www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 24, 2017

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို ၊ တွေ့ဆုံဆွေးနွေး ၊ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း 
ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Chalermchai Sitthisad တို့ 
ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူစဉ်


နေပြည်တော် ၊ ၂၄-၁-၂၀၁၇

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၏ ဖိတ်ကြားချက် အရ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော ထိုင်းဘုရင့် တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Chalermchai Sitthisad အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည့် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ ၄၅ မိနစ် တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ၌ ကျင်းပသည်။

ဦးစွာ ထိုင်းဘုရင့် တပ်မတော် ကြည်းတပ် ဦးစီးချုပ် General Chalermchai Sitthisad သည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနား ကျင်းပရာ ဇေယျာသီရိဗိမာန် သို့ မော်တော်ယာဉ် ဖြင့် ရောက်ရှိလာရာ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကြိုဆိုနှုတ်ဆက် သည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ထိုင်းဘုရင့် တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Chalermchai Sitthisad တို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။

ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ထိုင်းဘုရင့် တပ်မတော် ကြည်းတပ် ဦးစီးချုပ် General Chalermchai Sitthisad တို့သည် အခမ်းအနားသို့ တက်ရောက် လာကြသည့် နှစ်နိုင်ငံ တပ်မတော်များမှ အရာရှိကြီးများအား အပြန်အလှန် မိတ်ဆက်ပေး ကြသည်။

အဆိုပါဂုဏ်ပြု ကြိုဆိုပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ နှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ကြပြီး ထိုင်းဘုရင့် တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Chalermchai Sitthisad နှင့်အတူ အိမ်နီးချင်းနိုင်ငံများ ဆိုင်ရာ ညှိနှိုင်းရေး ဗဟိုဌာန ညွှန်ကြားရေးမှူး General Singhasak Uthaimongkol ၊ထိုင်းဘုရင့် တပ်မတော်ကြည်း တပ်မှ တပ်မတော် အရာရှိကြီးများနှင့် မြန်မာ နိုင်ငံဆိုင်ရာ ထိုင်းဘုရင့် တပ်မတော်ကြည်းတပ် စစ်သံမှူး Senior Colonel Apichart Choopavang တို့တက်ရောက် ကြသည်။

၎င်းနောက် ထိုင်းဘုရင့် တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Chalermchai Sitthisad က ဇေယျာသီရိဗိမာန် ဧည့်သည်တော် မှတ်တမ်းစာအုပ် တွင် မှတ်တမ်းတင် လက်မှတ် ရေးထိုးသည်။

ဆက်လက်ပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ထိုင်းဘုရင့် တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Chalermchai Sitthisad ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင် ၌ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က မြန်မာ-ထိုင်း နှစ်နိုင်ငံသည် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်း ဆက်ဆံရေး၊ အာဆီယံအဖွဲ့ဝင် များဖြစ်၍ အာဆီယံ ဆက်ဆံရေး၊ အစိုးရချင်း ဆက်ဆံရေး၊ သံတမန် ဆက်ဆံရေးနှင့် စစ်ဘက် ဆက်ဆံရေး စသည့်ထူးခြား လေးနက်သည့် ဆက်ဆံရေး ရှိကြောင်း၊ ရိုးသားမှု နှင့် ပွင့်လင်းမြင်သာမှုကို အခြေခံပြီး ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ပြဿနာ အခက်အခဲ အားလုံးကို ရင်ဆိုင်ကျော်လွှား နိုင်ပြီး ယခုထက် ပိုမို ကောင်းမွန်သည့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ဆက်ဆံရေးကို ဖော်ဆောင် နိုင်မည် ဖြစ်ကြောင်း ဦးစွာ ပြောကြားသည်။

ယင်းနောက် ထိုင်းဘုရင့် တပ်မတော် ကြည်းတပ် ဦးစီးချုပ်က ယခင်မိမိတို့၏ တွေ့ဆုံခင်မင် ရင်းနှီးမှုကို အခြေခံ၍ ဆက်လက် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံ သည့် အတွက် မြန်မာ့ တပ်မတော်မှ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့မှုနှင့် ထိုင်းနိုင်ငံ တောင်ပိုင်း ရေဘေးအတွက် စာနာမှုတို့ အတွက်လည်း ကျေးဇူးတင်ရှိ ပါကြောင်း ပြန်လည် ပြောကြားသည်။ ထို့နောက် တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များ၊ ယဉ်ကျေးမှု၊ အားကစားနှင့် ဆေးကုသရေး တို့တွင် ပူးပေါင်း ဆောင်ရွက်ရေး၊ ထိုင်းနိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူရေး ဆိုင်ရာ လေ့လာရေး ကိစ္စရပ်များ၊ ဘာသာစကား သင်တန်း ကိစ္စရပ်များ၊ အပြန်အလှန် ထောက်လှမ်းရေး သတင်းဖလှယ်မှု ကိစ္စရပ်များ၊ နယ်စပ်ဒေသ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး၊ လက်နက် မှောင်ခိုမှု၊ လူကုန်ကူးမှု တားဆီး ကာကွယ် တိုက်ဖျက်ရေး ကိစ္စရပ်များတွင် ပိုမိုတိုးမြှင့် လုပ်ဆောင်ရေး၊ နယ်စပ်ဒေသ တောမီး လောင်ကျွမ်းမှု တားဆီး ကာကွယ်ရေးတွင် ပူးပေါင်း လုပ်ဆောင်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှု နှင့် ပြည်သူလူထု လုံခြုံရေးအတွက် နှစ်ဦးနှစ်ဖက် ယှဉ်တွဲ ကင်းလှည့်မှု အပါအဝင် ပူးပေါင်း ဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင် လုပ်ဆောင်ရေး ကိစ္စရပ် များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ၍ အပြန်အလှန် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲ အပြီးတွင် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ထိုင်းဘုရင့် တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Chalermchai Sitthisad တို့သည် အထိမ်းအမှတ် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး အဖွဲ့ဝင်များနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

ညပိုင်းတွင် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီးသည် ထိုင်းဘုရင့် တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Chalermchai Sitthisad နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ Horizon Lake View Hotel ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ၊ ဒေါ်သန်းသန်းနွယ်တို့က ထိုင်းဘုရင့် တပ်မတော်ကြည်းတပ် ဦးစီးချုပ် General Chalermchai Sitthisad နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာဖြင့် 
တည်ခင်းဧည့်ခံစဉ်

ဂုဏ်ပြုညစာစားပွဲတွင် မြ၀တီတေးဂီတအဖွဲ့က အကပဒေသာဖြင့် ကပြဖျော်ဖြေစဉ်

ဂုဏ်ပြု ညစာစားပွဲသို့ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၏ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီးတို့ တက်ရောက် ကြပြီး ထိုင်းဘုရင့် တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Chalermchai Sitthisad ၏ ဇနီး Mrs. Benjawan Sitthisad ၊ အိမ်နီးချင်း နိုင်ငံများဆိုင်ရာ ညှိနှိုင်းရေး ဗဟိုဌာန ညွှန်ကြားရေးမှူး General Singhasak Uthaimongkol နှင့် ဇနီး၊ ထိုင်းဘုရင့် တပ်မတော် ကြည်းတပ်မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းဘုရင့် တပ်မတော် ကြည်းတပ်စစ်သံမှူး Senior Colonel Apichart Choopavang နှင့်ဇနီးတို့ တက်ရောက် ကြသည်။

ညစာ မသုံးဆောင်မီတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် General Chalermchai Sitthisad တို့က နှုတ်ခွန်းဆက်စကားများ အပြန်အလှန် ပြောကြားကြပြီး အဖွဲ့ဝင်များနှင့် အတူတကွ ညစာသုံးဆောင် ကြသည်။ ညစာသုံးဆောင် နေစဉ်အတွင်း ပြည်သူ့ဆက်ဆံရေး နှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲ့မှ နှစ်နိုင်ငံ တေးသီချင်းများ၊ အကပဒေသာများဖြင့် သီဆိုကပြ ဖျော်ဖြေကြပြီး ညစာသုံးဆောင်အပြီးတွင် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။ ထို့နောက် သီဆိုကပြ ဖျော်ဖြေကြသော မြဝတီတေးဂီတ အဖွဲ့မှ စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းများ အသီးသီး ပေးအပ်ကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger