( ရှိန်းထက် )
ဗြိတိန်အနေဖြင့် ဥရောပသမဂ္ဂမှ ခွဲထွက်ရန် အသံထွက်သည့် အချိန်မှစ၍ ဥရောပတွင် စည်းလုံးမှု အနည်းငယ် ပျက်ပြား ခဲ့ရသည်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အားလုံးက မခွဲထွက် စေချင်သော်လည်း ဗြိတိန်က ကိုယ့် အကျိုးစီးပွားကို ကြည့်ပြီး နောက်ဆုံး၌ ဥရောပသမဂ္ဂ မှ ခွဲထွက်သွားသည်။
ထို့နောက် ဗြိတိန်တွင် မဲတစ်မဲမျှ မရှိဘဲ ထရီဆာမေ က ဝန်ကြီးချုပ် ရာထူးကို တိုက်ရိုက်ရရှိ ခဲ့သည်။ အီတလီတွင်လည်း ဝန်ကြီးချုပ်က နုတ်ထွက် သွားပြန်သည်။ ဂရိတွင်လည်း စီးပွားရေး ပျက်ကပ်ဆိုက် နေသည်။ ဂျာမနီ တွင်လည်း ဝန်ကြီးချုပ် အိန်ဂျဲလာ မာကယ်လ် က ရွှေ့ပြောင်း ဒုက္ခသည် တံခါးဖွင့်မူဝါဒ ကြောင့် အကြီးအကျယ် ဝေဖန်ခံရလျက် ရှိသည်။
ထို့ပြင် ၂ဝ၁၇ ခုနှစ် ရွေးကောက်ပွဲတွင် မာကယ်လ် ဝင်ရောက် ယှဉ်ပြိုင်ဦးမည် ဟု ဆိုထားသောကြောင့် ၄င်းအတွက် မျက်နှာပန်းမလှ အဖြစ်ရဆုံး အချိန်ဟု ဆိုရမည်ဖြစ်သည်။
ပြင်သစ်သမ္မတ ဖရန်ဆွာ ဟော်လန်ဒ် ကလည်း သမိုင်း အဆက်ဆက် ပြင်သစ် သမ္မတများ အနက် ဂုဏ်အရှိန်အဝါ အနည်းဆုံး ဆိုသည့် နေရာကိုပင် ရောက်ရှိနေပြီး ၄င်း၏ လက်ထက်၌ ပြင်သစ်တွင် အကြီးမားဆုံး ဆိုသည့် အကြမ်းဖက်မှုများ ဖြစ်ပွားသည်။ ချာလီဟတ်ဘ်ဒို အကြမ်းဖက်မှု၊ ပဲရစ် အကြမ်းဖက်မှုနှင့် နီးစ် အကြမ်းဖက်မှု များသည် ပြင်သစ်သမိုင်း တစ်လျှောက်တွင် လူသေမှု အများဆုံးနှင့် အကြီးမားဆုံး အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်သည်။
နိုဝင်ဘာ လတုန်းကလည်း ပြင်သစ်တွင် အကြမ်းဖက် တိုက်ခိုက်ရန် ပြင်ဆင်နေသည့် လူငါးဦးကို ပြင်သစ်ရဲများက ဖမ်းဆီးရသေး သည်။ ဂျာမနီ တွင်လည်း ကဇာတ်ရုံ အပြင်ဘက်၌ ဗုံးခွဲသည်။ ရထားပေါ်တွင် ဓားနှင့် လိုက်ခုတ်သည်။ သေနတ်နှင့် လျှောက်ပစ်သည်။ ယခုနောက်ဆုံး ခရစ္စမတ် ဈေးတန်းကို ကားဖြင့် ဝင်တိုက်သည်။ ဂျာမနီ၏ အကြီးမားဆုံး အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်သည်။
ထို့ကြောင့် ပြင်သစ်နှင့် ဂျာမနီတို့တွင် မူဆလင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပိုမို မြင့်တက်လာပြီး ပုဂ္ဂိုလ်ရေး အမုန်းပွားမှု များ ပိုမိုဖြစ်ပေါ်လျက် ရှိသည်။ ဂျာမနီ၌ ဆိုလျှင် ပိုဆိုးသေးသည်။ ဂျာမနီ သမိုင်းတွင် မဖြစ်ဖူးသေးသည့် လိင်ပိုင်းဆိုင်ရာ ပြစ်မှုပေါင်း ရာနှင့်ချီ ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့်လ ကပင် ရထားပေါ်မှ ဆင်းလာသည့် အမျိုးသမီး တစ်ဦးကို ပြောင်းရွှေ့ လူရမ်းကား အုပ်စုတို့က ကန်ချခဲ့ သောကြောင့် ဂျာမနီပြည်သူ များသည် ရွှေ့ပြောင်း လာသူများနှင့် မူဆလင်များကို မနှစ်မြို့ တော့ပေ။
ထိုသို့ ရမ်းကားမှုများနှင့် အကြမ်းဖက်မှုများ ပိုဖြစ်လေ ရွှေ့ပြောင်းေ ရာက်ရှိလာသူ လူပေါင်း တစ်သန်းကို လက်ခံခဲ့သည့် ဝန်ကြီးချုပ် မာကယ်လ် ပိုပြီး အပြစ်တင်ခံ ရလေဖြစ်သည်။ ထိုအချိန်တွင် ဥရောပ စီးပွားရေး တိုးတက်မှု နှေးကွေးနေစဉ် ဗြိတိန် က ထွက်သွား သောကြောင့် ပိုမိုအထိနာ ရသည်။ ဗြိတိန်သည် ဥရောပသမဂ္ဂတွင် အဆင့်(၂) နေရာကို ရယူထားသည်။ ဥရောပသမဂ္ဂ က စီးပွားရေး အတွက် အဖြေရှာမရ ဖြစ်နေသည့် အချိန်မှာပင် ဥရောပ သည် အကြမ်းဖက် သမားတို့၏ တိုက်ရိုက် ပစ်မှတ် ဖြစ်လာသည်။ လုံခြုံမှုအရှိဆုံး ဟု ဆိုထားသည့် အမေရိကန်ပင် ISIS တို့၏ အကြမ်းဖက်မှု များကို ခံရသည်။
ထို့ပြင် ဥရောပ၏ ရှုပ်ထွေးလွန်း လှသည့် မူဝါဒများနှင့် တစ်နိုင်ငံချင်း စီ၏ မတူညီသည့် မူဝါဒများကြောင့် ဥရောပနိုင်ငံ များအချင်းချင်း သဘောထား ကွဲလွဲပြီး နားလည်မှု လွဲခဲ့ကြသည်။ ရွှေ့ပြောင်း ဒုက္ခသည် များကို အပြန်အလှန် အချိုးကျခွဲဝေ လက်ခံရေး ဆိုသည့် ဥရောပသမဂ္ဂ ၏ သတ်မှတ်ချက်ကို မလိုက်နာသည့် နိုင်ငံများပင် ရှိကြသည်။ ထို့ပြင် ဥပဒေကို မလိုက်နာသည့် အပြင် နိုင်ငံလုံခြုံရေး ကိုသာ ဦးစားပေးပြီး နယ်စပ် ခြံစည်းရိုးခတ် သည့် နိုင်ငံများကလည်း ရှိသေးသည်။ ဟန်ဂေရီက ပထမဆုံးမိုင် ၁၁ဝ ရှိသည့် ခြံစည်းရိုးကို ဆားဘီးယား နယ်စပ်တွင် ခတ်ပြီး ဒုက္ခသည်များ ဝင်မလာ နိုင်အောင် လုပ်ခဲ့သည်။
သြစတြီးယား ကလည်း နိုင်ငံထဲသို့ ဒုက္ခသည်များ မဝင်ရောက် နိုင်ရန် ခြံစည်းရိုး ခတ်မည်ဟု ဆိုသည်။ ထို ဥရောပနယ်စပ် ခြံစည်းရိုးများက တောရိုင်း တိရစ္ဆာန် များအတွက် များစွာ အခက်တွေ့စေပြီး ဘလိတ်ဓား ခြံစည်းရိုး များကြောင့် ဒဏ်ရာ ရပြီး သေဆုံးရသည့် တောရိုင်း တိရစ္ဆာန် များပင်ရှိသည်။
ဥရောပနိုင်ငံများက ဂျာမနီ ဝန်ကြီးချုပ် မာကယ်လ် ကို ဒုက္ခသည်များ လက်ခံရေး အစီအစဉ်တွင် လက်ညှိုးဝိုင်းထိုး ကြပြီး ထို အတွက်ကြောင့် ဥရောပသည် စည်းလုံးမှု ပျက်ပြားကြသည်။ ယခုဥရောပတွင် စီးပွားရေး အားနည်းနေသည် သာမက အကြမ်းဖက်မှု တန်ပြန် တိုက်ဖျက်မှု များလည်း အားနည်းနေပြီ ဖြစ်သည်။ ဥရောပနိုင်ငံများ အချင်းချင်း သတင်း အချက်အလက် မျှဝေပြီး အနီးကပ် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်သည်။
သို့သော် ဥရောပနိုင်ငံ များတွင် ဝန်ကြီးချုပ်များ နုတ်ထွက်သည့် နိုင်ငံက နုတ်ထွက်၊ ပြည်သူ၏ ဝေဖန်မှုကို ခံနေရသည့် နိုင်ငံက ဝေဖန်ခံနေရ၊ စီးပွားပျက် ကပ်ဆိုက်သည့် နိုင်ငံက ကပ်ဆိုက် နှင့် ယခု အချိန်ထိပင် လုံခြုံရေးကို ရှေးရှု၍ ပီပြင်အောင် မလုပ်နိုင် သေးပေ။ ထိုအချက်ကပင် အကြမ်းဖက်သမား များကို ကြားထဲက လှုပ်ရှားခွင့် ပေးထား သကဲ့သို့ ဖြစ်နေသည်။ အမေရိကန်တွင် ပြင်သစ်နှင့် ဂျာမနီကဲ့သို့ ခေတ်စားလာသည့် ထရပ်ကားဖြင့် ဝင်တိုက်သည့် အကြမ်းဖက်မှု များကို အကြမ်းဖက်မှု စာရင်းထဲတွင် ထည့်သွင်းစဉ်းစား လာနေရပြီ ဖြစ်သည်။
အနောက်အုပ်စု အတွက် လုံခြုံရေး မျက်ခြည်ပြတ်ခံ၍ မရ ဖြစ်နေသည်။ ပြင်သစ်တွင် ဆိုလျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် လုံခြုံရေးကာလ ကို ထပ်မံ တိုးမြှင့်ကာ ယခုအချိန်ထိ လုံခြုံရေးရဲ အရေအတွက်ကို သောင်းချီပြီး ချထားတုန်းပင် ဖြစ်သည်။ လုံခြုံရေး အပြည့်အဝ ပေးထားသည့် ကြားထဲကပင် အကြမ်းဖက်ရန် ချောင်းနေသည့် ဂျီဟတ်ဝါဒီ ငါးဦးကို ဖမ်းဆီးခဲ့ရ သေးသည်။
ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့တွင်လည်း အစ္စလာမ်မစ် စင်တာအတွင်း သေနတ်သမား က ဝင်ပစ်သောကြောင့် လူသုံးဦး ဒဏ်ရာရရှိမှုမှာ ဂျာမနီနိုင်ငံ ခရစ္စမတ်ဈေးတန်း ကို တိုက်ခိုက်ခံရမှု ဖြစ်စဉ်နှင့် တစ်ရက်တည်း ဖြစ်သည်။
ထို့ပြင် ဥရောပသမဂ္ဂ အဖွဲ့ဝင် မဟုတ်သည့် ရုရှားတွင် ဆိုလျှင်လည်း အကြမ်းဖက် သမားများနှင့် မကြာခဏ ပစ်ခတ် နေရသည်။ ပြင်သစ်သည် လုံခြုံရေး ဗျူဟာများ အတွက် အမေရိကန်နှင့် ပူးပေါင်းကာ မာရှယ်လော ထုတ်ပြီး ချက်ချင်းတန်ပြန် တိုက်ခိုက်မည့် ဗျူဟာများပင် ခင်းခဲ့ကြသည်။ သို့သော် ယင်းဗျူဟာ များသည် ယခု အချိန်ထိ ရှင်းရှင်းလင်းလင်း အကောင်အထည် ပေါ်လာခြင်း မရှိသေးပေ။
ဒုက္ခသည် အရေးကြောင့် ယခုအချိန်ထိ ဥရောပ ခေါင်းဆောင်များ အကြား ယခင်ကလောက် ညီညွတ်မှု မရရှိသေးပေ။ တကယ်ဆိုလျှင် ယခုအချိန်သည် ဥရောပ ခေါင်းဆောင်များ အချင်းချင်း စားပွဲ တစ်ဝိုင်းတည်း တွင် ထိုင်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး နှင့်လုံခြုံရေး ကဏ္ဍကို ဆွေးနွေးရမည့် အချိန် ဖြစ်သည်။ ထို့ပြင် ရုရှားနှင့်လည်း လုံခြုံရေးကဏ္ဍ နှင့် အကြမ်းဖက် တိုက်ဖျက်ရေး ကဏ္ဍတွင် ဥရောပသမဂ္ဂ က မပူးပေါင်း မှုကြောင့် ထိရောက် သင့်သလောက် မထိရောက် ဖြစ်နေရသည်။ အကယ်၍ တခြားနိုင်ငံရေး၊ စီးပွားရေး နှင့် စစ်ရေးကဏ္ဍ များကို ခဏဘေးဖယ် ၍ အမေရိကန်၊ ရုရှားနှင့် ဥရောပသမဂ္ဂ တို့ ပူးပေါင်းပြီး သတင်း အချက်အလက် မျှဝေကာ တက်ညီလက်ညီ အကြမ်းဖက် တိုက်ဖျက်ရေး လုပ်လျှင် ယခုထက် များစွာ ထိရောက်မည် ဖြစ်သည်။
ထိုသို့ နိုင်ငံတကာနှင့် ပူးပေါင်းရန် မဆိုထားနှင့် ယခုလက်ရှိတွင် ဥရောပ၌ ခေါင်းဆောင်မှု အခန်းကဏ္ဍ အားနည်း နေသည်။ ထို့ကြောင့် ယင်း အားနည်းချက် များနှင့် မညီညွတ်မှု များကပင် အကြမ်းဖက် မှုများကို ဥရောပတွင် ပိုမိုဖြစ်ပေါ် လာစေသလား ဆိုသည့် အတွေးမျိုးကို တွေးနေရပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပါသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၃)