www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 21, 2017

လေဖြတ်ခြင်းကို ဖြစ်စေနိုင်သော လျှို့ဝှက်ချက်တစ်ခု


ကြည်လွင်မြင့် (မုဒြာ)

လေဖြတ်ပြီး မလှုပ်ရှားနိုင်၊ ဘဝဆုံးရမည်ကို လူတိုင်း ကြောက်ကြသည်။ လေဖြတ်မှာ ကြောက်၍ အစာရှောင် ကြသည်။ အထူးသဖြင့် အဆီရှောင် ကြသည်။ လေဖြတ်ခြင်းသည် သွေးတိုးရောဂါ အခြေခံမှ စသည်ဟု ဆိုသဖြင့် အငန်ရှောင် ကြသည်။ နှလုံးရောဂါ၊ ဆီးချိုသွေးချို ရောဂါ၊ ကျောက်ကပ်ရောဂါ များ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်ပွား လာလျှင် လေဖြတ်နိုင်သည်ဟု ဆိုသဖြင့် အထူးကု ဆေးခန်းကြီးများတွင် ဂရုတစိုက်ပြသ နေသည့်ကြားမှ လေဖြတ်ရောဂါ ဖြစ်ပွားရသူ များလည်း တွေ့ကြုံ နေရသည်။

အဘယ်ကြောင့် လေဖြတ်ရ သနည်း။ အကြောင်းများစွာ ရှိသော်လည်း ဆရာများ ကိုယ်တိုင် သတိမမူ ဂူမမြင်ဖြစ် နေသော အချက်တစ်ချက်ကို တင်ပြလို ပါသည်။ အသိပညာ မှန်သမျှသည် လက်တွေ့မှ လာသည်။
လေဖြတ်ခြင်းနှင့် ပတ်သက်၍ အနောက်တိုင်း ဆေးပညာ အယူအဆများမှာ သွေးကြောများတွင် အဆီတက်ခြင်း၊ သွေးကြော ကျဉ်းမြောင်းခြင်း၊ သွေးခဲလေးများ မျောပါ၍ ဦးနှောက်တွင် ပိတ်ဆို့ခြင်း တို့တွင်သာ အခြေခံ အကြောင်းအဖြစ် ယူဆကြသည်။ လက်တွေ့တွင်မူ သွေးတိုးမရှိ၊ သွေးချိုမရှိ၊ ခန္ဓာကိုယ်ဝ ဖြိုးမှုလည်းမရှိ၊ အဆီအအိမ့် လည်းအစားမများ၊ ပုံမှန်နေထိုင် စားသောက်ပါလျက် လေဖြတ်သွား သူကို များစွာတွေ့ ရသည်။ လေဖြတ်ပြီး သည့်တိုင် သွေးတိုး၊ ဆီးချို၊ သွေးချိုရောဂါ မရှိသူများကို တွေ့ရှိရပါသည်။ 

လက်တွေ့တွင် လေဖြတ်လူနာ များကို ၁၉၈ဝ ပြည့်နှစ်မှစ၍ ကုသခဲ့သော နှစ်ပေါင်း ၃ဝ ကျော် အတွေ့အကြုံ များအရ ဆေးရုံ၊ ဆေးခန်းများတွင် မတွေ့ရသော အတွေ့အကြုံကို အိမ်လိုက် လူနာကြည့် ပေးသောအခါ တွေ့ရပါသည်။ လေဖြတ်လူနာ၏ နေအိမ်၊ အိပ်ခန်း၊ လေဖြတ်သည့်အခါ လဲကျသော နေရာအနေအထား၊ အိမ်သာတက်ရင်း လေဖြတ်သော လူနာဖြစ်လျှင် အိပ်ခန်းနှင့် အိမ်သာ အကွာအဝေး စသည်တို့မှာ ဆေးရုံမှာ ထိုင်ပြီး လူနာကုသည့် ဆရာဝန်များ အဖို့မတွေ့နိုင်၊ မသိနိုင်သော အကြောင်းအချက် များဖြစ်သည်။

လူ၏ခန္ဓာကိုယ် မပိန်မဝ၊ ဆေးလိပ်မသောက်၊ အရက်မသောက်၊ ပင်ကိုသွေးတိုး ရောဂါမရှိ၊ နှလုံးရောဂါ မရှိသူ ကျောင်းဆရာ တစ်ဦးမှာ အသက် ၅ဝ ကျော် သက်လတ်ပိုင်း မှာပင် လေဖြတ်သဖြင့် နေအိမ်လိုက်ပြီး ကြည့်ရှုသောအခါ သူ၏နေအိမ်နှင့် အိပ်ခန်းမှာ မှောင်မည်းပြီး မြင့်မားသော တိုက်တန်းကြီး များ၏ နောက်ကျောတွင် နေရောင်ခြည် လုံးဝမရသော အခန်းမျိုးတွင် နေထိုင်သည်မှာ နှစ်ကြာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

စက်ချုပ်လုပ်ငန်း လုပ်ကိုင်သူ လက်လုပ် လက်စား အမျိုးသမီးတစ်ဦး လေဖြတ်ခဲ့ရာ သူ၏ စက်ချုပ်ဆိုင်မှာ အခန်းကျဉ်းပြီး နေရောင်ခြည်ရော လေဝင်လေထွက်ပါ မကောင်းသည့် နေရာမျိုး ဖြစ်ကြောင်း တွေ့ရသည်။

စက်ချုပ်ခြင်း၊ စာရင်းကိုင်၊ ကွန်ပျူတာ စာရင်းကိုင်စသော အလုပ်များသည် အညောင်းထိုင်သော အလုပ်များဖြစ် သဖြင့် အသက်ရှူရန် လေဝင်လေထွက် ကောင်းသည့် နေရာ၊ နံနက်ခင်းတွင် သဘာဝ နေရောင်ခြည် ဝင်သည့် နေရာဖြစ်လျှင် ကျန်းမာရေး အတွက် ကောင်းသည်။ ဤအချက်များနှင့် မပြည့်စုံလျှင် ရေရှည်တွင် ကျန်းမာရေးကို ထိခိုက် လာနိုင်သည်။

လေဖြတ်ရောဂါ ခံစားရသူ သက်ကြီးရွယ်အို များကို အိမ်လိုက်ကြည့် သောအခါ ၄င်းတို့အိပ်ရာ၊ အိပ်ခန်းများမှာ မှောင်မည်းပြီး သန့်ရှင်းမှု မရှိသည်ကို တွေ့ရသည်။ အိပ်ရာခင်း၊ ခြုံစောင်၊ ခြင်ထောင်များမှာ မိုးရာသီတွင် မလျှော်မဖွပ်နိုင် သဖြင့် စိုထိုင်းပြီး အောက်သိုးသိုး အနံ့များ နံနေသည်ကို တွေ့ရသည်။ လူကြီးများ လေဖြတ်ရသည့် အဓိကပြစ်ချက်မှာ နေရောင်ခြည် လုံးဝ မဝင်သည့် အိပ်ခန်းတွင် နေရခြင်းပင် ဖြစ်ကြောင်း တွေ့ရှိရပါသည်။လူကြီးများ အသက်ကြီးလာလျှင် နံနက်ခင်း နေရောင်ရသော အခန်းတွင်သာ နေထိုင်အိပ်စက် သင့်သည်။

အချို့သော နေအိမ်များတွင် ငွေကြေးချမ်းသာသဖြင့် မိဘများကို အစားကောင်း ကျွေးပြီး အခိုင်းအစေ အိမ်ဖော်များဖြင့် မတောင့်မတ စိတ်ချမ်းသာအောင် အိမ်တွင်း၌ ထားကြသည် ဆိုသော်လည်း နေ့စဉ် နေရောင်ခြည် ရအောင် အပြင်ထွက်ခွင့် မပေးခြင်း၊ အိမ်တွင်း၌ပင် ပိတ်လှောင်ထား သလို ဖြစ်နေခြင်း ကြောင့်လည်း လေဖြတ် ဝေဒနာခံစား ရသည်ကို တွေ့ရပါသည်။ လူကြီးများ အိပ်ခန်းမှာ မလွှဲမရှောင်သာ နေရောင်ခြည် မရသော အခန်း ဖြစ်နေလျှင် နံနက်ခင်း နေရောင်ခြည် ရသောနေရာတွင် လမ်းလျှောက်ပေးခြင်း၊ မလျှောက်နိုင်သော အရွယ်ဖြစ်လျှင် ဝှီးချဲဖြင့်တင်ပြီး တွန်းကာ နေရောင်ခြည် အောက် ပို့ပေးခြင်းများ ပြုလုပ်သင့် ပါသည်။

အချို့သက်ကြီး ရွယ်အိုများတွင် အမှတ်မထင် နေရင်း ဆီးချို၊ သွေးချိုရောဂါ ဝင်လာတတ်သည်။ ထိုသို့ ဆီးချို၊ သွေးချို ဝင်လာရခြင်း အကြောင်းရင်းတွင် နေရောင်ခြည် မရခြင်း ကြောင့်လည်း ဖြစ်နိုင်သည်။ တစ်ကြိမ်တစ်ခါ မှ ခါးအောက်ပိုင်း ချွေးမထွက်သော လူကြီးများသည် နေရောင်ခြည် အောက်တွင် လမ်းလျှောက် ပေးခြင်း၊ မနိုင်လျှင် လူတွဲဖြင့် လျှောက်ပေးခြင်းဖြင့် ချွေးထွက် လာနိုင်သည်။ ခါးအောက်ပိုင်း ချွေးထွက်ခြင်းသည် သွေးချိုရောဂါကို သက်သာစေပြီး လေဖြတ်ခြင်းမှ ကာကွယ်ရာ ရောက်သည်။

သြကာသ လောကကြီးနှင့် သတ္တလောက ကြီးတွင် သက်ရှိ သတ္တဝါများ ရှင်သန်ပေါက်ဖွား လာရခြင်း၏ အဓိကကျသော အချက်မှာ ''ဘာဏုရာဇာ'' ခေါ် နေမင်းထွက်ပေါ် လာခြင်း၊ နေမင်း၏ အလင်းရောင်ခြည် ရရှိလာခြင်း ကြောင့်ဟု ဆိုပါသည်။ သဘာဝ ကပေးသော ကျန်းမာရေး စွမ်းအင်များသည် နေရောင်ခြည်မှ ရရှိနိုင်သော ကြောင့် လူကြီးများ လေဖြတ်ခြင်းမှ ကာကွယ်ရန် အိပ်ခန်းများကို နေရောင်ခြည် ရရှိနိုင်သော အခန်းတွင်သာ ထားရှိသင့်ကြောင်း သတိပေး တင်ပြလိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger