www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 6, 2017

တရုတ်နှင့် ဆက်ဆံရေးဆိုးရွားလာသည့် တောင်ကိုရီးယား


Sketch Map Showing THAAD Missile and Its X-Band Radar's 
Detection and Tracking Range

The U.S. and the South Korea plan to deploy the THAAD system by the end of 2017. 
China says it threatens its national security.

( ရှိန်းထက် ဘာသာပြန်သည်။ )

၂ဝ၁၆ ခုနှစ်ကို တောင်ကိုရီးယား၏ နိုင်ငံရေး အလဲအကွဲနှစ် တစ်နှစ်ဟု ခေါင်းစဉ်တပ်ရမည် ဖြစ်သည်။ သမ္မတနှင့် သူ၏အကြံပေးတို့ ငွေကြေး အရှုပ်တော်ပုံ လူသိရှင်ကြား ထွက်ပေါ်လာပြီး နိုင်ငံ၏ အဓိကစီးပွားရေး လုပ်ငန်းကြီး ဖြစ်သော Samsung ကုမ္ပဏီဥက္ကဋ္ဌ ပါ ထိုကိစ္စထဲ၌ ပါဝင်ပတ်သက် ခဲ့သည်။

ကိုယ့်ပြည်တွင်းမှ အရှုပ်ထုပ်ကို မရှင်းနိုင်မီမှာပင် ပြည်ပရေးရာ ကိစ္စများက ထပ်ဖြစ်လာပြန်သည်။ နိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက် ဖြစ်သော တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တင်းမာလာခြင်း ဖြစ်သည်။ တရုတ်အွန်လိုင်း ဝက်ဘ်ဆိုက်များတွင် တောင်ကိုရီးယားမှ အနုပညာ လုပ်ငန်းများကို ပိတ်ပင်တားမြစ် လာသည်။ သီချင်းအစ ရုပ်ရှင်ဇာတ်ကားများ အဆုံး ပြသခွင့် ပိတ်ပင်တော့မည် ဟု တရုတ်၏ အကြီးဆုံး ဝက်ဘ်ဆိုက်များက ဆိုလာကာ နိုင်ငံရေး အရ ပြိုင်ဆိုင်မှု ဖြစ်လာသည်။

ထိုအချိန်တွင် တောင်ကိုရီးယား၌ ငွေကြေး အရှုပ်တော်ပုံနှင့် ပတ်သက်၍ ဆန္ဒပြမှုများက မပြီးဆုံးနိုင်သေးဘဲ ပြည်တွင်းရေး ပြိုကွဲမှုများလည်း ဖြစ်နေပြန်သည်။ သမ္မတပါ့ခ် ကို ထောက်ခံသူများနှင့် ကန့်ကွက်သူ များက မတ် ၁ ရက်တွင် ကျရောက်ခဲ့သည့် တောင်ကိုရီးယား လွတ်လပ်ရေးနေ့၌ အပြိုင်အဆိုင် ဆန္ဒပြကြသည်။ ထောက်ခံသူများက နည်းနည်း၊ သမ္မတကို တရားစွဲမည့်သူ များက များများနှင့် မကြာမီမှာပင် သမ္မတကို တရားစွဲဖို့၊ မစွဲဖို့ လွှတ်တော်က ဆုံးဖြတ် ရတော့မည် ဖြစ်သည်။

တရားစွဲဖို့ လွှတ်တော်ကသာ ဆုံးဖြတ်ခဲ့လျှင် မကြာမီ ရွေးကောက်ပွဲ ကျင်းပကာ သမ္မတနေရာကို အစားထိုးရမည် ဖြစ်ပြီး တရားမစွဲလျှင် သမ္မတပါ့ခ် သက်တမ်း ကုန်ဆုံးချိန် ၂ဝ၁၈ ခုနှစ် ရောက်မှသာ ရွေးကောက်ပွဲကို ပုံမှန်ကျင်းပမည် ဖြစ်သည်။ ယခု နိုင်ငံသမ္မတ နေရာကို ဝန်ကြီးချုပ် ကွမ်ကျိုအမ်း က ယာယီတာဝန်ယူ ထားပြီး အခြေအနေကို ထိန်းထားသည်။

ပြည်တွင်း အရှုပ်တော်ပုံ ပြဿနာများကို ပင် နိုင်အောင် မရှင်းနိုင်သည့် ကြားထဲ တရုတ်နှင့်လည်း နိုင်ငံခြားရေး ပြဿနာ ထပ်ဖြစ် နေပြန်သည်။ တောင်ကိုရီးယား တွင် သမ္မတ ပါ့ခ်ဂွမ်ဟေး ထောက်ခံမှုဖြင့် ချထားမည့် ဒုံးခွင်းဒုံးစနစ် သည် အာရှ နှင့် ဥရောပကို ချိတ်ဆက်ထားသည့် အင်အား အကောင်းဆုံး ဒုံးစနစ်ဖြစ်ပြီး လိုအပ်ပါက တရုတ်နိုင်ငံ အထိပင် သူ့စနစ်ကို ထဲထဲဝင်ဝင် ရောက်နိုင်သည့် အတွက် တရုတ်တို့က အကြီးမားဆုံး ကန့်ကွက်ထားသည်။

ထို့ပြင် THAAD ချထားမည်ဆိုလျှင် တောင်ကိုရီးယားနှင့် တရုတ်ကြား ဆက်ဆံရေးကို ထိခိုက်လာနိုင်သည် ဟု တရုတ်အစိုးရက တောင်ကိုရီးယားကို သတိပေးထားကာ အမေရိကန်ကို ဖိအားပေး မရသည့်အဆုံး တောင်ကိုရီးယား ဘက်သို့လှည့်လာ ခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားသည် ယခင်က တရုတ်နှင့် တင်းမာမှုကို သတိကြီးစွာထားပြီး ကိုင်တွယ်ခဲ့သည်။

တစ်ဖက်တွင်လည်း အကြီးမားဆုံး စီးပွားရေး ကုန်သွယ်ဖက်၊ တစ်ဖက်တွင်လည်း အကြီးမားဆုံး စစ်ရေးမဟာမိတ်၊ ထိုအကြီးမားဆုံး နှစ်ဦးကလည်း အကြီးမားဆုံး ရန်သူတော်နှစ်ဦး၊ ထိုကြားထဲတွင် ဘက်ညီအောင် တောင်ကိုရီးယား တို့ စည်းချက်ညီညီနှင့် လိုက်ကရသည်။ ယခုတော့ မြောက်ကိုရီးယား အရေးကြောင့် ထိုဟန်ချက် ပျက်သွားပြီဖြစ်သည်။

ပြည်တွင်းဆန္ဒပြသူ များက သမ္မတ ပါ့ခ်ဂွမ်ဟေး အနေဖြင့် မြောက်ကိုရီးယား ၏ နျူကလီးယား ခြိမ်းခြောက်မှု လျော့ကျသွားစေရန် မစွမ်းဆောင် နိုင်သောကြောင့် ဖြစ်ရသည့် ပြဿနာဟု ဆိုသည်။ တောင်ကိုရီးယား တွင် နိုင်ငံရေးသမား တိုင်းနှင့် ပြည်သူတိုင်းသည် သူတို့အစိုးရကို ရွေးချယ်မဲပေးလျှင် မြောက်ကိုရီးယား အရေးကို ထိပ်ဆုံးထား စဉ်းစားပြီးမှ မဲပေးကြသည်။

သမ္မတပါ့ခ်ကိုလည်း မြောက်ကိုရီးယား အရေး အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်မည့်သူ အဖြစ်မြင်ပြီး သေချာစွာ ရွေးချယ်မဲပေး ခဲ့ခြင်းဖြစ်သည်။ ယခုတော့ သူတို့အထင်က လွဲသွားသည့်အပြင် မြောက်ကိုရီးယား နှင့်ပင် တင်းမာမှုပိုမို မြင့်တက်သွားပြီး နျူကလီးယား လမ်းကြောင်းပေါ်သို့ပင် ရောက်ရှိလာကာ THAAD ချထားရေး အထိပင် ရောက်ရှိလာသည်။

ယခု အခြေအနေကလည်း THAAD ချမထား၍မရသည့် အခြေအနေ ဖြစ်နေသောကြောင့် တရုတ်နှင့် ဆက်ဆံရေး တင်းမာ လာရခြင်းဖြစ်သည်။ တရုတ်ကတော့ အပြင်းထန်ဆုံးကန့်ကွက် ထားပြီး ပြောမရလျှင် ကုန်သွယ်ရေးဘက်ကို လှည့်မည့်ပုံစံများပင် လုပ်ပြနေသည်။ ထို့ကြောင့် တောင်ကိုရီးယား ပြည်သူတို့ စိုးရိမ်နေရခြင်း ဖြစ်သည်။

စီးပွားရေးဘက်တွင် THAAD စနစ် တစ်ခုတည်းဖြင့် ဒေါ်လာဘီလီယံနှင့်ချီ အရှုံးပေါ်တော့မည်။ ပြည်တွင်းနိုင်ငံရေး လောကတွင်လည်း THAAD တစ်ခုတည်း နှင့်ပင် ဆုံးဖြတ်နိုင်သည့် အနေအထားတွင် ရောက်နေသည်။ ထို့ကြောင့် ပြည်တွင်း အဓိကနိုင်ငံရေးပါတီ သုံးခုက THAAD အရေးကို အလယ်အလတ် သဘောထား၍ ဆုံးဖြတ်ကြရသည်။ အများစုကတော့ ချထားမည်လည်း မဟုတ်၊ မချထားမည်လည်း မဟုတ်။ သမ္မတ ရွေးကောက်ပွဲ ပြီးမှသာ ဆုံးဖြတ်ရန် အားသာနေကြသည်။ ယခုအချိန် သူတို့ ဆုံးဖြတ်လိုက်လျှင် သူတို့မဲ ရလဒ်က ထိုဆုံးဖြတ်ချက် ပေါ်မူတည်ပြီး ပြောင်းပြန်ဖြစ် သွားနိုင်သောကြောင့် ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး သုံးခုစလုံးနှင့် သွားနွယ်နေသည့် THAAD သည် တောင်ကိုရီးယား တစ်နိုင်ငံလုံးကို အဓိက အပြောင်းအလဲ ဖြစ်လာစေနိုင်သည့် အရာဖြစ်သည်။

ချထားမည်ဟု ချက်ချင်းဆုံးဖြတ်လျှင် တရုတ်နှင့် ဆက်ဆံရေးက ယခုထက်ပိုဆိုးရွား သွားမည်ဖြစ်ပြီး တောင်ကိုရီးယား စီးပွားရေး ကျဆင်းလာမည်မှာ ကျိန်းသေနေသည်။ နောက်ဆုံး တရုတ်တို့ မထိနိုင်ဟု ဝေဖန်ခံထားရသည့် ကုန်သွယ်ရေးဘက် ကိုပင် လှည့်လာနိုင်သည်။ ထို့ကြောင့် ယခု အခြေအနေတွင် အကောင်းဆုံးဟု ဆိုနိုင်သည့် အဖြေသည် တောင်ကိုရီးယား နိုင်ငံရေးသမားတို့ လက်ခံ ထားကြသည့် ရွေးကောက်ပွဲပြီးမှ THAAD ကိုချထားမည့် အဖြေဖြစ်ပြီး ထိုသို့မဟုတ်ပါက တရုတ်နှင့်လည်း ပိုမိုတင်းမာ လာနိုင်ကာ ပြည်တွင်းရေးလည်း မရှင်းနိုင်သေး သဖြင့် တောင်ကိုရီးယား အတွက် နစ်နာမှုများ နှင့်သာ တွေ့ကြုံရနိုင် ပါကြောင်း တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger