www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 14, 2016

အင်းဝမြို့ဟောင်း အတွင်းမြို့ရိုးကို ရှေးမူလက်ရာမပျက် ပြန်လည်ပြုပြင်မည်



တံတားဦး ၊ ၁၄-၁၂-၂၀၁၆

နှစ်ပေါင်း ၆၅ဝ ကျော် သက်တမ်းရှိ အင်းဝမြို့ဟောင်း အတွင်း တူးဖော်ထားသည့် အတွင်း မြို့ရိုးဟောင်းကို ရှေးမူ လက်ရာမပျက် ပြန်လည်ပြုပြင် သွားမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ အတွင်းမြို့ရိုးဟောင်း ကို ၂ဝ၁၅ ခုနှစ်အတွင်းက တူးဖော်ထား ခဲ့ကာ သုတေသန လုပ်ငန်းများ ပြုလုပ်ပြီးစီး ခဲ့ကြောင်း၊ ယင်းအတွက် အတွင်း မြို့ရိုးဟောင်းကို မူလလက်ရာ မပျက် ပြုပြင် ထိန်းသိမ်းခြင်းများ လုပ်ဆောင်သွားမည ဖြစ်ပြီး အုတ်ချပ် အစားထိုး လဲလှယ်မည့် အပိုင်းများကို မူလ လက်ရာမပျက် ရှေးမူလအုတ် များနှင့် အစားထိုးပြုပြင် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း၊ မြို့ရိုးတူးဖော် ရာတွင် တောင်ဘက်မြို့ရိုး၏ အလျားပေ ၁၇ဝဝ၊ ဗြက်အကျယ် ၇ ဒသမ ၅ ပေနှင့်အကျယ် ၁၅ ပေရှိ မြို့ဝင်ပေါက် တစ်ခု၊ အနောက်ဘက်မြို့ရိုး တူးဖော်မှုတွင် အလျားပေ ၁၇ဝဝ၊ မြောက်ဘက်မြို့ရိုး အလျားပေ ၁၇ဝဝ၊ အကျယ် ၇ ဒသမ ၅ ပေနှင့် အကျယ် ၈ ပေခွဲရှိ မြို့ဝင်ပေါက် တစ်ခုကိုလည်း တွေ့ ရှိခဲ့ကြောင်း သိရသည်။

အလားတူ အရှေ့ဘက်မြို့ရိုး တူးဖော်မှုတွင် အလျားပေ ၁၃ဝဝ နှင့် မြို့ရိုးအလယ် နေရာ အကျယ် ၆၅ ပေ၊ အရှည် ၃၂ ပေတို့ကို တူးဖော်တွေ့ရှိ သည့်အပြင် မြို့ရိုး တူးဖော်ရာမှ တတိယ အင်းဝခေတ် (ဆင်ဖြူရှင်မင်း လက်ထက်) နှင့် စတုတ္ထ အင်းဝခေတ် (ဘကြီးတော် မင်းတရားလက်ထက်) တို့တွင် အသုံးပြုသော စာရေးသား ထားသည့် အုတ်ခဲများ၊ အုတ်အပိုင်းအစများ၊ အကြွေစေ့များ၊ ရွှေဖြတ်စအပဲ့ နှင့် အမှတ်အသား ပျက်ပြယ်နေသော ကြေးဒင်္ဂါးတစ်ခု၊ နားတောင်းများ၊ မြေအိုး အပိုင်းအစများ၊ ဆေးရိုးတံ အပိုင်းအစ များနှင့် သံအပိုင်းအစ များ စသည့် အသုံးအဆောင် များကိုပါ တူးဖော် တွေ့ရှိခဲ့သည်။

မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့နယ်ရှိ အင်းဝမြို့ဟောင်းမှ အတွင်းမြို့ရိုး (နန်းခုံအုတ်မြို့ရိုး) ကို ၂ဝ၁၅ ခုနှစ် သြဂုတ်လ အတွင်းက စတင်တူးဖော် သုတေသနပြု ခဲ့ရာ ဒီဇင်ဘာလ အတွင်း မြို့ရိုးပတ်လည် ကို အပြီးသတ် တူးဖော် နိုင်ခဲ့သည်။

အင်းဝမြို့ဟောင်း ကို သတိုးမင်းဖျား က အေဒီ ၁၄ ရာစုနှစ်တွင် ပင်းယမြို့မှ ရွှေ့ပြောင်းခဲ့ပြီး မြစ်တို့၏အဝ၊ အင်းတို့၏အဝ၌ မြို့နန်းစတင် တည်ထောင်ခြင်း ဖြစ်ကာ အင်းဝမြို့ဟောင်း သည် မြန်မာဘုရင် မင်းမြတ်များ လေးကြိမ်တိုင်တိုင် မြို့နန်းတည်သော နေရာဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger