www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 11, 2017

ထွက်ပေါ်လာသည့် ကမ္ဘာ့ရေစီးကြောင်းလားရာ အစီရင်ခံစာ ( Global Trends )



( ရှိန်းထက် )

အမေရိကန်သမ္မတ ရွေးကောက်ပွဲများ နောက်ကိုလိုက်ပြီး လာမည့် ဆယ်စုနှစ် နှစ်ခုလောက်ကို ကြိုတင်ခန့်မှန်း ထားသည့် အမေရိကန် အမျိုးသား ထောက်လှမ်းရေး ကောင်စီ၏ လေးနှစ်တစ်ကြိမ် ထုတ်ပြန်နေကျ ကမ္ဘာ့ရေစီးကြောင်း လားရာ အစီရင်ခံစာ ( Global Trends ) သည် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ထွက်ပေါ်လာပြီ ဖြစ်သည်။

အမေရိကန်နိုင်ငံ၏ စစ်ရေး၊ စီးပွားရေး နှင့် နည်းပညာ စီးဆင်းမှုသည် တစ်ကမ္ဘာလုံး နီးပါးနှင့် သက်ဆိုင်လျက် ရှိသည်။ ထိုနည်းတူ သမ္မတသစ် တစ်ဦး၏ ကိုင်တွယ်ပုံ ကိုင်တွယ်နည်းချင်း ကလည်း ကွာခြား သောကြောင့် အာဖရိကကို စစ်ဖြစ် စေချင်လား၊ အရှေ့ အလယ်ပိုင်းကို စစ်ဖြစ်စေချင်လား၊ မည်သည့် နေရာကို စီးပွားရေး အကျပ်အတည်း ဖြစ်အောင် လုပ်ချင်သလဲ စသည့် မေးခွန်းများသည် အမေရိကန်၏ လက်ထဲမှာပင် ရှိနေသည်။

၂ဝ၁၇ ခုနှစ်မှစ၍ နောင်လာမည့် လေးနှစ်တာ ကာလအထိ အမေရိကန်နိုင်ငံကို ထရမ့်ပ်က အုပ်ချုပ်မည် ဖြစ်သည်။ အစီရင်ခံစာ မှာတော့ လုံးလည်ချာလည် လိုက်နေသည့် ဖွံ့ဖြိုးတိုးတက်မှု ဟု ခေါင်းစဉ်တပ် ထားပြီး
လာမည့် ငါးနှစ်အတွင်း ကမ္ဘာ့ အခြေအနေ သည် မတည်ငြိမ်မှုများနှင့် ပြည့်နှက် နေလိမ့်မည်ဟု ပါရှိသည်။

ကမ္ဘာ့စီးပွားရေးမှာ နှေးကွေး လေးလံလာပြီး နာလန်ပြန်ထူအောင် မလုပ်နိုင်သေးသည့် အချိန်တွင် တိုးတက်လာသည့် နည်းပညာ များကြောင့် လူသားတို့ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန်မှာ အလွန်အမင်း နည်းပါးလာလျက် ရှိသည်။ ယခင်က လူနှင့်သာ လုပ်ရသည့် နေရာများသည် နည်းပညာ တိုးတက်မှု များကြောင့် စက်ရုပ်များနှင့် အစားထိုး လာကြ သည်။ အလိုအလျောက် ခေတ်ကို ရောက်နေသည့် နည်းပညာကို ကမ္ဘာ့စီးပွားရေး က လိုက်မမီနိုင်သော အခါ ဟန်ချက်မညီ ဖြစ်တော့သည်။

ထို့ကြောင့် အခြေခံ လူတန်းစား ဦးရေမှာ ပိုမိုတိုးတက် လာရသည်။ စီးပွားရေးအရ နယ်ပယ်ချဲ့ထွင်ပါက တစ်နိုင်ငံနှင့် တစ်နိုင်ငံ တင်းမာမှုများ ပိုမိုမြင့်တက် လာနိုင်သည်။ ထိုအခြေအနေ တွင် အကြမ်းဖက်တို့ ခေါင်းထောင် လာရန် အကောင်းဆုံး အချိန်ဖြစ်သည်။ အစွန်းရောက်တို့သည် ယင်းကဲ့သို့ နိုင်ငံတကာ ကျဉ်းထဲကျပ်ထဲ ရောက်နေသည့် အချိန် တွင် ဝင်လာတတ် ကြသည်။ ထို့ကြောင့် လာမည့်နှစ် များသည် အကြမ်းဖက် အမျိုးသားရေး ဝါဒီများ ခေါင်းထောင်ထ လာမည့်နှစ်များ ဖြစ်သည်ဟု အစီရင်ခံစာက ဖော်ပြထားခြင်း ဖြစ်သည်။ အမေရိကန်နှင့် တရုတ်တို့သည် ကမ္ဘာ့ စီးပွားရေး ဟန်ချက်ညီညီ တိုးတက်လာရန် ပူးပေါင်း ဆောင်ရွက်မည်ဟု ဆိုနေကြသော်လည်း တကယ်တမ်း လက်တွေ့တွင် ကိုယ်ကျိုးစီးပွား အတွက်သာ ကြည့်ပြီး တစ်ကိုယ်ကောင်း ဆန်ကြသည်။

အမေရိကန် ကလည်း သူ့စီးပွားရေး စီမံကိန်းတွင် တရုတ် အကျိုးအမြတ် ရမည့်ကိစ္စ ဆိုလျှင် ထိုစီမံကိန်းကို အကောင်အထည် မဖော်နိုင်အောင် ကြိုးစားသည်။ တရုတ်ကလည်း သူ့စီးပွားရေး စီမံကိန်းတွင် အမေရိကန် အကျိုး အမြတ် အနည်းငယ် ရရှိဖို့ကိုပင် မလိုလား။ စီမံကိန်းများ ရေးဆွဲစဉ်ကပင် အမေရိကန် အကျိုး ဖြစ်ထွန်းစေမှုကို ရှောင်ကွင်းပြီး ရေးဆွဲသည်။

ယခုတော့ အမေရိကန် နိုင်ငံရေး မသေချာ မရေရာ ဖြစ်နေသည့်အချိန် ဥရောပတွင်လည်း သူ့အပူနှင့်သူ ဟပ်နေသည်။ အရှေ့အလယ်ပိုင်း စစ်မီးက ဥရောပသို့ တိုက်ရိုက် သက်ရောက်မှုများ ပေးနေသည်။ အရှေ့ အလယ်ပိုင်း အကြမ်းဖက်မှု များက ဥရောပတွင် လာရောက် ရှင်သန်နေသည်။ လူပေါင်းရာ နှင့်ချီ၍ပင် ဥရောပသားတို့ အကြမ်းဖက် လက်ချက်ကြောင့် သေဆုံးခဲ့ ရသည်။

ဂျာမနီ ဝန်ကြီးချုပ် မာကယ်လ် ကပင် အကြမ်းဖက်မှု အန္တရာယ်ကို စိုးရိမ်နေရပြီ ဟု ဝန်ခံခဲ့သည်။ ထို့ပြင် ယခုအချိန်ထိ ဥရောပသို့ အရှေ့ အလယ်ပိုင်းက စစ်ပြေး ဒုက္ခသည်များ ဝင်ရောက် လာမှုသည် မပြီးဆုံးနိုင်အောင် ရှိနေသည်။ ဥရောပ စီးပွားရေး တိုးတက်မှု ကလည်း ကောင်းမွန်သည့် အနေအထား တစ်ရပ်သို့ မရောက်ရှိ သောကြောင့် ရွှေ့ပြောင်း ဒုက္ခသည်များကို မည်သူကမျှ လက်မခံချင်ပေ။ ၄င်းတို့နိုင်ငံ အတွက် ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာနိုင် သောကြောင့် ဖြစ်သည်။

ထိုကြောင့် ဗြိတိန်သည် ဥရောပသမဂ္ဂ မှခွဲထွက်သည်။ ဥရောပသမဂ္ဂနှင့် လက်တွဲခြင်းက သူ့စီးပွားရေး တိုးတက်မှုကို ဖြစ်သင့်သလောက် မဖြစ်ဟု ဗြိတိန် ယူဆသောကြောင့် ဖြစ်သည်။ ဥရောပကလည်း သူ့ကိစ္စ သူမဖြေရှင်းနိုင်၊ အမေရိကန် ကလည်း သူ့နိုင်ငံရေးသူ ဘယ်ဆီ ရောက်မည်မှန်း မသိ။ ထိုကြားထဲ အမေရိကန်က ရုရှားတို့ ဆိုက်ဘာ တိုက်ခိုက်မှု ကျူးလွန်သည် ဟု စွပ်စွဲကာ ရုရှားသံအမတ် များကိုပင် ပြည်နှင်ဒဏ် ပေးလိုက်သေးသည်။ ယခုလည်း နောက်ထပ် ရုရှား ထောက်လှမ်းရေး အရာရှိ ငါးဦးကို ထပ်မံပိတ်ပင် လိုက်ပြန်သည်။ ယခုတော့ ပိုလန်နှင့် ဂျာမနီတို့၌ အမေရိကန် တပ်မများ ရောက်ရှိလာပြီ ဖြစ်သည်။

ရုရှား ကျူးကျော်မှုကို ကာကွယ်ရန် ဥရောပ တစ်လွှား စစ်ရေးလေ့ကျင့်မှု များကို အမေရိကန် စစ်တပ်က နေတိုးနှင့် ပူးပေါင်းပြုလုပ် မည်ဖြစ်သည်။ ဇန်နဝါရီ ၁ဝ ရက်တွင် ပိုလန်သို့ ရောက်ရှိလာသည့် အမေရိကန် စစ်တပ်သည် ယခုလ နှောင်းပိုင်းတွင် နေတိုးနှင့် ပေါင်းကာ ပထမဆုံး စစ်ရေး လေ့ကျင့်မှု ပြုလုပ်မည် ဖြစ်သည်။

ရုရှားနှင့် ဥရောပ တင်းမာမှုကလည်း မြင့်တက်လာ၊ အမေရိကန် နှင့် ရုရှား တင်းမာမှု ကလည်း မြင့်တက်လာ၊ တရုတ်နှင့် အမေရိကန် တင်းမာမှုကလည်း မြင့်တက်လာ၊ ထိုအထဲတွင် ရုရှားနှင့် အမေရိကန် အဆင်ပြေ လာဖို့က ထရမ့်ပ် လက်ထဲ၌သာ ရှိသည်။ ထိုကြားထဲ အဖုအထစ် ဖြစ်လာသည်က ရုရှားတို့ ဆိုက်ဘာ တိုက်ခိုက်မှုကို အနည်းငယ် သံသယဝင် လာခြင်းနှင့် ပူတင်နှင့် အပြိုင် နျူကလီးယား အင်အားကို တိုးချဲ့ရန် အကြံပြုခြင်း ဖြစ်သည်။

ထို့ကြောင့် ရုရှားနှင့် ဆက်ဆံရေးကို လက်မခံသည့် လူသည် ဦးနှောက် မရှိသည့်လူဟု ပြောထားခဲ့သော ထရမ့်ပ်က ယခုတော့ ဆိုက်ဘာ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ၄င်း၏အမြင်ကို ပြောပါဟု AP သတင်းဌာနနှင့် တွေ့ဆုံစဉ်က မေးသည်ကိုတော့ ငြင်းဆန်ပြီး ယခုပူတင်နှင့် ပတ်သက်လာလျှင် သိပ်ပြီး တစ်ဖက်သတ် ဘက်မလိုက် တော့ပေ။ ထရမ့်ပ် စဉ်းစားခန်း ဝင်နေရသည့် အချိန်ဖြစ်သည်။ ထို့ကြောင့် အမေရိကန် နိုင်ငံရေးကလည်း မသေချာ မရေရာသည့် အနေအထား။ ထိုကြားထဲ အမြတ်ထုတ် နိုင်သည့် လူများက တရုတ်နှင့် ရုရှားတို့ ဖြစ်သည်။ ရှုပ်ထွေးနေသည့် အမေရိကန် နိုင်ငံရေး အခြေအနေ၊ ဖြစ်ပေါ်လာမည့် လက်နက်ကိုင် အကြမ်းဖက်မှု ပဋိပက္ခများ ၊ ကမ္ဘာ့စီးပွားရေး ထင်သလောက် မတိုးတက်ဘဲ ဆင်းရဲမှု ပြန်လည်နေရာ ယူလာမည့် အခြေအနေ များက အမေရိကန် ၏ သြဇာကို စိန်ခေါ်ရန် ရုရှားနှင့်တရုတ် တို့ကို တွန်းအားပေး သကဲ့သို့ ဖြစ်လာမည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဥပမာ- ISIS တို့ ဆီးရီးယားတွင် အုပ်စိုးနေချိန် ရုရှားက အာဆတ်ကို ဝင်ကူပြီး အရှေ့ အလယ်ပိုင်း သြဇာကို အမေရိကန် လက်ထဲမှ ရုရှားတို့ဝင်ယူ သွားသည့် ဖြစ်ရပ်မျိုး ဖြစ်သည်။ စီးပွားရေးဘက် တွင်ဆိုလျှင်လည်း တရုတ်က ဥရောပအရောက် ကုန်သွယ်ရေး လမ်းမဖောက်ပြီး အမေရိကန် စီးပွားရေး ဝေစုကို နေရာဝင်ယူမည့် စီမံကိန်း One Belt- One Road မှာ စတင်အသက်ဝင် နေပြီ ဖြစ်သည်။

ထို့ကြောင့် အမေရိကန်၏ သြဇာသည် တရုတ်နှင့် ရုရှားတို့၏ တိုက်ခိုက်မှုကို ကျိန်းသေခံစား ရဦးမည်ဖြစ်သည်။ ၁၉၉၇ ခုနှစ် ကတည်းက ထုတ်ပြန်လာသည့် အဆိုပါ အစီရင်ခံစာသည် လူတိုင်းက စောင့်ကြည့်ရသည့် အစီရင်ခံစာ တစ်ခုဖြစ်ပြီး အမေရိကန် အစိုးရသစ် အတွက် အားကိုးရသည့် အစီရင်ခံစာလည်း ဖြစ်သည်။ အစီရင်ခံစာ ပြုစုရန် ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင် များနှင့် ချိတ်ဆက်ကာ လက်တွေ့သဘော ဆောင်သည့် အရာများ အပေါ်တွင်သာ သုံးသပ်ခန့်မှန်း ထားပြီး အထူးသဖြင့် အမေရိကန် နိုင်ငံခြားရေး မူဝါဒ ရေးဆွဲရေးကို ထိုအစီရင်ခံစာက အထောက်အကူ ပေးနိုင်သည်။

ထို့ကြောင့် ယခုအစီရင်ခံစာ အရ ထရမ့်ပ် လက်ထက် အမေရိကန် အစိုးရသစ် မတည်ငြိမ်မှု များကြောင့် ဖြစ်လာမည့် နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေး တို့အတွက် ကြိုတင် ပြင်ဆင်ရတော့မည် ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger