www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 15, 2016

ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင် ၏ သတင်းထုတ်ပြန်ချက်


ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင် ၏ သတင်းထုတ်ပြန်ချက်

နေပြည်တော် ၊ ၁၅-၁၂-၂၀၁၆

၁။ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့၊ နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့များတွင် ရခိုင်ပြည်နယ် မောင်တောဒေသ၌ ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်ခံရမှု များနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းခဲ့သည့် ဒုတိယ သမ္မတ ဦးမြင့်ဆွေ ခေါင်းဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် နိုင်ငံတော် သမ္မတရုံး၏ ၁- ၁၂-၂ဝ၁၆ ရက်စွဲပါ အမိန့်ကြေညာစာ အမှတ် ၈၉/၂ဝ၁၆ ဖြင့် ပေးအပ်ထားသော တာဝန်များကို ထမ်းဆောင်ရန် အတွက် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ မောင်တောဒေသ သို့ သွားရောက်ကာ အကြမ်းဖက် တိုက်ခိုက်ခံရသည့် နေရာများ ကြည့်ရှုစစ်ဆေးခြင်း၊ ဒေသအတွင်းရှိ သက်ဆိုင်ရာ ပုဂ္ဂိုလ်များအား စုံစမ်းမေးမြန်းခြင်း တို့ကို ဆောင်ရွက်ခဲ့ ပါသည်။ 

၂။ ကော်မရှင် အဖွဲ့ဝင်များသည် ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် တိုက်ခိုက်ခံရသည့် မောင်တော မြို့နယ်အတွင်းရှိ ငါးခူရ နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့ခွဲ နယ်မြေရုံး သို့ ကြည့်ရှုစစ်ဆေး ပြီးနောက် ငါးခူရကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ၄င်းရွာတွင် နေထိုင်ကြသည့် ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာနှင့် အစ္စလာမ် ဘာသာဝင် ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ၄င်းတို့၏ နေရေး၊ ထိုင်ရေးကိစ္စရပ် များကို မေးမြန်းခဲ့သည်။ အဆိုပါ ရပ်မိရပ်ဖများက ယခု ဖြစ်ပွားသည့် ကိစ္စသည် အကြမ်းဖက်သူ များ၏ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ကြောင်း၊ မိမိတို့ အချင်းချင်းအကြား ဖြစ်ပွားသည့် ကိစ္စမဟုတ်ကြောင်း၊ မိမိတို့ရွာရှိ ဈေးသည် ရွာသားများ ရောင်းဝယ် ဖောက်ကားနေပြီး မှီတင်းနေရသည့် ဈေးဖြစ်ကြောင်း၊ ဈေးသည် မိမိတို့ရွာသား များ၏ တွေ့ထိဆုံစည်းရာ နေရာ ဖြစ်ပါကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေအရ ကုန်စည်စီးဆင်းမှု မရှိဘဲ ဈေးမဖွင့်နိုင် သဖြင့် မိမိတို့ရွာနှင့် ဒေသအတွင်းရှိ ရွာများအတွက် စားဝတ်နေရေး ထိခိုက်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း တင်ပြကြ ပါ သည်။ ကော်မရှင်ဥက္ကဋ္ဌ သည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ညှိနှိုင်း၍ ဒေသခံပြည်သူ များ၏ စားဝတ်နေရေးကို ပြေလည်စေရေး၊ ၄င်းတို့၏ အခြေခံ အခွင့်အရေးများ အာမခံချက် ရရှိရေးအတွက် ဆောင်ရွက်ပေး ခဲ့ပါသည်။

၃။ ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံတကာမှ ထောက်ပံ့သော လူသားချင်းစာနာမှု အကူအညီများကို ရခိုင်ပြည်နယ် အစိုးရက သတ်မှတ်ချက်များ နှင့်အညီ ဖြန့်ဝေထောက်ပံ့ ပေးလျက်ရှိသဖြင့် ရသင့် ရထိုက်သူများ ရရှိလိမ့်မည်ဟု မျှော်မှန်းပါကြောင်း၊ ရွာသူရွာသားများ နှင့် တွေ့ဆုံစဉ် ပြောကြားရာ ရွာသူရွာသားများက ၄င်းတို့အနေဖြင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို ကောင်းမွန်စွာ ရရှိပါကြောင်း၊ ဖြစ်နိုင်ပါက ထပ်မံရရှိလို ပါကြောင်းဖြင့် ပြောကြားကြပါသည်။

၎။ အကြမ်းဖက် တိုက်ခိုက်မှုများတွင် ပါဝင်သည်ဟု သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးလျက် ရှိရာ မသက်ဆိုင်သူ များကို ပြန်လည်လွှတ်ပေး လျက်ရှိကြောင်း၊ လက်ရှိအချိန်ထိ ၄၈ ဦး လွှတ်ပေးပြီး ဖြစ်ကြောင်း သိရှိရပါသည်။ ရွာသူရွာသားများနှင့် တွေ့ဆုံစဉ်တွင် ၄င်းတို့၏ မိသားစုဝင်များ ဖမ်းဆီးစစ်ဆေးခံ နေရမှုများ ရှိပါကြောင်း ပြောကြား၍ အပြစ်မရှိပါက လွှတ်ပေးပါရန် မေတ္တာ ရပ်ခံကြပါသည်။ ကော်မရှင်အဖွဲ့ဝင် များသည် ရခိုင်ပြည်နယ် အစိုးရ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့တို့နှင့် ညှိနှိုင်းကာ စစ်ဆေးမှုများ မကြန့်ကြာစေရေး အတွက် ဆောလျင်စွာ ပံ့ပိုးဆောင်ရွက်ပေးရန် ညှိနှိုင်းပေးပါသည်။

၅။ ကော်မရှင်အဖွဲ့ဝင်များ မောင်တောဒေသ အတွင်း စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေစဉ် ကာလ၌ The Guardian သတင်းစာ၊ South China Morning Post Website တွင် ၁၁-၁၂-၂ဝ၁၆ ရက်စွဲ ဖြင့်တင်ခဲ့သည့် သတင်းတစ်ရပ်၌ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူ Noor Ayesha ဆိုသူ အမျိုးသမီးက ၄င်းသည် သမီးငယ် Dilnawaz Begum တို့နှင့်အတူ ထွက်ပြေးခဲ့ကြောင်း၊ ၄င်းသည် ကြက်ရိုးပြင်ရွာမှ ဖြစ်ကြောင်း၊ ၄င်းကို အဓမ္မပြုကျင့် ခံရကြောင်း၊ ၄င်း၏ သမီးနှစ်ယောက်ကို အဓမ္မပြုကျင့် ပြီးနောက် အသတ်ခံရကြောင်း၊ ၄င်း၏ခင်ပွန်းလည်း အသတ်ခံရကြောင်း၊ ကြက်ရိုးပြင်ရွာသို့ တပ်မတော်မှ ဝင်ရောက်စဉ် အခြား အမျိုးသမီးများလည်း အဓမ္မပြုကျင့်ခံ ရကြောင်း၊ သတ်ဖြတ်မှု များစွာလည်း ရှိကြောင်း စသည်ဖြင့် ဖော်ပြပါရှိရာ ကော်မရှင်အဖွဲ့ဝင် များသည် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်တွင် ကြက်ရိုးပြင်ရွာသို့ သွားရောက်၍ အသက်အရွယ် ကြီး၊ လတ်၊ ငယ် အမျိုးသားများ၊ အမျိုးသမီးများကို အချိန်ယူ၍ ကျယ်ကျယ်ပြန့်ပြန့် မေးမြန်းရာ The Guardian Website တွင် ပါရှိသည့် Noor Ayesha ၏ ဖြစ်စဉ်ဖြစ်ပွားမှု မရှိခဲ့ပါကြောင်း၊ အဆိုပါ အမျိုးသမီးကိုလည်း ၄င်းတို့ရွာ၌ မတွေ့ရှိဖူး ပါကြောင်း စသည်ဖြင့် ပြောကြားကြ ပါသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ၄င်းဒေသ၌ တာဝန်ယူ ဆောင်ရွက်လျက် ရှိသည့် တပ်မတော်စ စ်ကြောင်းမှ တာဝန်ရှိ အရာရှိများအားလည်း မေးမြန်းရာ အမျိုးသမီးများကို အဓမ္မ ပြုကျင့်မှုဖြစ်စဉ် မရှိပါကြောင်း၊ မိမိတို့သည် တပ်မတော် စည်းမျဉ်း စည်းကမ်းနှင့် အညီ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ဖြေကြားပါသည်။

၆။ ကော်မရှင်အဖွဲ့ဝင် များအနေဖြင့် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ မောင်တောဒေသ ၌ စုံစမ်း စစ်ဆေးရာတွင် အကြမ်းဖက် တိုက်ခိုက်သူ များအား ဥပဒေကြောင်း အရ အရေးယူနိုင်ရေး အတွက် တာဝန်ရှိသူ များက ဥပဒေလုပ်ထုံး လုပ်နည်းများနှင့် အညီ ဆောင်ရွက်လျက် ရှိပြီး ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့ နောက်ပိုင်း နယ်မြေ ရှင်းလင်းရေး လုပ်ငန်းစဉ်များ၌ အကြမ်းဖက် တိုက်ခိုက်မှု၊ မီးရှို့မှုများ မရှိတော့ ကြောင်း သိရှိရပါသည်။ သို့ဖြစ်ရာ ဒေသခံများ အတွင်း စိုးရိမ်မှုများ လျော့နည်းလာပြီး ဒေသတွင်း တည်ငြိမ်မှု အရိပ်အယောင်များ တွေ့ရှိရပါသည်။ အချို့ကျေးရွာ များတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားလျက် ရှိသည်ကို သိရပြီး အချို့ကျေးရွာ များက စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ် ပေးရေး၊ ဆရာ၊ ဆရာမ များ စေလွှတ်ပေးရေး မေတ္တာရပ်ခံ ကြပါသည်။ ရပ်ရွာတည်ငြိမ် အေးချမ်းမှု ရှိလာပြီဖြစ်၍ စာသင်ကျောင်း များကို တိုးချဲ့ဖွင့်လှစ်ရန် ကော်မရှင်ဥက္ကဋ္ဌက ပြည်နယ် ဝန်ကြီးချုပ် နှင့် ညှိနှိုင်းပေး ခဲ့ပါသည်။

၇။ ထို့အပြင် ကော်မရှင်သည် မောင်တောဒေသ သို့ ပထမအကြိမ် အဖြစ် သွားရောက်ခဲ့သည့် ခရီးစဉ်တွင် စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်၏ စုံစမ်းစစ်ဆေးမှု လုပ်ငန်းကို သာမက ဒေသ တည်ငြိမ်ရေး၊ ဒေသခံများ၏ ရောင်းဝယ် ဖောက်ကားမှု လည်ပတ်ပြီး စားဝတ်နေရေး အဆင်ပြေရေးနှင့် အခြားသော ပညာရေး၊ ကျန်းမာရေး ကိစ္စများပါ အဆင်ပြေရေး အတွက် ကော်မရှင်က ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါကြောင်း ဖော်ပြအပ် ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger