့ သိမ်မွေ့တဲ့ ကိုယ်အင်္ဂါတစ်ခု ဖြစ်တယ်။ အနီးအဝေးရှိ အရာဝတ္ထု မှန်သမျှကို ကြည်လင် ပြတ်သားစွာ မြင်နိုင်ဖို့ စွမ်းဆောင်နိုင်တယ်။

လူသားတို့ လူမှုအဆင့်အတန်း ဘဝအခြေအနေ တိုးတက်ဖွံ့ဖြိုး လာတဲ့နည်းတူ လူတို့ရဲ့မျက်စိ အသုံးပြုမှုဟာ ပိုမိုများပြား လာလို့ စက္ခုအာရုံဟာ ပိုပြီးအရေးကြီး လာတယ်။ မျက်စိကျန်းမာရေး အလေးမထားရင် မျက်စိ မမှုန်သင့်ဘဲ မှုန်လေ့ရှိကြတယ်။ ကလေးငယ်များ ဗီဒီယိုဂိမ်း၊ ဖုန်းဂိမ်း အဆော့များရင် မျက်စိမှုန်လာမယ်။

စက္ခုအာရုံ ခံစားရပုံ အဆင့်ဆင့်မှာ သာမန်မျက်စိမှာ အဝေးကလာတဲ့ အရာဝတ္ထုများရဲ့ ပုံရိပ်ဟာ စက္ခုမှန်ဘီလူး ကိုဖြတ်ပြီး စက္ခုအာရုံလွှာ ပေါ်ကို ကြည်လင်ပြတ်သား မြင်သာအောင် ကျလေ့ရှိတယ်။ အာရုံလွှာရဲ့ သဘောမှာ ဓာတ်ပုံဖလင် ကော်ပြားရဲ့သဘောနဲ့ အတူတူပဲ ဖြစ်တယ်။ ဓာတ်ပုံဖလင် ကော်ပြားရှိပုံရိပ်များ ဓာတ်ပုံရိုက်တဲ့ အခါ လာပြီးထင်သလို အာရုံလွှာပေါ်မှာ မျက်စိရှေ့မှာ ရှိတဲ့ အရာဝတ္ထုပုံရိပ်များ လာထင်တယ်။ ထင်ဟပ်လာတဲ့ အရိပ်တွေကို အာရုံကြောလွှာမှ ထွက်လာတဲ့ စက္ခုအာရုံကြော များရဲ့အကူအညီနဲ့ ဦးနှောက်ထဲ ပို့ပေးတယ်။ ယင်းနောက် ဦးခေါင်း အနောက်ဘက်ရှိ နောက်စေ့ ပိုင်းဦးနှောက်ရဲ့ Occipitalcortex ရှိ စက္ခုအာရုံခံစားရာ ဗဟိုဌာနမှ အဓိပ္ပာယ်ဖွင့်ဆို ပေးခြင်းက မျက်စိရှေ့မြင်ရတဲ့ အရာဝတ္ထုများရဲ့ ပုံသဏ္ဌာန်၊ အရောင်အဆင်း တို့ကို တိတိကျကျ ခွဲခြားနိုင်တယ်။

အနီးရှိ အရာဝတ္ထုများကို ကြည့်တဲ့အခါမှာ စက္ခုမှန်ဘီလူးရဲ့ ပုံသဏ္ဌာန် ပြောင်းလဲပေးခြင်းက မျက်စိရှေ့နားရှိ အရာဝတ္ထုများကို ပြတ်သားစွာ မြင်ရတယ်။ မျက်စိမှာ ပြောင်းလဲမှုသာမက မျက်စိကိုလည်း အတွင်းဘက် စောင်းပေးရသေးတယ်။ ယင်းပြောင်းလဲမှု နှစ်မျိုးလုံး အစဉ်အမြဲ ဒွန်တွဲပြီးရှိတယ်။

မျက်စိမှုန်တဲ့အခါ အနီးအဝေးရှိ အရာဝတ္ထုများ ကြည်လင် ပြတ်သားအောင် မမြင်ရဘဲ မျက်စိကိုလွန်စွာ အားစိုက်ရလို့ မျက်စိညောင်းခြင်း၊ ကိုက်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊ မျက်ရည်ပူကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ဇက်ကြောထိုး၊ နောက်ကြောတက်ခြင်း တို့ခံစားရလေ့ ရှိတယ်။ မျက်စိမှုန်ခြင်း ကြောင့် မအီမသာ ဖြစ်ခြင်း၊ စိတ်ဓာတ် အားလျော့ခြင်း၊ စိတ်ဆင်းရဲ ပင်ပန်းခြင်း၊ အိပ်မပျော်ခြင်း စတာတွေ ဖြစ်လာနိုင်တယ်။ မျက်စိမှုန်ပြီး မျက်စိ ညောင်းညာ ကိုက်ခဲလေ့ ရှိသူများဟာ အများအားဖြင့် တစ်ရက်တာ အလုပ်လုပ်ပြီး ညနေပိုင်း ပိုဖြစ်တတ်တယ်။

မျက်စိမှုန်ခြင်း အမျိုးမျိုးရှိတဲ့အနက် အဝေးရှိ အရာဝတ္ထုတို့ကို ကောင်းကောင်း မြင်ရပေမယ့် အနီးရှိ အရာဝတ္ထု တို့ကိုကြည်လင် ပြတ်သားစွာ မမြင်ရတဲ့၊ စာကောင်းကောင်း ဖတ်လို့မရတဲ့ မျက်စိမှုန်ခြင်းကို အနီးမှုန်လို့ ခေါ်တယ်။ တစ်ဖန် အနီးရှိအရာ ဝတ္ထုတွေကို ကောင်းကောင်းမြင်ရ ပေမယ့် အဝေးရှိအရာဝတ္ထု တို့ကို ကြည်လင် ပြတ်သားစွာ မမြင်ရရင် အဝေးမှုန်ခြင်းလို့ခေါ်တယ်။

မျက်ကြည်လွှာဟာ ညီညာတဲ့ စက်ဝိုင်းလုံး မျက်နှာပြင် မဖြစ်ခြင်း၊ မျက်စိမှန်ဘီလူး အခုံး မညီညာခြင်း၊ ချို့ယွင်းခြင်း တို့ကြောင့် ပြင်ပမှ မျက်စိမှန်ဘီလူးကို ဖြတ်ပြီးလာတဲ့ အလင်းတန်းများဟာ အာရုံလွှာပေါ်မှာ အစက် တစ်ခုတည်း စုပြီးပုံရိပ် မထင်လို့ မျက်စိမှုန် ရခြင်းလည်း အချို့သူများ ဖြစ်တတ်တယ်။ ယင်းအပြင် အတွင်းတိမ်၊ ရေတိမ်စတဲ့ မျက်စိရောဂါ တွေကြောင့် မျက်စိမှုန်ခြင်း ဖြစ်ရတတ်တယ်။

အနီးမှုန်

အနီးမှုန်ခြင်းဟာ အသက် ၃၅ နှစ် မှ ၄၀ နှစ်ကစလို့ မှုန်လေ့ရှိတယ်။ အသက်အရွယ် ကြီးရင့်လာတဲ့ အခါ စက္ခုမှန်ဘီလူးရဲ့ အနေအထားကို ပြုပြင်ပေးနိုင်တဲ့ စွမ်းရည် လျော့နည်းလာလို့ အနီးမှုန်လေ့ ရှိတယ်။ အသက် ၇ဝ ခန့်မှာ စက္ခုမှန်ဘီလူးရဲ့ အနေအထားကို ပြုပြင်နိုင်စွမ်း လုံးဝမရှိ သလောက်ဖြစ်တယ်။ ယင်းကို သက်ကြီး မျက်စိမှုန်ခြင်းလို့ ခေါ်တယ်။

အချို့မှာ မွေးကတည်းက အနီးမှုန်လာပြီး အသက် ၂ဝ နဲ့ ၄ဝ ကြားမှာ သက်သာနေကာ အသက် ၄ဝ ကျော်လာတဲ့အခါ ပြန်လည်မှုန် လာလေ့ရှိတယ်။ အထူးသဖြင့် ပန်းထိမ်လုပ်သားများ၊ ရေဒီယိုပြင်သူ၊ စက်ချုပ်သူ၊ စာဖတ်သူ တွေမှာ အနီးမှုန်ခြင်း ဖြစ်တတ်တယ်။ အနီးကြည့် လုပ်ငန်းများ လုပ်ကိုင်နေသူ၊ စာများများ ဖတ်သူတို့မှာ မျက်စိမှုန်ခြင်းကို ကျော်လွန်ပြီး ကြည်လင် ပြတ်သားစွာမြင်ရဖို့ မျက်စိစူးစိုက် ရလို့ မျက်စိကိုက်ခြင်း၊ ညောင်းခြင်းတို့ ဖြစ်လေ့ရှိတယ်။

အနီးမှုန်သူများဟာ စာကြာကြာ ဖတ်နိုင်ခြင်း မရှိကြပါ။ ခဏကြည့်ရုံနဲ့ မျက်စိညောင်း လာတယ်။ အနီးမှုန် သူများဟာ အနီးရှိ အရာဝတ္ထု တစ်ခုခုကို ကြည့်မယ်ဆိုရင် ထင်ရှားပြတ်သား အောင်မြင်ရဖို့ ယင်းကို ခပ်လှမ်းလှမ်း ထားပြီးကြည့် ရတယ်။ စာဖတ်ရာမှာလည်း အခြားသူတွေထက် စာအုပ်ကို မျက်စိနဲ့ဝေးဝေး ထားပြီးကြည့်ရတယ်။ အနီးမှုန်ခြင်းဟာ ရောဂါတွေကြောင့် မဟုတ်ဘူး။ အနီးရှိ အရာဝတ္ထုတွေ ကြည့်ဖို့ သဘာဝ ပုံမှန်အားဖြင့် စက္ခုမှန်ဘီလူးကို ယင်းနဲ့တွယ်ဆက် ထားတဲ့ ကြွက်သားငယ်တွေ ရဲ့စွမ်းရည်နဲ့ အနည်းငယ် ခုံးစေခြင်းဖြင့် ရူပဗေဒသဘော အရ အလင်းတန်းများ အာရုံလွှာပေါ်မှာ စုစည်းပြီး ကျရောက်တယ်။ အနီးမှုန်ခြင်းမှာ အသက်ကြီး လာတဲ့အခါ စက္ခုမှန်ဘီလူးဟာ ပျော့ပျောင်းမှု နည်းလာကာ ငယ်စဉ်ကလို လိုအပ်သလို ခုံးမပေးနိုင်လို့ ဖြစ်တယ်။ စက္ခုမှန်ဘီလူးကို ထိန်းထားတဲ့ အဓိကလှုပ်ရှား စေတဲ့ ကြွက်သားငယ်များဟာ တောင့်တင်း သန်မာစေမှု လျော့နည်းလာလို့ စက္ခုမှန်ဘီလူးကို လိုအပ်သလို ဆွဲဆန့်နိုင်ဖို့ အားနည်း လာခြင်းကြောင့်လည်း ဖြစ်တယ်။ အချို့ငယ်စဉ် ကတည်းက စက္ခုမှန်ဘီလူး အခုံးနည်းလို့ ဖြစ်တတ်တယ်။ မျက်စိအထူးကု ဆရာဝန်နဲ့ပြသကာ ပါဝါချိန်ယူ ရမယ်။

အဝေးမှုန်ခြင်း 

အဝေးမှုန်ခြင်းဟာ လူငယ်လူရွယ် ဘဝမှာဖြစ်လေ့ ရှိတယ်။ မျက်စိအိမ် သာမန်ထက် ကြီးမား နေလို့လည်းကောင်း၊ စက္ခုမှန်ဘီလူး အခုံးလွန်လို့ လည်းကောင်း အဝေးမှစက္ခု မှန်ဘီလူးကို ဖြတ်သန်းလာတဲ့ အလင်းတန်းတို့ရဲ့ ပုံရိပ်ဟာ အာရုံလွှာရဲ့ရှေ့မှာ စုစည်း ကျရောက်နေလို့၊ အာရုံလွှာပေါ်မှာ မကျရောက်လို့ အဝေးရှိ အရာဝတ္ထုတွေကို ထင်ထင်ရှားရှား မမြင်ရပါ။ ခန္ဓာကိုယ်ကြီးထွား လာသလို မျက်စိအိမ်လည်း ကြီးထွားလာတယ်။ အသက် ၂ဝ ကျော်တဲ့အခါ ခန္ဓာကိုယ် ကြီးထွားမှု တဖြည်းဖြည်း ရပ်တန့်လာကာ မျက်လုံးအိမ်လည်း ကြီးထွားမှု ရပ်တန့်လာလို့ ဆက်လက်ပြီး အဝေးမှုန်ခြင်း ဒီဂရီ သိပ်မတက်လှပါ။ အသက် ၄ဝ ကျော်လာရင် အကြောင်း အမျိုးမျိုးကြောင့် စက္ခုမှန်ဘီလူး အခုံးလျော့နည်း လာကာ အဝေးမှုန်ခြင်း သက်သာလာလေ့ ရှိတယ်။ အချို့မျက်မှန်လွတ် သွားတယ်။

အဝေးရှိအရာဝတ္ထုကို ကြည်လင်ပြတ်သားစွာ မတွေ့မြင်နိုင်လို့ မျက်လုံးကိုအားစိုက်ပြီး ကြည့်ရဖန် များလာတဲ့အခါ မျက်စိညောင်းခြင်း၊ ခေါင်းကိုက်ခြင်း ဖြစ်လေ့ရှိတယ်။ အဝေးမှုန်ခြင်း ဖြစ်ခါစမှာ မျက်စိကို မသိမသာအားစိုက် ပြီး ကြည့်လို့ အဝေးမှုန်တာ မသိသာပါ။ နေမကောင်းစဉ်၊  နာလန်ထစအချိန် တို့မှာ မျက်စိညောင်းခြင်း၊ ကိုက်ခြင်း သိသာလေ့ရှိတယ်။

အဝေးမှုန်တဲ့ လူငယ်တွေဟာ အနီးကြည့်လုပ်ငန်း တွေမှာ အားစိုက်ကြည့်ဖို့ မလိုလို့ မျက်စိ အပြင်ဘက်ကို အနည်းငယ်စွေထွက် တတ်တယ်။ ငယ်စဉ်ကပင် မျက်မှန် တပ်ဆင်ဖို့ လိုအပ်ပါက မတပ်မိလို့ ကြီးပြင်းလာတဲ့ အခါ မျက်စိအလွန်မှုန်ပြီး မြင်အားပြတ်ကာ ကုသဖို့အလွန် မလွယ်ကူလှတဲ့ အခြေအနေ ရောက်ရှိသွားနိုင်တယ်။ အဝေးမှုန်နေသူ များမှာ အဝေးရှိ အရာဝတ္ထုကို ကြည်လင်အောင် မြင်ဖို့ မှန်ဘီလူးခွက် မျက်မှန် တပ်ပေးသင့်ပါတယ်။ အခြား စက္ခုမှန်ဘီလူးနဲ့ မျက်ကြည်လွှာတို့ မျက်နှာပြင် မညီညာလို့ဖြစ်တဲ့ မျက်စိမှုန်သူတို့မှာ မျက်စိကိုအလွန် အားစိုက်ကြည့်ရလို့ မျက်စိညောင်းခြင်း အပြင် ဇက်ကြောတက်ခြင်း ဖြစ်လေ့ရှိတယ်။ ၉ဝ ရာခိုင်နှုန်းဟာ မွေးစ ကတည်းက မျက်စိချို့ယွင်းမှု ပါလာလို့ အနည်းနဲ့အများ ပြောင်းလဲမှုရှိတယ်။

ယင်းမျက်စိမှုန်ခြင်း မျိုးမှာ အာရုံလွှာပေါ်မှာ ပုံရိပ် ထင်ထင်ရှားရှား စုစည်းကျရောက် စေဖို့ အထူးပြုပြင် ထားတဲ့ စလင်ဒါပါဝါပါတဲ့ မျက်မှန်မျိုး တပ်ပေးရတယ်။ မျက်စိမှုန်ရင် လူတိုင်း မျက်စိအမြင် ကြည်လင် ပြတ်သားခြင်း မရှိလို့ မကြာခဏ မျက်စိညောင်း၊ ဇက်ကြောတက်၊ ခေါင်းကိုက်ခြင်း ဖြစ်နေရင် ကျွမ်းကျင်တဲ့ မျက်စိရောဂါ အထူးကုဆရာဝန်နဲ့ ပြသရမယ်။ 

မျက်မှန်တပ်ခြင်းနဲ့ ပတ်သက်ပြီး ၂၁ ရာစု ဒီဘက်ပိုင်း ဂိမ်းဆိုင်တွေ၊ ဟန်းဆက်က ဂိမ်းတွေနှိပ်ရင်း စလင်ဒါစောင်းတဲ့ ကလေး ကစောင်း၊ အဝေးမှုန်တဲ့ ကလေးကမှုန်၊ မျက်စိအထူးကုတွေ ပိုပြီးအလုပ်ရှုပ်တဲ့ ကာလတစ်ခုကို ရောက်လာပါတယ်။ မျက်မှန်တပ်ရလို့ အမြင်ကြည်လင် သွားရင် မှန်မှန်ကန်ကန် အသုံးပြုတတ်ရမယ်။ အတိုင်းထက် အလွန် ဂိမ်းဆော့ခြင်း မပြုစေသင့်ပါ။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page