www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 16, 2017

နိုင်ငံ့အားကစား အဆင့်အတန်းတိုးတက်မြင့်မား ခြင်းသည် တစ်မျိုးသားလုံး၏ အမျိုးသားရေးနှင့် ဇာတိဂုဏ်ကို ဖော်ညွှန်းသည့် ပြယုဂ်ဖြစ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ၊ 
အခမ်းအနား တက်ရောက်လာကြသူများက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား 
တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ 
(က)အဆင့် ပထမအကြို ဗိုလ်လုပွဲအဖြစ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းနှင့် 
အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှု အားပေးစဉ်


နေပြည်တော် ၊ ၁၆-၂-၂၀၁၇

အားကစားသည် တစ်မျိုးသားလုံး၏ ကြံ့ခိုင်သန်စွမ်းမှုနှင့် စွမ်းဆောင်နိုင်မှု၊ တိုင်းပြည်၏ စည်းလုံး ညီညွတ်မှုနှင့် မျိုးချစ်စိတ်ဓာတ်ထက်သန်မှုများကို ထင်ဟပ်ပေါ်လွင်စေပြီး နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သော လှုပ်ရှားမှုတစ်ခု ဖြစ်ခြင်းကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးသည် မိမိတို့နိုင်ငံ၏ အားကစားအဆင့်အတန်း မြင့်မားစေရေးအတွက် အမျိုးသားရေးအသွင်ဖြင့် အလေးထားအားပေး လုပ်ဆောင် နေကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော် အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၁၇ ခုနှစ်၊ တပ်မတော် (ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် အဖွင့်မိန့်ခွန်း ပြောကြားရာ၌ ထည့်သွင်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) ရုံး/ဌာနအသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူ များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော်(ကြည်း၊ရေ၊လေ)စစ်တီးဝိုင်းအဖွဲ့က ကွင်းအတွင်းဝင်ရောက်နေရာယူပြီး စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော်အဖွဲ့နှင့် အားကစားအသင်း ၁၇ သင်းမှ အားကစားသမားများ နေရာယူကြ သည်။

တပ်မတော်အားကစားနှင့် ကာယပညာ အုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌ စစ်ရေးချုပ် 
ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး နှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်မော် 
တို့က ၂၀၁၇ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်

ထို့နောက် ၂၀၁၇ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ဖွင့်လှစ်ကြောင်းကြေညာချိန်တွင် တပ်မတော်အားကစားနှင့်ကာယပညာအုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်တို့က မိုးပျံပူဖောင်းများအား ဖဲကြိုးဖြတ်၍လွှတ်တင်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေးပြမှူးကြီး ဦးဆောင်သော အလံတော်အဖွဲ့နှင့် အားကစားသမားများ၏ အလေးပြုခြင်းကိုခံယူပြီး အဖွင့်မိန့်ခွန်းပြောကြားရာတွင် မြန်မာ့အားကစားသမိုင်း နှင့်ပတ်သက်၍ မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်းရင်းသားညီအစ်ကိုများသည် ကျန်းမာကြံ့ခိုင်ပြီး သန်မာဖျတ်လတ်သည့် လူမျိုးများဖြစ်သည်နှင့်အညီ နိုင်ငံ၏အားကစားသမိုင်းမှာလည်း ကမ္ဘာ့အဆင့်ကို မတက်လှမ်းနိုင်သေးသည့်တိုင် ဒေသတွင်းတွင် အဆင့်မီစွာရပ်တည်နိုင်ခဲ့ကြောင်း၊ လွတ်လပ်ရေး မတိုင်မီကာလ ၁၉၃၉ ခုနှစ်တွင် အမ်အေဦးမောင်ကြီး ဦးစီးသည့် မြန်မာပြည်ပြေးခုန်ပစ် အားကစားအသင်းကြီး စတင်ပေါ်ထွက်ခဲ့ကြောင်း၊ ၁၉၄၆ ခုနှစ်တွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ၏ အသင်းဝင်နိုင်ငံဖြစ်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၏ နာယကအဖြစ်တင်မြှောက်ရန် ယင်းခေတ်ကာလက မြန်မာနိုင်ငံ၏ ဘုရင်ခံဆာဟူးဘတ်ရန့်စ်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့အနက် ဗိုလ်ချုပ်အောင်ဆန်းကို ရွေးချယ်ခဲ့ခြင်း သည်လည်း မြန်မာ့အားကစားသမိုင်းမှတ်တိုင်၏ နိဒါန်းကို အမျိုးသားရေးစိတ်ဓာတ်၊ ဇာတိသွေး၊ ဇာတိမာန် စိတ်ထားများနှင့် အစပျိုး သန္ဓေတည်ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ၁၉၅၉ ခုနှစ်က စတင်ကျင်းပခဲ့သည့် အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံအနေဖြင့် ပထမရယူဗိုလ်စွဲခဲ့မှုများ ရှိသကဲ့သို့ ထိပ်ပိုင်းအဆင့်များတွင် ရယူနိုင်ခဲ့ခြင်းမှာ ဒေသတွင်း၌ အဆင့်မီစွာရပ်တည်နိုင်ခဲ့သော နိုင်ငံ့ အားကစားသမိုင်းမှတ်တိုင်များပင်ဖြစ်ကြောင်း၊ အလားတူ ပစ္စုပ္ပန်ကာလ ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်ခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး၌ မိမိတို့နိုင်ငံအနေဖြင့် ဒုတိယအဆင့်ကို ထိုက်တန်စွာရရှိခဲ့ကြောင်း၊ ထိုသို့ အားကစားအောင်မြင်မှုများသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကိုဖော်ညွှန်းနေသကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်းကို ရောင်ပြန်ဟပ်စေသောကြောင့် နိုင်ငံတော်၏အားကစားအဆင့်အတန်းမြင့်မားရေးကို အားလုံးက ၀ိုင်းဝန်း အားပေး လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း ပြောကြားသည်။

၂၀၁၇ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပစဉ်

၂၀၁၇ ခုနှစ် တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ပြိုင်ပွဲဝင် 
အားကစားသမားများကို တွေ့ရစဉ်


ဆက်လက်ပြီး တပ်မတော်အားကစားနှင့်ပတ်သက်၍ပြောကြားရာတွင် မြန်မာ့အားကစားသမိုင်းကို လေ့လာ ပါက တပ်မတော်အားကစားသမားများသည် နိုင်ငံ့အားကစားအောင်မြင်မှုအတွက် တစ်ထောင့်တစ်နေရာက ပါဝင်ပံ့ပိုးပေးနိုင်ခဲ့သည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊ ဘောလုံးအားကစားသည် သမိုင်းတွင် မြန်မာတို့ အောင်မြင်မှုများစွာရရှိခဲ့သော အားကစားနည်းတစ်မျိုးဖြစ်ကြောင်း၊ ၁၉၆၀ ပြည့်နှစ်မှ ၁၉၇၅ ခုနှစ်အထိ မြန်မာ့ဘောလုံး ရွှေခေတ်ကာလဖြစ်ခဲ့ပြီး နိုင်ငံတကာပြိုင်ပွဲများစွာတွင်အနိုင်ရဗိုလ်စွဲခဲ့ကြောင်း၊ သမိုင်း မှတ်တမ်းများအရ အာရှချန်ပီယံ ၂ ကြိမ်၊ အရှေ့တောင်အာရှချန်ပီယံ ၅ ကြိမ်အပါအ၀င် မာဒေးကားချန်ပီယံ၊ ဟတ်ချုံဟီးဖလားချန်ပီယံ၊ ဂျကာတာဖလားချန်ပီယံ၊ အာရှလူငယ်ချန်ပီယံအဖြစ် ဒေသတွင်းတွင် အကြိမ်ကြိမ်အနိုင်ရဗိုလ်စွဲခဲ့ကြောင်း၊ ၁၉၆၄ ခုနှစ်မှ ၁၉၇၃ ခုနှစ် အထိ ၁၀ နှစ်တာ ကာလအတွင်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများတွင် တပ်မတော်သားဘောလုံးအကျော်အမော် ၅၀ ကျော် ပါဝင်ခဲ့ကြောင်း၊ ဘောလုံးအားကစားသာမက ပြေးခုန်ပစ်၊ လက်ဝှေ့၊ အလေးမ၊ ဂျူဒို၊ ရေကူးစသည့် အားကစားနည်းများတွင်လည်း တပ်မတော်သား နိုင်ငံ့လက်ရွေးစင် အားကစားသမားများသည် အောင်နိုင်ဆု များကို သူမတူအောင် စွမ်းဆောင်ရယူပေးနိုင်ခဲ့ကြောင်း၊ သို့ဖြစ်၍ မြန်မာ့အားကစားအောင်မြင်မှု သမိုင်းမှတ်တမ်းများတွင် တပ်မတော်သား နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများ၏ စွမ်းဆောင်မှုများကို ဂုဏ်ယူဖွယ်ရာ အမြဲဒွန်တွဲတွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ရွပ်ရွပ်ချွံချွံထမ်းဆောင်ရင်း ခန္ဓာကိုယ်အစိတ်အပိုင်းများ ပေးဆပ်စွန့်လွှတ်ခဲ့ရသည့် တပ်မတော်သားများ သည်လည်း နိုင်ငံတကာမသန်စွမ်း အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ပေါင်းများစွာ ရယူပေးနိုင်ခဲ့ကြပြီး တပ်မတော်၏ စိတ်ဓာတ်နှင့် မသန်သော်လည်း စွမ်းဆောင်နိုင်သည်ကို ပြသနိုင်ခဲ့ကြောင်း ထည့်သွင်း ပြောကြားသည်။

ထို့နောက် တပ်မတော်အားကစားမြှင့်တင်ရေးလုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ပြောကြားရာတွင် တပ်မတော်သားအားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစား ပြိုင်ပွဲများကို ၁၉၆၂ ခုနှစ်မှ စတင်ပြီး ကျင်းပခဲ့ကြောင်း၊ ၁၉၉၁ ခုနှစ်တွင် တပ်မတော် အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ယင်းအုပ်ချုပ်ရေးအဖွဲ့၏ ကွပ်ကဲမှုအောက် တွင် တပ်မတော်ဘောလုံး ကော်မတီ၊ တပ်မတော်လက်ဝှေ့ကော်မတီ၊ တပ်မတော်ပြေးခုန်ပစ်ကော်မတီ စသည့် တပ်မတော်အားကစားကော်မတီ ၂၇ ခု ဖွဲ့စည်းထားပြီး အားကစားနည်း ၂၉ မျိုးကို လေ့ကျင့် ယှဉ်ပြိုင်စေလျက် ရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံ တပ်မတော်များ၊ ဒေသတွင်းနိုင်ငံတပ်မတော်များနှင့် အပြန်အလှန်တပ်မတော်ချစ်ကြည်ရေးအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်းနှင့် ၂၀၁၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ တပ်မတော် အားကစား ကောင်စီ၏ ၁၃၅ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံအတည်ပြုခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဘောလုံးအားကစားတိုးတက်မြင့်မားစေရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုနိုင်ရန်နှင့် မျိုးဆက်သစ် လူငယ်ဘောလုံး သမားများအနေဖြင့် ဘောလုံးအားကစားကို နိုင်ငံတကာအဆင့်မီ မှန်ကန်စနစ်ကျစွာ သင်ယူတတ်မြောက်စေရန်အတွက် တပ်မတော်ဘောလုံး အကယ်ဒမီဖွင့်လှစ်ပြီး မျိုးဆက်သစ်များကို အဆင့်မြင့် ပြည်တွင်းပြည်ပ နည်းပြများနှင့် စနစ်တကျသင်ကြား ပေးလျက် ရှိကြောင်း၊ လက်ဝှေ့၊ သေနတ်ပစ်၊ ဘော်လီဘောစသည့် အားကစားနည်း များကိုလည်း အားကစားနည်းပြများဖြင့် စနစ်တကျသင်ကြား လေ့ကျင့်မှုများ ပြုလုပ်ပေး နေကြောင်း၊ ၎င်းအပြင် တပ်မတော်အားကစားမြှင့်တင်ရေးကို အထောက်အကူဖြစ်စေရန် အဆင့်မြင့်တပ်မတော် အားကစားကွင်းများနှင့် မိုးလုံလေလုံအားကစားရုံများ၊  သေနတ်ပစ် အားကစားအတွက် နိုင်ငံတကာအဆင့်မီ စက်ပစ်ကွင်း များကို တည်ဆောက်ဖြည့်ဆည်း ပေးခဲ့ကြောင်း၊ မြန်မာ့ရိုးရာကိုယ်ခံပညာရပ်တစ်ခုဖြစ်သော မြန်မာ့သိုင်းကိုလည်း တပ်မတော်၏ အဓိကကိုယ်လုံ ပညာရပ် အဖြစ်သတ်မှတ်ပြီး ၂၀၁၅ ခုနှစ်ကစ၍တပ်မတော် သင်တန်းကျောင်း များတွင် အားကစားသင်ခန်းစာတစ်ရပ်အနေဖြင့် ထည့်သွင်းသင်ကြားပြီး ပြန်လည်ဖော်ထုတ်လျက်ရှိကြောင်း၊ ထိုသို့ တပ်မတော် အားကစား အဆင့်မြှင့်တင်နေမှု များသည် နိုင်ငံတော်၏ အားကစားဖွံ့ဖြိုးတိုးတက်ရေးအပေါ် အထောက်အကူပြုနိုင်ရေးနှင့် စွမ်းဆောင်ရည်မြင့်မား သည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး အတွက် အလေးအနက်ထား လုပ်ဆောင်နေသည့် တပ်မတော်၏ စိတ်ရင်း စေတနာမွန်များ ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော်(ကြည်း၊ရေ၊လေ)အားကစားပြိုင်ပွဲနှင့်ပတ်သက်၍ ပြောကြားရာတွင် ယခုနှစ် ပြိုင်ပွဲတွင် တပ်မတော်အားကစားနည်း ၂၉ မျိုးထဲမှ သတ်မှတ်ထားသည့် အားကစားနည်း ၁၄ မျိုးကို ယှဉ်ပြိုင်ကြရမှာ ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားအသင်းများ၊ စစ်သည်များအနေနှင့် တစ်ဦးချင်း၏ အရည်အသွေးများ၊ အသင်းအဖွဲ့လိုက်အားကစားစွမ်းရည်များ တိုးတက်သည်ထက်တိုးတက်အောင် ကြိုးစားယှဉ်ပြိုင်ကြ ရမည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲများမှ ထူးချွန်ထက်မြက်သည့် တပ်မတော်သားအားကစား သမားများပေါ်ထွက်လာပြီး နိုင်ငံ့ဂုဏ်ဆောင်လက်ရွေးစင်အားကစားသမားကောင်းများကို ဆက်လက် မွေးထုတ်ပေးနိုင်မှာ ဖြစ်ကြောင်း၊ တပ်မတော်သား များနှင့် မိသားစုဝင်များ၏ အားကစား အောင်မြင်မှုများ သည် တပ်မတော်၏ဂုဏ်သိက္ခာနှင့် စွမ်းရည်ထက်မြက်မှုကို ထုတ်ဖော်ပြသနေသကဲ့သို့ နိုင်ငံ့လက်ရွေးစင် များအဖြစ်  နိုင်ငံတကာ အားကစားပြိုင်ပွဲ များ၌ပါ ယှဉ်ပြိုင် အနိုင်ရယူနိုင်ခြင်းဖြင့် တိုင်းပြည်နှင့်လူမျိုး၏ မျိုးချစ်စိတ်ဓာတ်နှင့် စွမ်းဆောင်ရည်မြင့်မားမှုများကိုပါ ဖော်ထုတ်ပြသခွင့်ရနိုင်မှာဖြစ်ကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ဇွဲလုံ့လ၊ ၀ီရိယအားများ အပြည့်အ၀ဖြင့် တပ်မတော် အားကစား အဆင့်အတန်း မြင့်မားရေး၊ မြှင့်တင်ရေး ဆက်လက်ကြိုးစားသွားကြရန်မှာကြားသည်။

အားကစားနှင့် လုပ်ငန်းတာဝန်ထမ်းဆောင်မှုကို ဆက်စပ်ပြောကြားရာတွင် မိမိတို့၏ အဓိကတာဝန်ကြီး ၃ ရပ်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်များကို အောင်မြင်စွာထမ်းဆောင်နိုင်ရန်ကျန်းမာ ကြံ့ခိုင်မှုလိုအပ်ကြောင်း၊ အထူးသဖြင့် အသက်၊ သွေး၊ ချွေး၊ ခန္ဓာ ရင်းနှီးပေးဆပ်ပြီး ကာကွယ်ရေးတာဝန်များကို ရွပ်ရွပ်ချွံချွံ ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့တပ်မတော်သားများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာများတွင်ပါ ကြံ့ခိုင် သန်စွမ်းနေရန်လိုကြောင်း၊ ထိုသို့ ကိုယ်ရောစိတ်ပါ ကြံ့ခိုင်သန်စွမ်းနေစေရန် အားကစားလုပ်ဆောင်မှုများက များစွာ ထိရောက်သည့် အထောက်အပံ့ကောင်းများဖြစ်ကြောင်း၊ နိုင်ငံတော်ကအားထားရသည့် ပြည်သူများ ကအားကိုးရသည့် တပ်မတော်တစ်ရပ်ဖြစ်လာစေရန် မိမိတို့တပ်မတော်သားအားလုံး “ကျန်းမာကြံ့ခိုင် ပြည့်မဏ္ဍိုင်၊ ကြံ့ခိုင်ကိုယ်လက် တိုင်းပြည်အတွက်”ဆိုသည့် ကြံ့ခိုင်ရေးဆောင်ပုဒ်နှင့်အညီ အားကစားကို မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အားကစားလုပ်ဆောင်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အပေးအယူမျှခြင်း၊ ညီညွတ်စွာပူးပေါင်းဆောင်ရွက်ရခြင်း၊ တစ်ကိုယ်ကောင်းစိတ်ကင်းရခြင်း၊ စုစည်း ညီညွတ်မှုအားကိုရယူခြင်းဆိုသည့် သဘောသဘာဝများရှိခြင်းကြောင့် တပ်တွင်းစည်းလုံးညီညွတ်မှု ကိုလည်း ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း၊ အားကစားလုပ်ဆောင်ခြင်းသည် မိမိတို့တပ်မတော်သားများ၏ လုပ်ငန်းတာဝန်ထမ်းဆောင်မှုအတွက် များစွာအကျိုးကျေးဇူး ဖြစ်ထွန်းစေသကဲ့သို့ မိမိတို့တပ်မတော်၏ အစဉ်အလာကောင်းတစ်ရပ်ဖြစ်သည့် စိတ်ဓာတ်နှင့်စည်းကမ်း ကောင်းမွန်ခြင်းသည်လည်း အပြန်အလှန် အားဖြင့် အားကစားလုပ်ဆောင်ရာတွင် အောင်မြင်မှုကိုမလွဲမသွေရရှိစေနိုင်ကြောင်း၊ တပ်မတော်၏ စိတ်ဓာတ်ဖြစ်သည့် “အနိုင်မခံ အရှုံးမပေးသည့်စိတ်ဓာတ်” ၊ “တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်”၊ “လှေခွက်ချည်း ကျန်အလံမလှဲသည့်စိတ်ဓာတ်”များနှင့် တပ်မတော်ကို တည်ဆောက်ထားသကဲ့သို့ “စစ်စည်းကမ်းသည် တပ်မတော်၏အသက်ခန္ဓာဖြစ်သည်” ဆိုသည့် ဆောင်ပုဒ်အား လက်တွေ့လိုက်နာ ကျင့်သုံးနေသည့် အဖွဲ့အစည်းလည်းဖြစ်ကြောင်း၊ အောင်မြင်သည့်အားကစားသမားတစ်ယောက်ဖြစ်ရန် မရှိမဖြစ်လိုအပ်သည့် စိတ်ဓာတ်နှင့် စည်းကမ်းသည် တပ်မတော်သားတိုင်းအတွက် အခြေခံအားဖြင့် ပြည့်ဝပြီးဖြစ်သည့် ပြိုင်ပွဲဝင်စစ်သည်များအနေဖြင့် မိမိတို့အားလုံးတွင် ပြည့်ဝပြီးဖြစ်သည့် စိတ်ဓာတ်နှင့် စည်းကမ်းကို အရင်းခံပြီး တပ်မတော်ဂုဏ်ဆောင်လက်ရွေးစင်အားကစားသမားများဖြစ်စေရေး၊ နိုင်ငံ့ ဂုဏ်ဆောင်အားကစားသမားဖြစ်လာစေရေး ရည်မှန်းချက်ထားပြီး ကြိုးစားသွားကြရန်၊ နိုင်ငံ့အားကစား အဆင့်အတန်းတိုးတက်မြင့်မားခြင်းသည် တစ်မျိုးသားလုံး၏အမျိုးသားရေးနှင့် ဇာတိဂုဏ်ကိုဖော်ညွှန်းသည့် ပြယုဂ်ဖြစ်သောကြောင့် သက်ဆိုင်ရာအားကစားအလိုက် အစဉ်ထူးချွန်ထက်မြက်နေစေရန် ကြိုးစား အားထုတ်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူလူထုက မျှော်လင့်နေသည့် အားကစားရွှေခေတ် အိမ်မက်များကို ထုဆစ်အကောင်အထည်ဖော်နိုင်သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်သည် အထိ ဆက်လက်ကြိုးစားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ရေ၊လေ) ဘောလုံး ပြိုင်ပွဲ (က)အဆင့် ပထမ အကြိုဗိုလ်လုပွဲအဖြစ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကြသည်။

အဆိုပါ အကြိုဗိုလ်လုပွဲ၌ နှစ်ဖက်ဘောလုံးအသင်းများသည် မိနစ် ၉၀ ကစားချိန်အတွင်း တစ်ဖက်နှင့် တစ်ဖက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့သော်လည်း တစ်ဖက် ၁ ဂိုးစီဖြင့်သရေကျခဲ့သဖြင့် အချိန်ပိုမိနစ် ၃၀  ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ရသည်။ အချိန်ပို မိနစ် ၃၀ ကစားခဲ့သော်လည်း တစ်ဖက် ၂ ဂိုးစီဖြင့် ထပ်မံ သရေကျခဲ့သောကြောင့် ပင်နယ်တီအဆုံးအဖြတ်ရယူ၍ တစ်ဖက် ၅ ဂိုးစီ ကန်သွင်းခဲ့ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အသင်းက ၄ ဂိုး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အသင်းက ၂ ဂိုးစီရရှိခဲ့သဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အသင်းက ၆ ဂိုး ၄ ဂိုးဖြင့်အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger