www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 19, 2016

အအေးကြိုက်သူများ ဆီးချိုရောဂါ ဖြစ်နိုင်ခြေပို၍များ



ကြည်လွင်မြင့် (မုဒြာ)

ဆီးချိုရောဂါသည် ယခုမှ ပေါ်လာသော ရောဂါမဟုတ်။ ရှေးနှစ်ပေါင်း တစ်ထောင်ခန့်က အာယုဗေဒ ဆေးကျမ်းများတွင် တွေ့ရှိရသော မဓုပမေဟ ခေါ် ဆီးတွင် ပုရွက်ဆိတ်များ အုံသောရောဂါ အကြောင်းမှာ ဆီးချိုရောဂါ၏ လက္ခဏာများပင် ဖြစ်သည်။ ယခုအခါ ဆီးချိုသွေးချို ရောဂါဟု ဆရာဝန်ကြီး များက ခေါ်ဝေါ်သုံးစွဲ လာသည်။ သွေးချိုရှိလျှင် ဆီးချိုရောဂါ နှင့်အတူတူ ပင်ဖြစ်သည်။ ဆီးကို ပုရွက်ဆိတ်အုံ သည့်အဆင့် ရောက်လျှင် သွေးချိုမှာ အတော်ပင် မြင့်နေပြီ ဖြစ်သည်။

လူတစ်ယောက် ပိန်ရာမှ ဝလာလျှင် သွေးတိုးရောဂါ၊ အသည်းအဆီဖုံး ရောဂါတို့ကို ကြောက်၍ သတိထား စစ်ဆေးကြ သော်လည်း ဆီးချိုရောဂါကို သတိမေ့ နေတတ်ကြသည်။ ထို့ကြောင့် ဆီးချိုရောဂါ ဖြစ်ကြောင်း သိလျှင် နောက်ကျနေပြီ ဖြစ်တတ်သည်။ ဖြစ်နေတာ နှစ်ချီကြာသည် အထိ မသိရှိ၊ သတိမထားမိ ဖြစ်တတ် ကြသည်။

မိတ်ဆွေတစ်ဦး သည် ခြေစွယ်ငုပ်သဖြင့် ဓားဦးချွန်နှင့် ဖော်လိုက်ရာမှ အနာမကျက် ပြည်တည် လာသည်။ ခြေမတစ်ဝိုက် ညိုမည်းပြီး ပုပ်တော့မည့် အနေအထား ဖြစ်လာမှ ဆေးရုံပြပြီး စစ်ဆေး လိုက်သောအခါ ဆီးချိုသွေးချို အဆင့် ၁၂ အထိ တက်နေကြောင်း သိရသည်။ ဆီးချိုအမြန်ချပြီး ကုသလိုက်ရသည်။ ခြေမမဖြတ်လိုက်ရ သည်မှာ ကံကောင်းသည် ဟု ဆရာဝန်ကြီးက ပြောသည်။

''မဓုပမေဟ'' ခေါ် ဆီးချိုရောဂါ၏ အစမှာ အအေးကြိုက်ခြင်း က ဖြစ်သည်ဟု ရှေးဆေးကျမ်း များက ဆိုသည်။ လူကိုယ်ခန္ဓာ အအေးကြိုက်ခြင်း သာမက အေးသော အစားအစာကို ကြိုက်နှစ်သက်မှု လွန်ကဲခြင်းကြောင့် ဆီးချိုရောဂါ ဖြစ်နိုင်သည်။ ချိုသောအစာ ကို ကြိုက်နှစ်သက် လွန်းလျှင်လည်း ဖြစ်နိုင်သည်။ အချိုဓာတ်သည် သီတ ပထဝီဓာတ်ဟု ခေါ်၍ ဝမ်းထဲရောက်ပြီး ခုနစ်နာရီခန့် ကြာသောအခါ သွေးထဲသို့ ရသရည် အဖြစ် ရောက်သည်။ 

ရသရည် အရောက်များ သဖြင့် မကြေကျက် နိုင်သောအခါ သွေးချိုရောဂါ ဖြစ်ရသည်။ သွေးချိုရောဂါမှ စွန့်ထုတ်သော ဆီးတွင် သကြားဓာတ်များ ပါသွားသဖြင့် ဆီးချိုရောဂါဟု ခေါ်ဆိုခြင်း ဖြစ်သည်။

ယခုခေတ်တွင် နောက်ထပ် ပေါ်လာသော အအေးစာ တစ်မျိုးမှာ ရေခဲသေတ္တာတွင် ကြာရှည်စွာ သိမ်းထားသော အသားနှင့်အသီးများ ဖြစ်သည်။ မီးဖြင့် ချက်စားသော်လည်း အတွင်းမှာ အောင်းနေသော သီတဓာတ်ကို ပျက်အောင် မချက်နိုင်သဖြင့် ရသရည်မှ တစ်ဆင့် သွေးထဲ ရောက်သွားပြီး သွေးချိုရောဂါ ဝင်လာတတ်သည်။ ကျန်းမာရေး အတွက် ဆီးချိုရောဂါ၊ သွေးချိုရောဂါကို ရှောင်လိုလျှင် သဘာဝ လတ်ဆတ်သော အသီးအနှံကိုသာ ရွေးချယ် စားသုံးသင့်သည်။

ခေတ်မီသူတိုင်း ပင်လယ်ငါး စားကြသည်။ ပင်လယ်ငါး စားခြင်းဖြင့် အိုမီဂါသရီး၊ ဖက်တီးအက်စစ် တို့ ပါဝင်သဖြင့် သွေးတွင်းအဆီ၊ မကောင်းသောအဆီ ကျစေသည်ဟု ဆိုကြသော်လည်း ရေခဲရိုက် ထားသော၊ လချီကြာသော ပင်လယ်ငါးများမှာ စားသုံးရန် မသင့်ပေ။ ရေခဲစိမ်ကြက်သား၊ ရေခဲစိမ် ငါးများကြောင့် အစာအဆိပ်သင့် ရောဂါနှင့် ဆီးချိုသွေးချို ရောဂါများ ဖြစ်ပွားနိုင်သည်။ မျိုးရိုးကြောင့် မဟုတ်ဘဲ ဆီးချိုသွေးချို ရောဂါ ရသူများမှာ ရေခဲရိုက်အစာ များကို နှစ်သက်စွာ စားသုံးသူများ ဖြစ်ကြောင်း လေ့လာသိရှိ ရသည်။

အအေးခန်းတွင် အိပ်စက်ခြင်းနှင့် အအေးခန်းတွင် နေ့စဉ်အလုပ်လုပ် ရခြင်းကြောင့် လည်း ကြာလျှင် ဆီးချိုရောဂါ ဝင်လာနိုင်သည်။ ကလေးများကို ငယ်စဉ်ကတည်းက အအေးနှင့်အချို ကြိုက်အောင် မပြုလုပ်သင့်ပေ။ ကလေးများ သာမက သက်လတ်ပိုင်း အသက် ၄ဝ အရွယ်ရောက်မှ ကျွဲရိုင်း အချိုရည်သံဘူး ကို တစ်နေ့လျှင် ၁ဝ ဘူးခန့် သောက်သုံးခဲ့သည့် အနုပညာရှင် တစ်ဦးကို တွေ့ဖူးသည်။ သူသည် အရက်သေစာ မသောက်ဘဲ အသက်ငယ်ငယ်နှင့် ဆီးချိုသွေးချို ရောဂါ၊ ကျောက်ကပ် ပျက်စီးရောဂါ တို့ဖြင့် ကွယ်လွန်သွား ရသည်။ ပညာရှင်ဖြစ်၍ နှမြောစရာပင် ဖြစ်သည်။

အလုပ်ပင်ပန်း သည်ကို အကြောင်းပြု၍ အချိုရည် သံဘူးများ အလွယ်တကူ သောက်သုံးခြင်း အကျင့်ကို သတိပြုရှောင်ကြဉ် သင့်ပါသည်။ ဂက်စ်ပါသော အချိုရည်၊ သံဘူးများကို နေ့စဉ်သောက်သုံး ခြင်းကြောင့် အသက် ငယ်ငယ်နှင့် ဆီးချိုရောဂါ ခံစားနေရသူ များလည်း ရှိသည်။ အေးစိမ့်၍ နေရောင်ခြည် မရသော အိပ်ခန်းများတွင် နေထိုင်သော လူကြီးများ အချိုမစားဘဲ ဆီးချိုသွေးချို ရောဂါ ဝင်ရောက် လာတတ်သည်။

ဖြစ်ပြီးလျှင် ပျောက်ရန် ခက်ခဲသည့်ရောဂါ ဖြစ်သဖြင့် မဖြစ်မီက ကြိုတင် သတိရှိသင့်ကြောင်း တင်ပြအပ် ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger