www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 2, 2017

မိမိစက်ရုံ၏ အဓိကရည်မှန်းချက် တာဝန်များအား ထိရောက် အောင်မြင်အောင်ကြိုးပမ်း လုပ်ဆောင်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
 ဖိနစ်စက်ရုံမှ ထုတ်လုပ်သည့် ဖိနပ်များကို ကြည့်ရှုစစ်ဆေးစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိုးရေကာဖျင်စက်ရုံအတွင်း 
တပ်မတော်သုံး ချပ်ဝတ်တန်ဆာပစ္စည်းများ  ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးစဉ်

မိုးရေကာဖျင်စက်ရုံ လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်

နေပြည်တော် ၊ ၂-၂-၂၀၁၇

တပ်မတော် စက်ရုံများ၏ အဓိကရည်မှန်းချက် တာဝန်များဖြစ်သည့် တပ်မတော်၏ လိုအပ်ချက်ကို အပြည့်အ၀ ဖြည့်ဆည်းပေးရေး၊ ပိုလျှံလာပါက ပြည်သူလူထုကို ဈေးနှုန်းမှန်၊ ပစ္စည်းမှန်၊ အရည်အသွေး မှန်ကန်စွာဖြင့် သက်သာစွာ ရောင်းချပေးရေး၊ ထိုသို့ရောင်းချ ရရှိလာသည့် ၀င်ငွေဖြင့် တပ်မတော်ဘဏ္ဍာငွေ သုံးစွဲမှုလျှော့ချရေး တို့အား ထိရောက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တပ်မတော် မိုးရေကာဖျင်စက်ရုံ နှင့် ဖိနပ်စက်ရုံ (လှိုင်းတက်) တို့အား သွားရောက်ကြည့်ရှု စစ်ဆေးစဉ် ထည့်သွင်း ပြောကြားသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး တို့လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းတွင် တပ်မတော် မိုးရေကာဖျင် စက်ရုံ နှင့် ဖိနပ်စက်ရုံ (လှိုင်းတက်) တို့အား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင် များအား တပ်မတော် မိုးရေကာဖျင်စက်ရုံ နှင့် ဖိနပ်စက်ရုံ (လှိုင်းတက်) အစည်းအဝေး ခန်းမတွင် တာဝန်ရှိသူများက ကုန်ထုတ်လုပ်မှု အခြေအနေ များနှင့် စက်ရုံ၏ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြမှု အပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က စစ်မြေပြင်တွင် လည်းကောင်း၊ လုပ်ငန်းခွင်တွင် လည်းကောင်း လက်တွေ့သုံးစွဲရာတွင် တွေ့ရှိရသည့် အားသာချက်၊ အားနည်းချက် များကို အခြားသော ပြည်တွင်းပြည်ပ ထုတ်ကုန်ပစ္စည်း များနှင့် နှိုင်းယှဉ်သုံးသပ် ဖော်ထုတ်၍ မိမိစက်ရုံ၏ ထုတ်ကုန်ပစ္စည်းများ အရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်ရေး၊ သုံးစွဲသူများ ပိုမို၍ သက်သောင့်သက်သာ ရှိစေရေး အမြဲမပြတ် ဆန်းစစ် ပြင်ဆင် ဆောင်ရွက်သွားရန်၊ ၄င်းအပြင် ကျောင်းသုံး ကျောပိုးအိတ်၊ ဖိနပ်၊ ဦးထုပ်၊ ခါးပတ် စသည်ဖြင့် နိုင်ငံ့ဝန်ထမ်း များနှင့် ပြည်သူလူထု မဖြစ်မနေ အသုံးပြုနေရသည့် အသုံးအဆောင် ပစ္စည်းများကိုပါ အရည်အသွေး ပြည့်မီစွာ ထုတ်လုပ်နိုင်ရေး သုတေသနပြုလုပ်၍ ကြိုးစား လုပ်ဆောင်ရန်၊ မိမိစက်ရုံ၏ စက်စွမ်းအား ပြည့်လည်ပတ်၍ ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ခြင်းဖြင့် ယင်း အသုံးအဆောင် ပစ္စည်းများ ပြည်ပမှဝယ်ယူ သုံးစွဲရခြင်းကြောင့် နိုင်ငံခြားငွေ သုံးစွဲရမှု ပမာဏကို တစ်ဖက်တစ်လမ်းမှ လျှော့ချနိုင်သည် အထိ အထောက်အကူ ဖြစ်စေရေး မျှော်မှန်း လုပ်ဆောင်ရန် ၊ စက်ရုံဝန်ထမ်းများ၏ သက်သာ ချောင်ချိမှုကို ထိရောက်စွာ လုပ်ဆောင်နိုင်မည့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ စီမံဆောင်ရွက် ပေးရန်တို့အား မှာကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် ခင်းကျင်း ပြသထားသည့် တပ်မတော်သုံး ချပ်ဝတ်တန်ဆာ အသုံးအဆောင် ပစ္စည်းများနှင့် စက်ရုံမှ ထုတ်လုပ်သည့် ဖိနပ်အမျိုးမျိုးတို့အား ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုးရေကာဖျင်စက်ရုံ အတွင်းရှိ ယက်ကန်းဌာန နှင့် ချပ်ဝတ်တန်ဆာ ဌာနတို့အတွင်း တပ်မတော်သုံး ချပ်ဝတ်တန်ဆာ ပစ္စည်းများ ထုတ်လုပ်နေမှု အားလည်းကောင်း၊ ဖိနပ်စက်ရုံ အတွင်း ဖိနပ်ထုတ်လုပ်နေမှု အဆင့်ဆင့်အား လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စက်ရုံဝန်ထမ်းများ အတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger