www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 24, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော် ကြည်းတပ်ဦးစီးချုပ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်တပ်မတော်
 ကြည်းတပ်ဦးစီးချုပ်  General Chalermchai Sitthisad အား လက်ခံတွေ့ဆုံစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့်တပ်မတော်
 ကြည်းတပ်ဦးစီးချုပ်  General Chalermchai Sitthisad တို့အဖွဲ့ဝင်များနှင့်အတူ စုပေါင်းဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၂၄-၁-၂၀၁၇

မြန်မာနှင့် ထိုင်းသည် အိမ်နီးချင်းကောင်း နိုင်ငံများဖြစ်ပြီး ဘက်ပေါင်းစုံမှ ကောင်းမွန်သည့် ဆက်ဆံရေး ရှိကြောင်း၊ ညီအစ်ကိုကဲ့သို့ ချစ်ကြည် ရင်းနှီးမှုကို အခြေခံထားသည့် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ် အကြားဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှုမှာ လည်း လက်ရှိတွင် အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေကြောင်း၊ ယင်းကို နှစ်ဦးနှစ်ဖက် ဆက်လက်ထိန်းသိမ်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ထိုင်းဘုရင့် တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Chalermchai Sitthisad ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ယမန်နေ့နံနက် ၁၁ နာရီတွင် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ကြပြီး ထိုင်းဘုရင့် တပ်မတော် ကြည်းတပ်ဦးစီးချုပ် နှင့်အတူ အိမ်နီးချင်းနိုင်ငံ များဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန ညွှန်ကြားရေးမှူး General Singhasak Uthaimongkol ၊ ထိုင်းဘုရင့် တပ်မတော်ကြည်းတပ်မှ တပ်မတော် အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်တပ်မတော် ကြည်းတပ် စစ်သံမှူး Senior Colonel Apichart Choopavang တို့ တက်ရောက် ကြသည်။

ယင်းသို့တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထိုင်းနိုင်ငံ၊ ထိုင်းပြည်သူများ၏ အသည်းနှလုံး ဖြစ်သည့် ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံခဲ့သည့် အတွက် ဝမ်းနည်းပါကြောင်း၊ လက်ရှိထိုင်းနိုင်ငံ တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ရေဘေးအန္တရာယ်နှင့် ရင်ဆိုင်ရမှု ကိုလည်း စာနာပါကြောင်း၊ လိုအပ်သည်များ ကိုလည်း ကူညီပေးရန် အသင့်ရှိကြောင်း ပြောကြား၍ မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၁ ခုနှစ်မှစပြီး ပါတီစုံဒီမိုကရေစီ လမ်းကြောင်း လျှောက်လှမ်းခဲ့မှု၊ ၂ဝ၁၅ ခုနှစ် NCA လက်မှတ်ရေးထိုး နိုင်မှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆက်လက် လုပ်ဆောင်နေမှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။

ထို့နောက် ထိုင်းဘုရင့် တပ်မတော် ကြည်းတပ်ဦးစီးချုပ်က ၂ဝ၁၁ ခုနှစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူချိန်တွင် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှု တစ်ဆင့်ပြီး တစ်ဆင့် ပိုမိုတိုးတက် ကောင်းမွန်ခဲ့ကြောင်း၊ မိမိတာဝန်ယူသည့် အချိန်တွင်လည်း ကောင်းမွန်သည်ထက် ကောင်းမွန်အောင် ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြန်လည် ပြောကြားပြီး ရေဘေးဒုက္ခသည် များအတွက် ပြန်လည် ထူထောင်ရေး လုပ်ဆောင်နေသည့် အခြေအနေများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသတွင် အကြမ်းဖက် လှုပ်ရှားမှုများကို စောင့်ကြည့်မှု အခြေအနေများ၊ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား များအား ကူညီဆောင်ရွက်မှု အခြေအနေ များအား ဆွေးနွေး ပြောကြားသည်။

ဆက်လက်ပြီး မြန်မာ-ထိုင်း တပ်မတော် နှစ်ရပ်အကြား ယခင်ဆွေးနွေးညှိနှိုင်း ထားသည့် အားကစား၊ ယဉ်ကျေးမှုနှင့် ဆေးကုသမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်ရေး၊ နှစ်နိုင်ငံနယ်စပ် ဒေသတွင် ဘာသာရေး အစွန်းရောက်များနှင့် အကြမ်းဖက်မှု ကာကွယ် တားဆီးရေးအတွက် အပြန်အလှန် သတင်းဖလှယ်၍ ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ရေး၊ နယ်စပ်ဒေသတွင် တောမီးလောင်မှု တားဆီး ကာကွယ်ရေးနှင့် သစ်တောများ ပြန်လည် စိုက်ပျိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်တွင် ခိုင်မာစွာ လျှောက်လှမ်းနိုင်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် ထိုင်းဘုရင့် တပ်မတော်ကြည်း တပ်ဦးစီးချုပ် တို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြပြီး အဖွဲ့ဝင်များနှင့် အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger