www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 23, 2016

အင်းဝမြို့ဟောင်းရှိ ကုန်းဘောင်ခေတ်လက်ကျန် ရှေးဟောင်းဆင်ကျုံးခံတပ် ကို ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်တစား လေ့လာ



အင်းဝ ၊ ၂၃-၁၂-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်း တွင် ကုန်းဘောင်ခေတ် လက်ကျန် ရှေးဟောင်းဆင်ကျုံး ခံတပ်သို့ ယခုအခါတွင် ပြည်တွင်းပြညပ် ခရီးသွားဧည့်သည် အများအပြား လာရောက် လေ့လာ
လည်ပတ်လျက် ရှိကြောင်း သိရသည်။

မန္တလေး၊ စစ်ကိုင်း၊ အင်းဝ နှင့် ဧရာဝတီ မြစ်ကမ်းပေါ်တွင် ကုန်းဘောင်ခေတ် က တည်ဆောက်ခဲ့သည့် ခံတပ်သုံးခု ရှိရာ ဆင်ကျုံးခံတပ်၊ စစ်ကိုင်းခံတပ် (ခ) အစေခံခံတပ် နှင့် မန္တလေးဘက်ခြမ်း၊ စစ်ကိုင်း တံတားဟောင်း အနီးတွင် သပြေတန်းခံတပ် တို့ဖြစ်သည်။ ယခုအခါ အင်းဝမြို့ဟောင်းရှိ ဆင်ကျုံးခံတပ် သည် ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက် လေ့လာမှု များပြားလျက် ရှိကြောင်း ဆင်ကျုံးကျေးရွာ မှ ဒေသခံတစ်ဦး ထံမှ သိရသည်။

''ဒီအချိန်က ခရီးသွားရာသီ ဆိုတော့ ဒီ ဆင်ကျုံးခံတပ်ကို လာရောက် လေ့လာသူ များပါတယ်။ ခံတပ်က ဧရာဝတီမြစ် ကမ်းဘေးမှာ ဆိုတော့ ဧရာဝတီမြစ်ရဲ့ သဘာဝအလှ ကိုလဲ လေ့လာလို့ ရတော့ လာရောက် လေ့လာသူ များပါတယ်။ ခံတပ် အတွင်းမှာရှိတဲ့ အမြောက်ကြီးတွေ၊ လက်နက်တိုက် တွေကိုလဲ အနီးကပ် ဝင်ရောက် လေ့လာလို့ ရပါတယ်။ ရှေးခေတ်မြန်မာ လူမျိုးတွေရဲ့ ခံတပ် တည်ဆောက်ပုံ ကိုလဲ လေ့လာလို့ ရပါတယ်''ဟု ဆင်ကျုံးကျေးရွာ မှ ဒေသခံတစ်ဦး က ပြောပြသည်။

အင်းဝမြို့ဟောင်း ရှိ ဆင်ကျုံးခံတပ် ကို မြန်မာသက္ကရာဇ် ၁၂၃၆ ခုနှစ် မင်းတုန်းမင်းကြီး လက်ထက်တွင် အိမ်ရှေ့စံ ကနောင် မင်းသားကြီး၊ ကင်းဝန်မင်းကြီး ဦးကောင်း၊ ယောမင်းကြီး ဦးဖိုးလှိုင် တို့၏ စီမံမှုဖြင့် အီတလီလူမျိုး ကွန်မိုတို က ဦးဆောင် ကြီးကြပ်၍ ဆောက်လုပ် ခဲ့သည်။

ဆင်ရိုင်းများကို ကျော့သော ကျုံးကို ပြုပြင်ဆောက်လုပ် ထားသောကြောင့် ဆင်ကျုံးခံတပ် ဟု ခေါ်ဆိုကြောင်း ၊ ခံတပ်၏ တည်ဆောက်ပုံမှာ စတုရန်းပုံ ဖြစ်ပြီး အုတ်တံတိုင်း သုံးထပ် ပါရှိကြောင်း၊ ခံတပ်ပတ်လည်တွင် ကျုံးရှိပြီး အုတ်ရိုးများဖြင့် တည်ဆောက် ထားကြောင်း သိရသည်။

အပြင် တံတိုင်းမှာ ၃၅၅ပေ ပတ်လည်ရှိပြီး အလယ်တံတိုင်းမှာ ၂၉၃ ပေ၊ တံတိုင်း နှစ်ခုကြားတွင် ၃၁ ပေကျယ်သော ကျုံးရှိကြောင်း၊ အတွင်းဘက်တွင် တစ်ဖက်လျှင် ၂၁၃ ပေရှည်လျားသော အုတ်တံတိုင်း ရှိပြီး အပြင်ဘက်မှ မြေကြီးများ ဖြည့်ကာ ကတုတ်သဖွယ် ပြုလုပ်ထားကြောင်း၊ ခံတပ်၏ မြောက်ဘက် သရဲပြေးပေါ်၌ ဆုံလည် အမြောက်များ၊ စိန်ပြောင်းများ၊ သေနတ်များ ထားရာ စက်ဝိုင်း ပုံသဏ္ဌာန် အုတ်စီ အဝိုင်းပေါက်များ ပြုလုပ်ထားကြောင်း၊ အတွင်း၌ လက်နက်တိုက်နှင့် ယမ်းတိုက်များ ပါဝင်ကြောင်း မှတ်တမ်းများ အရ သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger