www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 16, 2017

မန္တလေးကို မည်သူဖျက်


တံတိုင်းမီးတားပြာသာဒ် နှင့် မင်္ဂလာတံတားကြီး တို့ကို ရှေးမူအတိုင်း တွေ့ရစဉ်

( ဆူးငှက် )

အုတ်၊ ကျစ်၊ ကျော်၊ အေး၊ မန္တလေး ဟူသောရာဇဝင် သင်္ကေတအရ ၁၂၂၁ခုနှစ် ကဆုန်လ ပြည့်ကျော် ၇ရက်တွင် ခုနစ်ဌာနနှင့် တစ်ပြိုင်နက် တည်ခဲ့သော မန္တလေးမြို့သည်  ၁၂၄၇ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော်  ၈ ရက်တွင် ပျက်ခဲ့သည်။ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်း ဟူသော အနာဂတ်အတွက် မျှော်လင့်ချက်ထား ခဲ့ရသော်လည်း အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် မြန်မာဘုရင် ရွှေနန်းရှင်တို့ ရွှေနန်းတော် ကြီးမှာမူ ရွှေမှန်ကင်း အစစ်မှ ထင်းဖြစ်မည့် ကိန်းသို့ တစ်စတစ်စ ကူးပြောင်း ဆုတ်ယုတ် လာခဲ့သည်။

ရွှေနန်းတော်ကြီး၏ အနေအထား ညှိုးငယ်သွားသည် သာမက အင်္ဂလိပ်သိမ်း ပိုက်ပြီး ခြောက်လကြာတွင် ရွှေလွှတ်တော်ကြီး ကို ဖျက်သိမ်းလိုက်သည်။သစ်တပ်ဝင်း တော်ကြီးနှင့်အတူ ဝင်းရုံးတရား၊ ရာဇဝတ်ရုံး၊ နောက်ရုံး စသည်များနှင့် အခြားအဆောက် အအုံများလည်း ပယ်ဖျက် ရုပ်သိမ်း ခဲ့၏။ ရွှေနန်းတော်မှ နန်းဆောင်ပေါင်း ၁ဝဝကျော်အနက် အဆောင်ပေါင်း  ၆ဝကျော်၊ ၇ဝခန့် ဖျက်သိမ်းခြင်းကို အင်္ဂလိပ်အစိုးရက အကျိုးအကြောင်း မခိုင်လုံသော မီးထင်း ကိစ္စဟုသာ မဖွယ်မရာ အကြောင်းပြ ခဲ့သည်။

ဤသို့ဖြင့် ရွှေနန်းတော် ကြီးနှင့်တကွ မြန်မာအချုပ် အခြာအာဏာပိုင် ဆိုင်ခြင်းအားလုံးကို ဖျက်ဆီး၍ ကြံစည်မှုများရှိ လာသကဲ့သို့ တစ်ဖက်ကလည်း အမြော်အမြင် ကြီး၍ အုပ်စိုးသူ၊ အုပ်စိုးခံဟူသော သဘောထားကို တရားသေ မဆုပ်ကိုင်ဘဲ လူသားဝါဒ ဖြင့် ပညာရှိပီသသူ များက ရှေးဟောင်း ယဉ်ကျေးမှု ဆိုင်ရာ အထိမ်းအမှတ် အဆောက် အအုံများကိုပကတိ အရှိအတိုင်း မပျက်မကွက် ရှိစေလိုကြ၏။ထိုအစုအစည်းတွင် လော့အယ်လဂျင်(Lord Elgin) ဆို သော ပုဂ္ဂိုလ်ကြီးက အထင် အရှားဖြစ်သည်။

ထို့ကြောင့်လည်း ၁၈၉ဝပြည့်နှစ်(၁၂၆ဝပြည့်နှစ်) တွင် မြေနန်းပြာသာဒ် တော်ကြီးကို ငွေကျပ်တစ်သိန်း အကုန် အကျခံပြီး ရှေးမူအတိုင်း ရွှေချပြု ပြင်ခဲ့သည်။၁၈၉၈ ခုနှစ်နောက် ပိုင်းတွင် သက်ဆိုင်ရာ အိန္ဒိယ အစိုးရကို ရှေးဟောင်းပစ္စည်းများ ကာကွယ်စောင့် ရှောက်ပေးရေး ကို တိုက်တွန်း ကြသည်။ ထို့ကြောင့် ၁၉ဝ၄ခုနှစ် တွင် (The Ancient Monuments Preservation Act, 1904) ကို အိန္ဒိယ အစိုးရက ပြဋ္ဌာန်းပေး လာသည်။ ထိုဥပဒေ နံပါတ်၇၊ ပုဒ်မ ၃(၁)အရ ရှေးဟောင်း အဆောက်အအုံ ၁၄ ဌာနကို ၁၉ဝ၈ခုနှစ်တွင် စောင့်ရှောက် ထိန်းသိမ်းခဲ့၏။ ၁၉ဝ၉ခုနှစ်တွင် နောက်ထပ် သာသနိက အဆောက်အအုံ လေးဌာနကို ထပ်မံတိုးချဲ့စောင့်ရှောက် ထိန်းသိမ်းခဲ့သည်။

မန္တလေးတွင် ရုံးစိုက်ဖွင့် လှစ်ခဲ့သော မြန်မာနိုင်ငံတော် ကမ္ပည်းကျောက် စာဌာနကလည်း ဒုတိယ ကမ္ဘာစစ်ကြီးထိ မန္တလေးရှိ ရှေးဟောင်း အဆောက် အအုံများကို မျက်ခြည်မပြတ် စောင့်ကြည့် ထိန်းသိမ်းခဲ့သည်။ သို့သော် ရွှေပဟိုရ်စည်သံ ကတော့ ဆိတ်သုဉ်းခဲ့ပေပြီ။

၁၉၄၂ခုနှစ် ဧပြီ၃ရက် (၁၃ဝ၃ခုနှစ် နှောင်းတန် ခူးလဆုတ် ၄ရက် သောကြာနေ့) နံနက် ၁၁နာရီခန့်တွင် လေယာဉ်အစင်း ၈ဝကျော်ပါဝင် သည့် ဂျပန်လေ တပ်ကြီးက မန္တလေးမြို့ပေါ်အနိမ့် ပျံသန်းလာပြီး လူနေရပ်ကွက်များ ပါမကျန် တရစပ် ဗုံးကြဲ တိုက်ခိုက်သည်။ လူအများအပြား သေကျေကြ သကဲ့သို့ နန်းမြို့တော်၏ တောင်ဘက်မြို့ရိုးရှိ ပြာသာဒ်များလည်း မီးလောင်ပျက်စီး ကုန်၏။ မေလ ၁ရက်တွင် ဂျပန်က မန္တလေးကို အပြီးအပိုင် သိမ်းပိုက် နိုင်ခဲ့သည်။ ဂျပန်၏ မန္တလေးမြို့ သိမ်းတိုက်ပွဲတွင် ရှေးဟောင်းဘုရား ကျောင်းကန် ဇရပ်များအပြင် ဆေးရုံ၊ ဘူတာ၊ ကြေးနန်းရုံ၊ ဂတ်တဲ၊ မီးသတ်၊ ဓာတ်စက်ရုံ၊ ဘဏ်များ၊ စာသင်ကျောင်းများ၊ ကုန်တိုက်ကြီး များနှင့်လူနေအိမ် ခြေအများအပြား မီးလောင် ပျက်စီးခဲ့ရ၏။

မန္တလေးကို ဂျပန်အုပ်စိုးသည့် သုံးနှစ်တာကာလ အတွင်းနှင့်မဟာ မိတ်တပ်များ ပြန်လည်သိမ်း ပိုက်မှုကြောင့် ဂျပန်ပြန်အဆုတ် မန္တလေးသည် ထပ်မံ၍ မြေစာပင် ဖြစ်ခဲ့ရ ပြန်သည်။ ၁၃ဝ၆ခုနှစ် တပို့တွဲ လဆန်း ၁ရက်တွင် မန္တလေး တောင်ခြေမှ  စံကျောင်း တော်ကြီး မီးလောင် ပျက်စီးခဲ့သည်။ တပေါင်းလကွယ် နေ့တွင် စလင်းတိုက်ကြီး မီးလောင် ပျက်စီးခဲ့သည်။တန်ခူးလဆန်း ၂ရက်နှင့် ၁ရက်နေ့တို့က နာမည်ကျော် အရှေ့ပြင်တိုက် တော်ကြီး မီးလောင် ပျက်စီးခဲ့သည်။ တန်ခူးလဆန်း ၅ ရက်နေ့မှာတော့ ရွှေနန်းတော်ကြီး မီးလောင်ပျက်စီး ခဲ့ပြန်၏။

မန္တလေးတောင်ခြေ ကျောက်တော်ကြီးဘုရား၊ အရှေ့မုခ်၏ တောင်ဘက်၌ မြို့တည်နန်းတည် ခုနစ်ဌာန အပါအဝင်ဖြစ်သော သုဓမ္မာဇ ရပ်တော်ကြီး နှင့်မြောက်ဘက်ရှိ ပဋ္ဌာန်းဟော ရွှေသိမ်တော်ကြီး လည်း မီးလောင် ပျက်စီးခဲ့ ချေပြီ။ ထို့ပြင် မဟာမုနိ ဘုရားကြီး စောင်းတန်း နှစ်သွယ်၊ မုခ်ဦးပြာသာဒ် တော်ကြီးများ၊ သကျသီဟ ဘုရားဂန္ဓကုဋိ ပြာသာဒ်တော်ကြီး၊ တောင်ပြင်ငါးစို့ ကျောင်းကြီး၊ ရွှေရေးဆောင် တိုက်ကျောင်းကြီး၊ မြတောင် ရွှေကျောင်းတော်ကြီး၊  တောင်ခွင် ကျောင်းကြီး၊ အကောက်ဝန် ကျောင်းကြီး၊ သင်္ဂဇာ ကျောင်းကြီး၊ ယောအတွင်းဝန် အုတ်ကျောင်းကြီး၊မိုးထိ ကျောင်းကြီး၊ တောင်ပြင်မှန် ကျောင်းတိုက်ကြီး နှင့် အတုမရှိ ကျောင်းတော်ကြီး တို့လည်း စစ်ဒဏ်၊ ဗုံးဒဏ်ဖြင့် ပြာပုံဘဝ ရောက်ကြရ တော့သည်။

မန္တလေးသည် မြန်မာလူမျိုး တို့၏ နှလုံးသည်း ပွတ်ဖြစ်သည်။ မြန်မာလူမျိုးတို့၏ စရိုက်လက္ခဏာ ဖြစ်သည်။ မြန်မာလူမျိုးတို့ ၏ဇာတိသန္ဓေဟု လည်း ခေါ် ဆိုရမည်။ ဆုံးရှုံးမှုများ အတွက်လည်း ဖြေသိမ့်နိုင်၏။ ပူဆွေးမှုများ ထဲမှ ဖြေသိမ့်ကာ အားမာန်မွေးယူ ပြန်လည်တည် ဆောက်သည့် စရိုက်လက္ဓဏာ အပြည့်ရှိသည်။

မန္တလေးဆို ရွှေမြို့တို့ ရတနာပုံ နေပြည်
တင့်တယ် သာယာစည်ကား ဟိုတုန်း အခါကလေ 
အဲဒါတွေ မတွေးကြနဲ့၊ 
ရှေ့ဆက်ကာ စီမံကြံစို့လေ။ 

ဆိုသော စိတ်ဓာတ် သစ်ဖြင့် ပြန်လည် ထူထောင်ကြ ခြင်းဖြစ်သည်။

ဤသို့ဖြင့် ကျန်ကောင်း ကျန်ရာဖြင့် အစပြုကာ မန္တလေးကို မြန်မာ့စရိုက်၊ မြန်မာ့လက္ခဏာ၊ မြန်မာ့ပုံရိပ် ပီသစွာ ဖြင့်ပြန်လည်တည် ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ ဤသို့ဖြင့် မန္တလေးမသေခဲ့။ 

ဝီတိုရိယ ဘုရင်မကြီး နန်းတက်သက် ၆ဝပြည့်နှစ် အထိမ်းအမှတ် မြန်မာမှုဗိသုကာနှင့် ဈေးချိုနာရီ စင်ကြီး ထိုနာရီစင်ကြီးတွင် တပ်ဆင် အသုံးပြုရန် အတွက် သီးခြားထုတ်လုပ် တည်ထောင်ပေးခဲ့သော သံပတ်ပေး ဧရာမကိန်း ဒိုင်ခွက်များနှင့် သံမဏိနာရီစင်ကြီး။

၁၂၉၈ခုနှစ်တွင် မလွန်ဈေး လူငယ်များက စတင်တည် ထောင်ခဲ့သည့် မလွန်ဈေးဆန် လှူအသင်းကြီး၊ ဘာသာသာသနာကို အစဉ်တစိုက် မညှိုးနွမ်းရ လေအောင် မြို့မိမြို့ဖများ ဦးဆောင်၍ ၁၂၆ဝပြည့်နှစ် ဝါဆိုလပြည့် နေ့တွင် တည်ထောင်ခဲ့သော ပရိယတ္တိ သာသနာ့ ဟိတအသင်းကြီး နှင့် နှစ်၅ဝ ကျော်ကြာ ၁၃၁၃ခုနှစ် တွင် တည်ဆောက် ပြီးစီးခဲ့သည့် မလွန်သာသနာ့ ဗိမာန်တော်ကြီး၊ မစိုးရိမ် ကျောင်းတိုက်၊ ရွှေအင်ပင်ကျောင်း တိုက်တို့ကဲ့သို့သော အခြေတည် အားကောင်းပြီး မန္တလေးသာသနာ ဝင်အတွက်ထပ်မံ ပွားစည်းထွန်း ကားစေမည့် ကျောင်းတိုက်တော် ကြီးများ၊ ၁၉၂၅ခုနှစ်တွင် မန္တလေးသား ပညာတတ် ဝါသနာရှင်များ ရည်ရွယ်ချက် ကောင်းကောင်းဖြင့် စုစည်းတည်ထောင် ခဲ့သည့် မြို့မအပျော်တမ်း တူရိယာ အသင်းကြီး၊ ထို့ပြင် သဘင်တက္ကသိုလ် ဟုခေါ်ဆိုကာ ပညာရင်နို့သောက် စို့ခဲ့ကြရသော သုခုမ သဘင်မှုနှင့် ပန်းဆယ်မျိုး အတတ်ပညာများ ထွန်းကားဖြန့်ဖြူးရာ နေရာဌာနကြီး စသည်ဖြင့်...စသည်ဖြင့် မန္တလေးဟူသော မူလဗီဇကို ပိုမိုကြီးထွား အားကောင်း စေရန် ရုပ်ပိုင်း၊ နာမ်ပိုင်းအလိုက် စည်ပင် အားကောင်း စေခဲ့သည်။

ဤသို့ဖြင့် မန္တလေးသည် လွတ်လပ်သော ပြည်ထောင်စု သမ္မတနိုင်ငံတော် ထူထောင်ပြီး နောက်နှစ် ၄ဝ ကျော်၏ နောက်ပိုင်း  ရောက်ပါမှ 'အုတ်ကာသွပ်မိုး' ရှေးဟောင်း ဈေးချိုတော် ကြီးကား ပြန်လည် မရနိုင်တော့။ မြို့ဦး၊ မြို့ဝင်မှာ ကိုယ့်ထီး၊  ကိုယ့်နန်း၊ ကိုယ့်ကြငှန်း အတွက် သံဝေဂသတိ ပေးခဲ့သောဆီး ဘန်းနီဆရာတော် အထိမ်းအမှတ် ဗိမာန်ကား မူလနေရာတွင် ပြန်လည် မရနိုင်တော့။

စတင်တည်သည့် ခုနှစ်သက္ကရာဇ်ကို အငြင်းပွား ဖွယ်ဖြစ်နေသည့် ဈေးချိုနာရီ စင်ကြီးမှ မူလရှေးဟောင်း သံပတ်ပေး နာရီကြီးနှင့် ချိန်မှတ်ကြေးခေါင်းလောင်း ကြီးသာ မပျောက်မကွယ် ရှိသေးပါက ထိုနာရီစက်နှင့် ခေါင်းလောင်း ကြီးတွင်  ခုနှစ်သက္ကရာဇ်များ ပါလာနိုင်ဖွယ် ရှိသဖြင့် စူးစမ်း အဖြေရှာ လိုပါသေး၏။ သို့သော် မူလနာရီစင်တွင် မူလနာရီ စက်ကြီး ပြန်လည်ရောက် နိုင်ဖွယ် မရှိတော့။ ပယ်ပုံတော် ကျောက်စာဝင်း ဆိုတာကလည်း မူလအတိုင်း မရှိတော့။ သင်္ချိုင်းတော်များက သမိုင်းဝင် ဗိမာန်များမရှိတော့။ ကနောင်မင်းသားကြီး၊ သခင်ဗဟိန်း၊ မြို့မငြိမ်း၊ နန်းတော်ရှေ့ဆရာတင်၊ ရွှေဥဒေါင်း၊ မြမျိုးလွင်၊အစရှိသူ ပုဂ္ဂိုလ်ကျော်တို့၏ အထိမ်းအမှတ်များ မရှိတော့။ သမိုင်းဝင် စည်ရှည်တံတား မရှိတော့။ အမရပူရခေတ်ထိုး အောင်ပင်လယ် ကျောက်စာများ လည်းပျောက်ကွယ် လုလုရိုနေတော။့ ထို့အတူ...ထို့အတူ ...

နောင်တစ်ချိန် သားသမီး မြေးမြစ်များက မေးမြန်းကြတော့မည်။ ''မန္တလေးကို ဘယ်သူဖျက် သလဲ''ဟု ဆိုလျှင် ....'

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page