www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 21, 2017

ဂျပန်နိုင်ငံမှ လှူဒါန်းသည့် သင်္ဘောဖြင့် စစ်တွေ-ကျောက်ဖြူ-တောင်ကုတ် လမ်းကြောင်းကို ပြေးဆွဲမည်



စစ်တွေ ၊ ၂၁-၃-၂၀၁၇

ရခိုင်ကမ်းရိုးတန်းတွင် ပြေးဆွဲရန်အတွက် ဂျပန်နိုင်ငံအစိုးရမှ လှူဒါန်းသည့် ကစ္ဆပနဒီ(၁) ကမ်းရိုးတန်းသွား သင်္ဘောဖြင့် စစ်တွေ -ကျောက်ဖြူ- တောင်ကုတ် ခရီးစဉ်လမ်းကြောင်း ကို ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

ကစ္ဆပနဒီ(၁) ကမ်းရိုးတန်းသွား သင်္ဘောသည် မတ် ၁၄ ရက် ညနေပိုင်းက ရခိုင်ပြည်နယ်သို့ ရောက်ရှိလာပြီး လက်ရှိအချိန်တွင် ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်း၌ ကမ်းကပ်၍ သင်္ဘောအသုံးပြုပုံ နည်းစနစ်များကို မြန်မာသင်္ဘော အင်ဂျင်နီယာများက လေ့လာ သင်ကြားလျက် ရှိရာ လေ့လာသင်ကြားပြီး ပါက မတ် ၂၉ ရက်တွင် စစ်တွေမြို့၌ သင်္ဘောလွှဲပြောင်း ပေးအပ်ပွဲကို ကျင်းပမည်ဖြစ်ကာ သင်္ကြန်ကာလ မတိုင်မီ ကစ္ဆပနဒီ(၁) သင်္ဘောဖြင့် ခရီးစဉ်များကို စတင် ပြေးဆွဲနိုင်ရန် စီစဉ်လျက် ရှိကြောင်း ရခိုင်ပြည်နယ် ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးထင်ကျော် က ပြောသည်။

အဆိုပါသင်္ဘော ပြေးဆွဲမည့် လမ်းကြောင်းသည် ၂ဝ၁၅ ခုနှစ် မတ်လအတွင်းက ကျောက်ဖြူမြို့အနီး အောင်တံခွန်(၃) သင်္ဘော မတော်တဆမှု ဖြစ်ပွားပြီးနောက်ပိုင်း ပြည်တွင်း ရေကြောင်းပိုင် သင်္ဘောများ ပြေးဆွဲမှု ရပ်နားခဲ့သည့် လမ်းကြောင်းဖြစ်ပြီး ပုဂ္ဂလိကပိုင် ရှပ်ပြေး အမြန်ရေယာဉ် များကိုသာ အားထားနေရသဖြင့် ရေကြောင်းခရီးဖြင့် သွားလာရာတွင် ကုန်ကျစရိတ် များပြားနေကြောင်း ဒေသခံများက ပြောသည်။

ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ကစ္ဆပနဒီ(၁) သင်္ဘောကို အလူမီနီယံ ကိုယ်ထည်ဖြင့် ပြုလုပ်ထားပြီး ခရီးသည် ၁၄၅ ဦး တင်ဆောင်နိုင်ကာ တစ်နာရီလျှင် ရေမိုင် ၂ဝ မောင်းနှင်နိုင် သောကြောင့် ယခင်က ပြည်တွင်း ရေကြောင်းပိုင် သင်္ဘောများဖြင့် ညအိပ် သွားရောက်ခဲ့ ရသည့် ခရီးစဉ်များကို နေ့ချင်းပေါက် သွားရောက် နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ကမ်းရိုးတန်း တွင် ပြေးဆွဲရန် အတွက် ဂျပန်နိုင်ငံမှ ကမ်းရိုးတန်းနှင့် မြစ်တွင်းသွား သင်္ဘောသုံးစင်း လှူဒါန်းသွားမည် ဖြစ်ပြီး ယခုနှစ်မေလတွင် သင်္ဘောတစ်စင်း၊ ၂ဝ၁၈ ခုနှစ်တွင် သင်္ဘောတစ်စင်း ရခိုင်ပြည်နယ်သို့ ထပ်မံရောက်ရှိ လာမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် နေထိုင်သည့် ဒေသခံပြည်သူများ လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေစေရန် အတွက် အဆိုပါသင်္ဘော များဖြင့် စစ်တွေ- ကျောက်ဖြူ- တောင်ကုတ် ခရီးစဉ် သာမက စစ်တွေ- ပေါက်တော- မြေပုံ ခရီးစဉ် များကိုလည်း တိုးချဲ့ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger