www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 19, 2016

သဘာဝပတ်ဝန်းကျင်ကို တစ်သက်လုံး ဒုက္ခပေးနိုင်သော တစ်ခါသုံးပစ္စည်းများကို စတင်တားမြစ်



တစ်ခါသုံး ဆိုတဲ့ ဝေါဟာရနဲ့  ကျွန်တော်တို့ ရင်းနှီးလာတာ နှစ်ပေါင်း ၂၀ တော့ ကျော်ခဲ့ပြီ ထင်ပါတယ်။ အဲဒီနှစ် ပေါင်း ၂၀ အတွင်းမှာ တစ်ခါသုံးပစ္စည်း တွေဟာ သဘာဝအတိုင်း မပျက်စီးတဲ့ ပစ္စည်းတွေ အများဆုံး ပါနေခြင်း၊ သဘာဝ ပတ်ဝန်းကျင်ကို ဆိုးရွားစွာ ပြုန်းတီးစေခြင်း၊ ပျက်စီးစေခြင်း တို့ ကြောင့် အမေရိကန် အပါအ၀င် နိုင်ငံတကာကနေ စတင်တားမြစ် နေပြီး အချို့ ကိုနောင်မှာ တားမြစ်သွားဖို့  ပညာပေးလှုံ့ဆော် နေကြတာဟာ သင် ကိုယ်တိုင်လည်း နေ့ စဉ်နဲ့ အမျှ အသုံးပြုနေတဲ့ ပစ္စည်းတွေ ပါဝင်နေပါတယ်။ 

တစ်ခါသုံး ကော်ဖီခွက်

အိမ်မှာပဲသုံးသုံး၊ ရုံးတွေမှာပဲသုံးသုံး အလွန်အဆင်ပြေပါတယ်။ ဒါပေမယ့် ဒီ တစ်ခါသုံး ကော်ဖီခွက်တွေမှာ ပလတ်စတစ်နဲ့  အလူမီနီယံ တွေ ပါဝင်ပြီး ပြန်လည် အသုံးပြုလို့ လည်း မရတဲ့အတွက် နိုင်ငံတစ်နိုင်ငံမှာ တစ်နှစ်ကို ဒီ တစ်ခါသုံး ကော်ဖီခွက်ပေါင်း ဘီလီယံပေါင်း များစွာကို မြေမြုပ်ပစ် နေရတဲ့အတွက် ကြာ လာတော့ အလွန်ကြီးမားတဲ့ အမှိုက်ပြဿနာ ဖြစ်လာပါတယ်။ ဂျာမနီနိုင်ငံမှာ တစ်ခါသုံး ကော်ဖီခွက် တွေကို အသုံး ပြုခွင့် မပြုတော့ပါဘူး။ တားမြစ်လိုက် ပါပြီ။ အခြား ဥရောပနိုင်ငံတွေ ကလည်း လိုက်လုပ်ကြမယ့် အလားအလာကို တွေ့နေရပါတယ်။ 

သွားတိုက်ဆေး

အားလုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အနောက်ဥရောပ နိုင်ငံ အတော်များများမှာ အသုံးပြုနေတဲ့ သွားတိုက်ဆေး တွေမှာ ပလတ်စတစ် အမျှင်လေးတွေ၊ အမှုန်လေးတွေ ပါတာကို စစ်ဆေးတွေ့ ရှိခဲ့ပါတယ်။ ဒါတွေ ဟာ ကမ္ဘာ့ပင်လယ် သမုဒ္ဒရာ တွေထဲကို နှစ်စဉ်ဝင်ရောက် နေတဲ့ တန်ချိန် ၈ သန်းရှိတဲ့ ပလတ်စတစ် တွေ ဖြစ်လာ ပါတယ်။ ပင်လယ် သမုဒ္ဒရာနေ ရေသတ္တ၀ါနဲ့ ဂေဟစနစ်အတွက် ဘယ်လိုမှ မကောင်းနိုင် ပါဘူး။ ဒီ ပလတ်စတစ် အမျှင်လေးတွေဟာ အလိုအလျောက်လည်း ပျက်စီး မသွားသလို ရေစစ်တဲ့ စနစ်တွေကိုလည်း ဖြတ်ကျော်နိုင်တဲ့ အတွက် လူတွေအတွက် ရော သဘာဝ ပတ်ဝန်းကျင် အတွက်ပါ ထိခိုက်စေတဲ့ အတွက် အမေရိကန် ပြည်ထောင်စု မှာ သမ္မတ အိုဘားမား အမိန့် နဲ့  အဲဒီ ပလတ်စတစ် အမျှင်တွေပါတဲ့ သွားတိုက်ဆေး တွေကို အသုံးပြုခွင့် ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။ 

ဝါးတူ

ကမ္ဘာတစ်ဝန်းမှာ နေ့ စဉ် တစ်ကြိမ်သာ သုံးပြီးစွန့် ပစ်နေတဲ့ ၀ါးတူ တွေကို အလျင်မီအောင် ဖြည့်ဆည်းရင်းနဲ့  အာရှမှာ ၀ါးတောတွေလည်း ပြောင်သလင်းခါ ကုန်ပါပြီ။ ကမ္ဘာတစ်ဝန်းမှာ တစ်နှစ်ကို ၀ါးတူ အစုံရေ ၅၇ ဘီလီယံ ထက်မနည်း အသုံးပြုပြီး အဲဒီ တူတွေ ထုတ်လုပ်ဖို့  သစ်ပင် ၄ သန်းထက် မနည်းကို ခုတ်ထွင် အသုံးပြုရပါတယ်။ ပြီးတော့ တူတွေ မည်းညစ်မသွားအောင် ဓါတုဆေးတွေ ထည့်ကြတဲ့အတွက် လူတွေမှာ အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါတွေ ရရှိနိုင်ပါတယ်။ ဒါ့အပြင် တူကို ထုတ်လုပ်ဖို့  ခေတ်သစ် ကျွန်စနစ်နဲ့ အလုပ်စေခိုင်းကြတဲ့ အတွက် လူ့ အခွင့်အရေးနဲ့ လည်း ငြိစွန်းပါတယ်။ တူ ကို ဆက်မထုတ်ဖို့ ၊ မသုံးဖို့ တားဆီနိုင်ဖို့  နိုင်ငံတကာက စတင်ဆောင် ရွက်နေကြပါပြီ။ 

တစ်ရှူးအစို

နောက်ပိုင်းမှာ အလွန်လူကြိုက်များ လာပါတယ်။ နေရာတိုင်းမှာလည်း အလွန်အသုံးတည့် ပါတယ်။ သို့ သော် တစ်ရှူးအစို တွေဟာ ရိုးရိုးစက္ကူ တစ်ရှူးလိုမဟုတ်ဘဲ ပလတ်စတစ် ပါဝင် နေပါတယ်။ အဲဒါကြောင့် ရေမှာ စက္ကူလို ပျော်ဝင်ပျက်စီး သွားခြင်းမရှိဘဲ အိမ်သာပိုက်တွေကို ပိတ်စေနိုင်တဲ့ အပြင် အလိုအလျောက် လည်း မပျက်စီးတဲ့ အတွက် တစ်နှစ်တစ်နှစ်ကို တန်ချိန် သန်းပေါင်းများစွာ သော တစ်ရှူးအစိုကို ဘယ်လိုရှင်းရ မလဲဆိုတာ နိုင်ငံ တကာက ခေါင်းခဲရတဲ့ ပြဿနာတစ်ခု ဖြစ်လာပါပြီ။ 

ပလတ်စတစ်အိတ်

တစ်ချိန်က ကြွတ်ကြွတ်အိတ်၊ ကြွတ်ကြွတ်အိတ် ကို တားမြစ်ပိတ်ပင် လိုက်တော့ အခု ပလတ်စတစ်အိတ်၊ အဲဒီကနေ အခု ဈေးကွက်ထဲမှာ ကြွတ်ကြတ်အိတ် တွေကို ပြန်မြင်လာရ သလိုပါပဲ။ တစ်နှစ်ကို ကြွတ်ကြွတ်အိတ်၊ ပလတ်စတစ်အိတ် စသည်ဖြင့် တန်ချိန် ထရီလီယံနဲ့ ချီပြီး ထွက်ပါတယ်။ ဒါတွေကို မြေမြုပ်ပစ်ဖို့ လည်း နေရာ မရှိသလို ရေထဲရောက် သွားရင်လည်း အလွန်ဆိုးရွားတဲ့  ရေသတ္တ၀ါ သေဆုံးမှုနဲ့  ရေဂေဟစနစ် ပျက်စီးမှုကို ဖြစ်ပွား စေမှာဖြစ်လို့  ကြွတ်ကြွတ်အိတ် ဖြစ်စေ၊ ပလတ်စတစ်အိတ် ဖြစ်စေ အသုံးပြုမှု အမြဲတမ်းအတွက် ပိတ်ပင်သွားဖို့  နိုင်ငံတကာက စီစဉ်ဆောင်ရွက် နေပါတယ်။ 

ဘက်ထရီ 

ပြန်အားသွင်းလို့ ရတဲ့ ဘက်ထရီကိုပဲ အသုံးပြုဖို့  နိုင်ငံတကာက ပညာပေးလှုံ့ဆော် နေပါတယ်။ ဘက်ထရီ ဆိုတာ အဆိပ်အတောက် မျိုးစုံပါဝင်တဲ့ ပစ္စည်းတစ်မျိုးပါ။ မြေမှာမြုပ်ရင် အဆိပ်ရည်တွေက မြေကြီးထဲကို စီးဝင်ပါမယ်။ အဲဒီကနေ မြေအောက်ရေကို ပျက်စီးစေပါမယ်။ ရေထဲစွန့် ပစ်ရင်လည်း အလားတူပါပဲ။ ဘက်ထရီ ဖျက်ဆီးတဲ့ စက်ကြီးတွေနဲ့ ကြိတ်ခြေမီးရှို့ လိုက်ရင်လည်း အဆိပ်ငွေ့ တွေ ထွက်လာပြီး လူကိုဘေးသင့် စေပြန်ပါတယ်။ အလွန် ဖျက်ရခက်တဲ့ အဆိပ်တုံးလေး တွေပါ။ ဒါကြောင့် သုံးပြီးလွှင့်ပစ်ရတဲ့ ဘက်ထရီမျိုးထက် အား ပြန်သွင်းလို့ ရတဲ့ ဘက်ထရီတွေကိုပဲ အသုံးပြုဖို့  နိုင်ငံတကာမှာ စည်းရုံးလှုံ့ဆော် နေခြင်းဖြစ်ပါတယ်။ 

Lipton Tea 

Lipton Tea ကို အားလုံးနီးပါး သောက်ဖူးကြမှာပါ။ လဘက်ရည် ဖျော်ဖို့ ကို ရေနွေးထဲ အထုပ်လေး ထည့်စိမ်ရပါတယ်။ အဲဒီ အထုပ်ကလည်း ပလတ်စတစ် ပါပါတယ်။ လဘက်ရည် ဖျော်ပြီးတော့ အဲဒီအထုပ်တွေကို လွှင့်ပစ် လာလိုက်ကြတာ ကမ္ဘာပေါ်မှာ  တောင်ပုံရာပုံ ဖြစ်နေပြီး သဘာဝအတိုင်း ဖျက်ဆီးမရတော့ ဒီလဘက်ရည်ထုပ် တွေကိုလည်း နိုင်လွန် ပါတဲ့ ပိုလီတိုင်လင်း ဖက်သလိတ် နဲ့ လုပ်ဖို့  စီစဉ်နေကြပါပြီ။ 

လက်ဆေးဆပ်ပြာ

သင်အသုံးပြုတုန်း ပဲဆိုရင်  ရပ်တန်းက ရပ်သင့်ပါတယ်။ လက်ဆေးဆပ်ပြာ အများစုမှာ ထရိုင်ကလိုစင် လို့ ခေါ်တဲ့ ဓာတုပစ္စည်း ပါဝင်ပြီး ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့ အပြင် ကင်ဆာရောဂါ တွေကို လည်း ဖြစ်ပွားစေနိုင် ပါတယ်။ အဲဒီ ဓာတုပစ္စည်းဟာ ရေမှာပျော်ဝင် ပျက်စီးတာမျိုး မဟုတ်တဲ့အတွက် လူတွေက သုံးပြီး ဆင့်ကဲစနစ်နဲ့  ပင်လယ်သမုဒ္ဒရာ တွေထဲကို ရောက်သွားတဲ့အခါ ဂေဟစနစ်အတွက် အရေးပါတဲ့ ရေအောက် ဗက်တီးရီးယား တွေကိုပါ သေစေနိုင် ပါတယ်။ 

ကိုယ်ဝန်တားဆေး

သင်သောက်လို့ မကုန်တိုင်း လက်ဆေးကန်ထဲ ထည့်ပစ်နေမယ် ဆိုရင် နောင်ဆို သောက်စရာ တားဆေး ရှိတော့မှာ မဟုတ်ပါဘူး။ ဒီတားဆေး တွေထဲမှာ အင်ဒိုကရင်း ပါပါတယ်။ သင်စွန့် ပစ်လိုက်တဲ့ တားဆေး တွေက ဆင့်ကဲစနစ်နဲ့  မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်သမုဒ္ဒရာ ထဲကို ရောက်သွားတဲ့ အခါ ငါးတွေကို ထိခိုက်ပါတယ်။ အင်ဒိုကရင်း နဲ့ တွေ့ သွားတဲ့ ငါးတွေဟာ ဥထပ်မဥ နိုင်တော့ပါဘူး။ ငါးမျိုးသုဉ်း သွားနိုင်ပါတယ်။ လူတွေအတွက် အရေးပါတဲ့ အစားအစာ ကွင်းဆက်ကို အန္တရာယ် ပေးနိုင်ပါတယ်။ 

တစ်ခါသုံးမုတ်ဆိတ်ရိတ်ဂျုတ် 

ပလတ်စတစ်နဲ့  စတီးနဲ့ အများဆုံးပါပါတယ်။ ကာဗွန် အလွန်ကြွယ်ဝ ပါတယ်။ အမေရိကန် တစ်နိုင်ငံထဲမှာတောင် တစ်နှစ်ကို အဲဒီဂျုတ်မျိုး ၂ ဘီလီယံထက် မနည်း စွန့် ပစ်ပါတယ်။ ဒါတွေကို မြေမြုပ်ရမှာလား၊ မီးရှို့ ရမှာလား၊ ဘယ်လိုဖျက်ဆီး ရမလဲဆိုတာ အဖြေမရှိပါဘူး။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့  ဆိုရင်ကော။ ဒီတော့ လျှပ်စစ်ဂျုတ်က သင့်အတွက်ရော သဘာဝပတ်ဝန်းကျင် အတွက်ပါ ပိုပြီးကောင်းကျိုး ပြုပါ လိမ့်မယ်လို့  လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger