www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 21, 2017

ထရမ့်က ရှီကျင့်ဖျင်နှင့် တွေ့ချင်နေတာဘာကြောင့်လဲ


ထရမ့်က ရှီကျင့်ဖျင်နှင့် တွေ့ချင်နေတာဘာကြောင့်လဲ

( ရှိန်းထက် ဘာသာပြန်သည်။ )

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်တေလာဆင်၏ ပထမဆုံး အာရှ သုံးနိုင်ငံ ခရီးစဉ်မှာ တရုတ်နှင့် နောက်ဆုံး တွေ့ဆုံပြီးနောက် ပြီးဆုံးသွားပြီ ဖြစ်သည်။ ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်ခရီးစဉ် အားလုံးတွင် ထိပ်ဆုံး၌ နေရာယူ ထားသည့် ခေါင်းစဉ်က မြောက်ကိုရီးယား အရေးပင် ဖြစ်သည်။

ဂျပန်နှင့် တောင်ကိုရီးယားသို့ မဟာမိတ် ခရီးစဉ်အဖြစ် သွားရောက်ပြီး တရုတ်ကိုမူ ပြိုင်ဘက်အပေါ် ဖိအားပေး နိုင်ရေး၊ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး အတွက် ဖြစ်သည်။ အမေရိကန်တွင် သမ္မတသစ် ဒေါ်နယ်ထရမ့် အစိုးရ တက်လာပြီး ကတည်းက အိုဘားမား လက်ထက်၌  တင်းမာမှု အမြင့်ဆုံး ဖြစ်ခဲ့သော တောင်တရုတ် ပင်လယ်ပြင် အရေးမှာ သွေးအေး နေသည်။ တရုတ်တို့ ဘက်မှလည်း လှုပ်လှုပ်ရှားရှား မလုပ်သကဲ့သို့ ထရမ့်ဘက် ကလည်း ထို့အတူပင်ဖြစ်၏။ 

သို့သော်လည်း ထရမ့်က သူသမ္မတ မဖြစ်ခင် ကတည်းကပင် တောင်တရုတ် ပင်လယ်ပြင် အရေးကို ပြတ်ပြတ်သားသား ကိုင်တွယ်မည်ဟု ကြေညာထား ပြီးသား ဖြစ်သည်။ ယခုတေလာဆင်နှင့် ဝမ်ယီတို့ တွေ့ဆုံပွဲတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ထရမ့်က တွေ့ဆုံချင် နေကြောင်း ပြောလာသည်။ ထရမ့် ဘာကြောင့်တွေ့ ချင်နေလဲ ဟု မေးခွန်း ဖြစ်လာသည်။

နိုင်ငံခြားရေးဝန်ကြီး တေလာဆင်၏ အာရှခရီးစဉ် မတိုင်မီကပင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ထရမ့်တို့ ဖုန်းပြောထားပြီး ဖြစ်သည်။ ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံ ခေါင်းဆောင် အချင်းချင်း ဖုန်းပြောမှုကို နာရီနှင့်ချီ ကြာသည်ဟု သတင်းများ ထွက်နေပြီး တရုတ်ဘက် ကလည်း ထရမ့်ကို သူ့အပေါ် အလေးထားသည် ဟုထင်အောင် ပြသနေသည်ဟု ဝေဖန်နေ ကြသည်။

ထရမ့်လက်ထက် အပြောင်းလဲကြီး ပြောင်းလဲသွားသည့် ကိစ္စက အိုဘားမား လက်ထက်တွင် တရုတ်ကို ခပ်ပျော့ပျော့ ကိုင်သည်။ တရုတ်က ခပ်မာမာ တုံ့ပြန်သည်။ ထရမ့်လက်ထက် ကျတော့ တရုတ်ကို ထရမ့်က ခပ်မာမာ ကိုင်သည်။ တရုတ်က ခပ်ပျော့ပျော့ တုံ့ပြန်သည်။  မြောက်ကိုရီးယား အရေးကို ဥပမာ ကြည့်မည်ဆိုလျှင် တောင်ကိုရီးယားကို ရောက်တုန်းရောက်ခိုက် တေလာဆင်က မြောက်ကိုရီးယား အရေးနှင့် ပတ်သက်၍ စစ်ရေးအရ ဖြေရှင်း သင့်ပါက ဖြေရှင်းမည်ဟု ဆိုခဲ့သူ ဖြစ်သည်။ 

တရုတ်ကို ရောက်တော့ ဝမ်ယီက မြောက်ကိုရီးယား အရေးကို  စိတ်အေး လက်အေးထားပြီး ကိုင်တွယ် သင့်သည်ဟု ဆိုပြန်သည်။ တစ်ဖန်ထရမ့် သမ္မတ မဖြစ်မီ ကုန်သွယ်ရေးတွင် တရုတ်ပစ္စည်း များကို အခွန်တိုး ကောက်မည်၊ တရုတ်မှာ ရှိနေသည့် အမေရိကန်၏ ရင်းနှီး မြှုပ်နှံမှု အားလုံးကို သူ့နိုင်ငံ ပြန်ခေါ်မည် စသည်ဖြင့် ခပ်ကြမ်းကြမ်း ကိုင်ခဲ့သည်။ 

တရုတ်တို့ ဘက်ကတော့ တစ်စုံတစ်ရာ ပြောဆို တုံ့ပြန်ခြင်း မပြုဘဲ ငြိမ်နေခဲ့သည်။အိုဘားမား လက်ထက်တွင် အမေရိကန်က တစ်ခုပြောလျှင် တရုတ်က နှစ်ခု ပြန်ပြောလေ့ ရှိသည်။အိုဘားမား အစိုးရ၏ နောက်ဆုံး  လက်ကျန် အချိန်တွင် တရုတ်က တောင်တရုတ် ပင်လယ်ပြင်တွင် ချထားသည့် အမေရိကန် ရေအောက် ဒရုန်းကို ဖမ်းသွား သေးသည်။ 

တရုတ်၏ စစ်ရေးအရ အမေရိကန်ကို သွေးတိုး စမ်းခြင်း ဖြစ်သည်။ ထရမ့် အစိုးရ သက်တမ်း သုံးလခန့် ရှိလာသည့် အချိန်ထိတော့ တရုတ်ဘက်က အမေရိကန်ကို စစ်ရေး အရရော စီးပွားရေး အရပါ ထိပ်တိုက် တွေ့ဆုံရမည့် လုပ်ရပ်မျိုးကို မလုပ်သေးပေ။ တရုတ်တို့ အချိန်ပေးပြီး ထရမ့်ကို စောင့်ကြည့် နေခြင်း ဖြစ်သည်။ ကြိုတင်တွေး ထားသည့်အတိုင်း ထရမ့်ကို ခပ်ကြမ်းကြမ်း လူကြမ်းမင်းသား အဖြစ် ယခုအချိန်ထိ မြင်နေတုန်းပဲ ဖြစ်သည်။ 

အကယ်၍ ထရမ့်နှင့် ရှီကျင့်ဖျင်သာ ထိပ်တိုက်တွေ့ဆုံ ပြီးသွားလျှင် အခြေအနေက တစ်မျိုးပြောင်းလဲ သွားနိုင်သည်။ ထို့ကြောင့် အပြောင်းအလဲကို မြင်သာရန် ထရမ့်နှင့် ရှီကျင့်ဖျင် တွေ့ဆုံပြီးမှ ဖြစ်နိုင်သည် ဟုပင် မျှော်လင့်စရာ ဖြစ်လာသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံက စစ်ရေး၊ နိုင်ငံရေး သြဇာအရ ရှိန်နေကြသည်။ ထရမ့်က သူ့သမ္မတ သက်တမ်း ပထမသုံးလ အတွင်းမှာပင် အမှန်တကယ် ဟိတ်လုံးတစ်ခု ချပြခဲ့သည်။

စစ်ရေးကို အတောင့်တင်းဆုံး အားဖြည့်မည်ဟု ဆိုထားသည့် သူ့ဟိတ်လုံး အတိုင်း အမေရိကန် စစ်အသုံး စရိတ်ကို ၂ဝ၁၇ ခုနှစ်အတွက် အမေရိကန် ဒေါ်လာ ၅ဝ ဘီလီယံ ကျော်မြှင့် တင်ခဲ့သည်။ တရုတ်က ၇ ရာခိုင်နှုန်းပင် မြှင့်နိုင်သည့် အချိန်တွင် ထရမ့်က သူ့အသုံး စရိတ်ကို ရာခိုင်နှုန်း ဆယ်နှင့်ချီ မြှင့်တင်ခဲ့သည်။ စစ်ရေးကို ဦးစားပေး ဆိုသည့်အတိုင်း တရုတ်တို့ ကလည်း ယခင်က ပုံစံအတိုင်း စစ်ရေး မဟုတ်သည့် အရာများကို ဖြတ်တောက်ပြီး စစ်ရေးကိုသာ ပုံအော ပေးခဲ့သည်။ 

ထို့ကြောင့် နိုင်ငံခြားရေး အကူအညီနှင့် သဘာဝ ပတ်ဝန်းကျင် ဘက်တွင် အမေရိကန် ရန်ပုံငွေနှင့် အကူအညီများ ရာခိုင်နှုန်း ဆယ်နှင့်ချီ ရပ်တန့်သွားခဲ့ ရတော့သည်။ ဒီမိုကရက်တို့နှင့် အမေရိကန် ပြည်သူတို့ ဝေဖန်မှု ပေါင်းစုံ ကြားထဲကပင် ဖြစ်အောင်လုပ်ခဲ့ ခြင်းဖြစ်သည်။ ပြောသည့် အတိုင်း တကယ်လုပ် သည့်ထရမ့်ကို တရုတ် နည်းနည်းတော့ လန့်ရသည်။

ထို့ကြောင့် တောင်တရုတ် ပင်လယ်ပြင် အရေးကို ခဏငြိမ်သက်ထားခဲ့ ခြင်းဖြစ် ဟန်တူသည်။ သမ္မတ ရှီကျင့်ဖျင် ကလည်း ထရမ့်ကို အနီးကပ် အကဲခတ် နိုင်မည့်အရေး သူနှင့်တွေ့ရန်ကို လိုလား နေသည်။ တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေး စစ်ပွဲဖြစ်မည်ဟု နာမည်ကြီး ခဲ့သော  ခေါင်းကြီးပိုင်း ကလည်း ထိုအခါကျမှ အနည်းငယ် ပြတ်ပြတ်သားသား သိကြရမည် ဖြစ်သည်။ 

ယခုအချိန်တွင် တရုတ်တို့ အိုဘားမား လက်ထက်နှင့် ဆန့်ကျင်စွာ အမေရိကန်၏ အရိပ်အကဲကို လိုက်ကြည့် နေရသည်။ ယခင် ထရမ့်က ရှီကျင့်ဖျင်နှင့် တွေ့ချင်နေတာ ဘာကြောင့်လဲ တရုတ်တို့ နင်းလျှောက် ခဲ့ဖူးသည့် လမ်းကြောင်းဖြစ်သော အမေရိကန်က တစ်ဆိုလျှင် သူတို့ကနှစ်ဟု ဆန့်ကျင်ဘက် ဆိုတတ်သည့် လမ်းကြောင်းကို ထရမ့်က ပြန်နင်းလျှောက် နေခြင်းဖြစ်သည်။ ထို့ပြင် သူအားကိုး ခဲ့ရသည့် သူ၏သွေးသောက် မဟာမိတ်ကြီး ရုရှားကလည်း ထရမ့်နှင့်ကျမှ မိတ်ဆွေ ရင်းချာကြီး များကဲ့သို့ ဖြစ်နေပြန်သည်။

ထို့ကြောင့် ဘက်မျှ သွားသော မဟာမိတ်နှင့် တရုတ်-အမေရိကန် ယှဉ်ပြိုင်ရေးက အင်အားချင်း ညီမျှနေ တော့သည်။ အမေရိကန် စီးပွားရေး တိုးတက်မှု ၃ ရာခိုင်နှုန်း ဝန်းကျင်တွင် ရှိနေသော်လည်း တရုတ် စီးပွားရေးက တဖြည်းဖြည်း ကျဆင်းလာ နေသောကြောင့် ၂ဝ၃ဝ ပြည့်နှစ်တွင် ကမ္ဘာ့ ပထမ စီးပွားရေး နေရာကို တရုတ်က အမေရိကန်ကို ကျော်ပြီး ရသွားမည် ဆိုသည့် ခန့်မှန်းချက် ကလည်း တဖြည်းဖြည်းနှင့် မှေးမှိန်လာ နေသည်။

စီးပွားရေး သမား သမ္မတ ၏ နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေး ဗျူဟာများက တရုတ်တို့ ယခင် တွေ့ခဲ့ဖူးသည့် အမေရိကန် သမ္မတ တို့နှင့်မတူ။ ထိုကြားထဲ မထင်လျှင် မထင်သလို လုပ်တတ်ပြီး သူ့နိုင်ငံ ထဲမှာတင် အမျိုးသမီး သိန်းချီ၏ ဆန္ဒပြမှု ကိုလည်း ခံထားရသည်။ ထိုအရေးကိုပင် ထရမ့်က အရေးမစိုက် သူ့ဥပဒေ အဖွဲ့ ကသာ သူပြော သမျှကို နောက်ကလိုက်ကာ ဖာထေးနေရပြီး သူကတော့ လုပ်ချင်တာကိုသာ တစိုက်မတ်မတ် ဆက်လုပ်နေသူ ဖြစ်သည်။ 

တွစ်တာမှာလည်း သူရေးချင်ရာ ရေးတတ်ပြီး တရုတ်ဆိုလျှင် သူ့ရန်ဘက် အဖြစ်မြင်အောင် ဖန်တီးတတ်သော ထရမ့်ကို တရုတ်တို့ မပြတ်စောင့်ကြည့် နေရပြီး ရပ်တန့်နေ ခဲ့သော တင်းမာမှုကို ထပ်တင်း သွားမလား၊ လျော့သွားမလား ကိုလည်း ရှီကျင့်ဖျင်သိချင် နေသည်။ 

ထို့ကြောင့် စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေး ကဏ္ဍအတွက် ပိုမိုတိကျသည့် အဖြေတစ်ခု ရရှိရန် သမ္မတ ရှီကျင့်ဖျင် ထရမ့်နှင့် တွေ့ဆုံချင် နေခြင်း ဖြစ်ပြီး ထရမ့်ကတော့ သူ့ကစားကွက် ဗျူဟာနှင့် တရုတ်ကို မည်မျှအထိ ထပ်ဖိအား ပေးနိုင်မလဲ ဆိုသည်ကို သိချင် သောကြောင့်  တွေ့ဆုံ ချင်နေခြင်း ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက် ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger