www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 2, 2017

ဧရာမလေဆာကိရိယာသဖွယ် ပြုမူနေသော လှပသည့် Galaxy တစ်ခုကို တွေ့ရှိ




လန်ဒန် ၊ ၂-၁-၂၀၁၇

နာဆာပိုင် Hubble အာကာသ တယ်လီစကုပ်ကြီး က မှင်သက် အံ့သြဖွယ် ကောင်းလောက်အောင် လှပပြီး ဧရာမလေဆာ ကိရိယာသဖွယ် ပြုမူလျက်ရှိသော ဂလက်ဆီ အမှတ် IRAS 16399-0937 ကို ၂ဝ၁၆ ခုနှစ်၏ နောက်ဆုံး ဓာတ်ပုံအဖြစ် ရိုက်ကူး မှတ်တမ်းတင် ခဲ့ကြောင်း သိရသည်။

IRAS သည် မျက်စိဖြင့် မြင်နိုင်သော လေဆာရောင်ခြည် ကို လွှတ်ထုတ်နေခြင်း မဟုတ်ဘဲ မိုက်ခရိုဝေ့ဗ် ဓာတ်ရောင်ခြည်ကို အဆက်မပြတ် လွှတ်ထုတ် နေခြင်းဖြစ်ကြောင်း၊ ၄င်းဂလက်ဆီ သည် စကြဝဋ္ဌာ အတွင်းရှိ ဂလက်ဆီများ အနက် ထူးခြားမှု အလွန်များနေပြီး Megamaser Galaxy အမျိုးအစား ဖြစ်ကြောင်း နာဆာ သုတေသီတစ်ဦး က ရှင်းပြသည်။

IRAS သည် အခြားသော Megamaser Galaxy များထက် အဆပေါင်းသန်း ၁ဝဝ ထက်မနည်း ပို၍ တောက်ပကြောင်း၊ အခြားဂလက်ဆီ များတွင် မော်လီကျူး တိမ်တိုက် အချို့သာ မိုက်ခရိုဝေ့ဗ် ဓာတ်ရောင်ခြည် ကို လွှတ်ထုတ် နေသော်လည်း IRAS မှ ဂလက်ဆီ တစ်ခုလုံးက ၄င်း ဓာတ်ရောင်ခြည်ကို လွှတ်ထုတ်နေခြင်း ဖြစ်သည့်အတွက် အလွန် တောက်ပနေခြင်း ဖြစ်သည်။

IRAS သည် ကမ္ဘာနှင့် အလင်းနှစ် သန်းပေါင်း ၃၇ဝ ထက်မနည်း ကွာဝေးကြောင်း၊ ယခင် ကတည်းက စူးစမ်းလေ့လာ နေခဲ့ခြင်း ဖြစ်သော်လည်း ယခုတစ်ကြိမ် ရိုက်ကူးရရှိသော ဓာတ်ပုံမှာ အကောင်းဆုံး ဓာတ်ပုံဖြစ်ကြောင်း၊ Hubble အာကာသ တယ်လီစကုပ် ပေါ်ပါရှိသော ကိရိယာနှစ်မျိုးကို တွဲဖက် အသုံးပြုကာ ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး ပုံရိပ်များအရ ၄င်းဂလက်ဆီတွင် နျူကလိယ နှစ်လုံး ပါရှိသည်ကို တွေ့ရှိခဲ့ကြောင်း ၊ ဆိုလိုရင်းမှာ ၄င်းသည် ဂလက်ဆီနှစ်ခု တိုက်မိပြီး ပေါင်းစပ်သွားရာမှ ဖြစ်ပေါ်လာသော ဂလက်ဆီ ဖြစ်ကြောင်း သိရသည်။

သို့သော် အဆိုပါ နျူကလိယ နှစ်လုံးမှာ တစ်လုံးနှင့်တစ်လုံး အလင်းနှစ်ပေါင်း ၁၁ဝဝဝ ထက်မနည်း ကွာဝေးကြောင်း၊ ရိုက်ကူးထားသော ပုံရိပ်ထဲတွင်မူ တစ်နေရာတည်း နီးပါးတွင် တည်ရှိနေသည့် အလား ပေါ်လွင်နေခြင်း ဖြစ်ကြောင်း သိရသည်။ 

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger