www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 6, 2017

စည်းကမ်းမဲ့ ငါးဖမ်းခြင်းများကြောင့် တောင်သမန်အင်း တိမ်ကောပြီး အင်း၏အလှများ ပျက်စီးလာနိုင်



မန္တလေး ၊ ၆-၁-၂၀၁၇

မန္တလေး အမရပူရမြို့နယ်ရှိ တောင်သမန်အင်း အတွင်း၌ စည်းကမ်းမဲ့ ငါးဖမ်းခြင်းကြောင့် တောင်သမန်အင်း တိမ်ကောပြီး အင်း၏အလှများ ပျက်စီးလာ နိုင်ကြောင်း တောင်သမန် ငှက်လှေအသင်းမှ သိရသည်။

၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှ စတင်၍ တောင်သမန်အင်း အတွင်း ငါးထုတ်လုပ် လေလံ ပိတ်သိမ်းခဲ့ပြီး နောက်ပိုင်းတွင် တောင်သမန်အင်း အနီးအနားကျေးရွာ များက တောင်သမန်အင်း အတွင်း ငါးဖမ်းရာတွင် မှော်ဒိုက် (သစ်ကိုင်း) ပုံများချထားပြီး ငါးဖမ်းခြင်း တို့ကြောင့် တောင်သမန်အင်း တိမ်ကောပြီး အင်း၏ အလှများ ပျက်စီးလာနိုင်ကြောင်း တောင်သမန်ငှက်လှေ အသင်း ဥက္ကဋ္ဌ ဦးစိုးဝင်း က ပြောပြသည်။

''သူတို့က ငါးဖမ်းတဲ့အခါ သစ်ကိုင်းပုံတွေချ မှော်ဒိုက်ပုံစံ လုပ်ပြီး ငါးဖမ်းတယ်။ မှော်ဒိုက် (သစ်ကိုင်း) ပုံတွေဆို အင်းအတွင်းမှာ ၁ဝဝ လောက်ရှိတယ်။ ရေတက်ချိန် ဖြစ်ဖြစ်၊ ရေကျချိန် ဖြစ်ဖြစ် သူတို့က ငါးကို ရသလောက် ဖမ်းပြီး အဲဒီသစ်ကိုင်းပုံ တွေကို ပြန်မဖယ်တော့ဘူး။ အခုဆို ရေကကျနေတော့ ပိုဆိုးတာပေါ့။ အဲဒီမှော်ဒိုက်ပုံ တွေက ရေညစ်ညမ်းမှုလဲ ဖြစ်တယ်။ လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသား တွေကလဲ မကြိုက်ဘူး။ ဧည့်လမ်းညွှန် တွေကလဲ ခဏခဏ ပြောတယ်။ ရှုခင်းအလှတွေ ပျက်စီးတော့ ဖယ်ခိုင်းတာပေါ့''ဟု ၄င်းက ဆက်လက် ပြောပြသည်။

တောင်သမန်အင်း အတွင်းတွင် တစ်နေ့လျှင် လူဦးရေ ၆ဝဝ ခန့် ငါးဖမ်းခြင်း လုပ်ကိုင်နေကြ ကြောင်း သိရသည်။

တောင်သမန်အင်း နှင့် တောင်သမန် တံတားတွင် လာရောက် လည်ပတ်သည့် ပြည်ပ နိုင်ငံခြားသား ခရီးသွားများ၊ ပြည်တွင်းခရီးသွား များဖြင့် နေ့စဉ် စည်ကားလျက် ရှိပြီး လက်ရှိ အချိန်တွင် တစ်ရက်လျှင် ပြည်ပ နိုင်ငံခြားသား ခရီးသွားဦးရေ ၈ဝဝ ကျော်နှင့် ပြည်တွင်းခရီးသွား ဦးရေ ၁ဝဝဝဝ ကျော် လာရောက် လည်ပတ်လျက် ရှိကြောင်း တောင်သမန် ငှက်လှေအသင်းမှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger