www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 14, 2016

ဝမ်းချုပ်ခြင်း နှင့် သွားနာ သွားကိုက်ရောဂါ


ဝမ်းချုပ်ခြင်း နှင့် သွားနာ သွားကိုက်ရောဂါ

ကြည်လွင်မြင့် (မုဒြာ)

သွားနာ၊ သွားကိုက် ဝေဒနာသည် သာမန်ဟု ထင်ရသော်လည်း တကယ် ဖြစ်လာလျှင် အလုပ်ပျက် အကိုင်ပျက် ဖြစ်အောင် ဒုက္ခပေးသော ဝေဒနာမျိုး ဖြစ်ကြောင်း ခံစားဖူးသူတိုင်း သိကြပေမည်။ သွားနာခြင်းကို ဖြစ်စေသော အကြောင်းများစွာ ရှိနိုင်သော်လည်း လူအများ သတိမထားမိ ကြသည်မှာ သွားနာ၊ သွားကိုက် ခြင်းသည် ဝမ်းချုပ်ခြင်းနှင့် ဆက်စပ်နေခြင်း ဖြစ်သည်။

သွားကိုက်ဝေဒနာ ခံစားရသူ တစ်ဦးသည် သွားဆရာဝန်နှင့် ပြသပြီး သွားနုတ်လိုကြောင်း ပြောသည်။ သွားဘက်ဆိုင်ရာ ဆရာဝန်က စစ်ဆေးပြီး သွားဖုံးနှင့် သွားခြေများ ရောင်နေသဖြင့် သွားကိုက်ခြင်း ဖြစ်ကြောင်း၊ သွားမှာ အကောင်းကြီး ရှိနေသေးသဖြင့် နုတ်ပစ်ရန် မသင့်ကြောင်း၊ အရောင်ကျ စေမည့် သောက်ဆေး၊ ငုံဆေးများ ပေးပြီး ပြန်လွှတ်လေ့ ရှိသည်။

သွားပညာရှင် များက သွားများကို နတ်သစ်မြစ် များဟု တင်စား ပြောကြသည်။ ငယ်စဉ်က အသက် ခုနစ်နှစ်ခန့်က တစ်ကြိမ် ငယ်သွားများ လဲပြီးနောက် အသစ်ပြန်ပေါက် လာသော သွားများသည် ဘဝတစ်သက်တာ သုံးစွဲရန် ဖြစ်သည်။ ကျိုးသွားလျှင်၊ နုတ်ပစ်လိုက်လျှင် နောက်ထပ် အသစ်ပြန်ပေါက် မလာတော့ပေ။ ထို့ကြောင့် သတိနှင့် ယှဉ်ပြီးသုံးစွဲ ရမည့် အရာဖြစ်သည်။ ကြာကြာဝါးမည့်သွား အရိုးကြည့်ရှောင် ဟုဆိုသော ရှေးစကားပုံမှာ ဘေးအန္တရာယ်ကို ကြည့်ရှောင်ဖို့ ပြောခြင်း ဖြစ်သော်လည်း သွားများ အရွယ်မလွန်မီ က မပျက်စီး ရအောင်လည်း မာကျောသော အရာများ စားခြင်းမှ ရှောင်ကြဉ်လျှင် သွား သက်တမ်းစေ့ သုံးစွဲရမည် ဖြစ်သည်။ 

ကွမ်းစားသူများသည် မာကျောသော ကွမ်းသီးစိတ် များကို ကိုက်ရသဖြင့် သွား အပေါ်ယံကြွေလွှာများ အက်ကွဲပြီး သွားအခေါင်းပေါက် ဖြစ်ကာပိုးဝင်ပြီး သွားကိုက်၊ သွားနာရောဂါ ဖြစ်နိုင်သည်။

သွားဖုံးကြွပြီး သွားခြေ ရောင်ခြင်းသည် နှစ်ရှည် စားသောက်လာသော အစာများမှ ချိုးများမှာ သွားအခြေတွင်ကပ်ပြီး ကျောက်တည် သကဲ့သို့ဖြစ်ကာ သွားဖုံးကို စူးသောကြောင့် ဖြစ်သည်။ သွားဆရာဝန် များကိုပြလျှင် ထိုချိုးများကို စက်ကိရိယာဖြင့် ခြစ်ထုတ်ပေးလေ့ ရှိသည်။

သွားကိုက်၊ သွားနာရောဂါ ရှိသူများ အထူးသတိပြု သင့်သည့် အချက်မှာ ဝမ်းချုပ်ခြင်း ဖြစ်သည်။ ဝမ်းချုပ်ခြင်းသည် အစာမကြေ ခြင်းကြောင့် ဖြစ်သည်။ အသက်ကြီး သူများတွင် အစာမကြေခြင်းမှာ သွားမကောင်းခြင်း
ကြောင့် ဖြစ်သည်ဟု ဂျာအေး သူ့အမေရိုက် သလို ပတ်ချာလည်လျက် ရှိသည်။

စားသမျှ အာဟာရ တို့သည် အူမကြီး အဆုံးသို့ ရောက်သောအခါ စုပုံပြီး ရှေ့က အစာဟောင်း မထွက်သွားလျှင် နောက် အစာဟောင်းမှာ အချဉ်အသိုး ကဲ့သို့ ဖြစ်ကာ အငွေ့ထွက် လာသည်။ ထိုအငွေ့သည် အပုပ်ဖြစ်သည်။ အငွေ့မှ သယ်ဆောင်လာသော အပုပ်သည် အထက်သို့ ပြန်လည်တက်ကာ ပါးစပ်အာခံတွင်း အထိ ရောက်သည်။ သွားများနှင့် သွားဖုံးများ၏ အခြေသည် ထိုအပုပ်ငွေ့ ဒဏ်ကြောင့်ပင် ရောင်တင်းခြင်း၊ ဖောင်းကြွ ခြင်းဖြစ်ကာ သွားအခြေအမြစ် အာရုံကြောများ ရောင်သည့် အခြေဆိုက် တော့သည်။ သွားကိုက်ခြင်းသည် သွားပိုးစားခြင်း၊ သွားအခေါင်း ပေါက်ရှိခြင်း တို့ကြောင့် မဟုတ်လျှင် သွားအခြေရှိ အာရုံကြောများ ရောင်ခြင်းကြောင့် ဖြစ်နိုင်ပေသည်။

သွားအခြေ ရောင်သော အဆင့်ရောက်လျှင် ဝမ်းနုတ်သင့်သည်။ ဆားစိမ်းကို ရေနွေးဖြင့်ဖျော်ပြီး ခပ်နွေးနွေး အာလုတ်ကျင်း ပေးခြင်းဖြင့်လည်း သွားကိုက်ခြင်းကို သက်သာ စေနိုင်သည်။ ဆားသည် အပုပ်ကို နိုင်သည်။ သွားကိုက်လျှင် ပြင်းထန်သော ဝမ်းနုတ်ဆေးများ မသုံးစွဲဘဲ ဆားခါးတစ်ဇွန်း နှင့် ရှောက်သီးအရည် သုံးဇွန်း စပ်သောက်လျှင် ဝမ်းလည်းမှန်၊ အပူအပုပ် များလည်း အောက်သို့ကျစေ နိုင်သည်။ ညအိပ်ရာ ဝင်ချိန် မန်ကျည်း ဖျော်ရည် သောက်ခြင်းဖြင့်လည်း အထက်သို့ အပူအပုပ် တက်ခြင်းကို တားဆီးနိုင်သည်။

ဓာတ်စာအနေဖြင့် ငှက်ပျောသီး ဖီးကြမ်းကို နေ့စဉ်မှန်မှန် နှစ်လုံးခန့် စားသုံးပေးလျှင်လည်း ဝမ်းချုပ်ခြင်း၊ စမြင်းခံခြင်းများကို သက်သာ စေနိုင်သည်။ ပဲရာဇာဟင်း ချိုကို နေ့စဉ် သောက်ပေးခြင်း ဖြင့်လည်း ဓာတ်ချုပ်ခြင်းကို ကာကွယ်နိုင်သည်။ မန်ကျည်းရွက်၊ ကန်စွန်းရွက်၊ ချဉ်ရည်ဟင်းများ သောက်ခြင်းဖြင့် လည်း ဝမ်းမှန်စေနိုင် သည်။ တချို့ သွားနာပြီး သွားအခြေယိုင်နဲ့ ကာ နုတ်ရမည့် အခြေအနေ ရောက်နေသူ များပင် ဝမ်းမှန်မှန် သွားအောင် ဓာတ်စာဖြင့် ပြုပြင်ပေးသော အခါ သွားနာ သက်သာပြီး နဲ့နေသောသွားမှာ ပြန်ခိုင်သွားသူများ တွေ့ကြုံရဖူး ပါသည်။ အညောင်းထိုင်ခြင်း များကိုလျှော့ပြီး လမ်းမှန်မှန် လျှောက်ပေးခြင်း ဖြင့်လည်း ဆီး၊ ဝမ်း၊ သွေး၊ လေ ညီညွတ်မျှတကာ ကျန်းမာရေး ကောင်းလာ စေနိုင်ကြောင်း တင်ပြလိုက်ရ ပေသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger