www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 30, 2016

မိဘမှာကြားထိုးစကား နှလုံးသားတွင် ကမ္ပည်းတင်



မြန်မာအမျိုးသမီး များသည် မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာနှင့် အညီ ယဉ်ကျေး သိမ်မွေ့သူများ ဖြစ်ကြသည့် အားလျော်စွာ အခြေခံ အကျဆုံးဖြစ်သော မိသားစုတာဝန်မှ စ၍ တိုင်းကျိုးပြည်ပြု လုပ်ငန်း တာဝန်များ အထိ ထမ်းဆောင် နေကြသည်။

မြန်မာ အမျိုးသမီးများ တိုင်းကျိုးပြည်ပြု လုပ်ငန်းတာဝန် ထမ်းဆောင်ခဲ့ကြ ရာတွင် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ  (၁၈၂၄-၂၆) ကာလအတွင်း ၁၈၂၅ ခုနှစ် အောက်တိုဘာ တွင် မြန်မာတပ် များနှင့် နယ်ချဲ့ အင်္ဂလိပ်တပ်များ ဝက်ထီးကန် အရပ်၌ တိုက်ပွဲဖြစ်ပွားရာ မြန်မာနှင့် ရှမ်းတို့ ပူးပေါင်းတွန်းလှန် တိုက်ခိုက်ကြသည်။ ဝက်ထီးကန် တိုက်ပွဲတွင် အင်္ဂလိပ်တို့ ဘက်မှ ဗိုလ်မှူးကြီး မက်ဒေါ်လ်နယ် အပါအဝင် ကျဆုံးပြီး မြန်မာတို့ ဘက်မှ သူ့ကျွန်မခံ တွန်းလှန် တိုက်ပွဲဝင် ခဲ့ကြသူများ ကျဆုံးသူ များတွင် ရှမ်းအမျိုးသမီး သူရဲကောင်း သုံးဦး ပါဝင်သည်။ မြန်မာ တစ်နိုင်ငံလုံး ဗြိတိသျှတို့ လက်အောက် ကျရောက်ပြီး အမျိုးသား လွတ်မြောက်ရေး ကြိုးပမ်းမှုများ ဖြစ်သော ၁၉၂ဝ ပြည့်နှစ် ကျောင်းသား သပိတ်တွင် မြန်မာ အမျိုးသမီးများ ပါဝင်ခဲ့ကြသည်။ ၁၉၃၈ ခုနှစ် ရေနံမြေ သပိတ်ကြီး တွင်လည်း မြန်မာ အမျိုးသမီးများ ပါဝင်ခဲ့ ကြသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် မြန်မာ အမျိုးသမီးများ ဇာတိသွေး၊ ဇာတိမာန် ထက်သန်စွာ ပါဝင်ခဲ့ကြ သကဲ့သို့ လွတ်လပ်ရေး ရပြီး မြန်မာနိုင်ငံ တည်ဆောက် ကာကွယ်ရေး တွင်လည်း မြန်မာ အမျိုးသမီးများ အနေဖြင့် အရပ်ဘက်၊ စစ်ဘက် ကျရာကဏ္ဍ ၌ ပါဝင်ခဲ့ကြသည့် အစဉ်အလာ ရှိသည်။ စစ်ဘက်တာဝန် ထမ်းဆောင်ကြသော အမျိုးသမီး များသည် ၁၉၅၄ ခုနှစ်မှ ၁၉၅၈ ခုနှစ်အထိ တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့တို့တွင် ဝင်ရောက် တာဝန်ထမ်းဆောင် ခဲ့ကြသည်။

မျက်မှောက်ကာလ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး တွင် မြန်မာ အမျိုးသမီးများ ပိုမိုပါဝင်ခွင့် ရရေး ဖော်ဆောင်လျက် ရှိရာ တပ်မတော် အနေဖြင့်လည်း အမျိုးသမီး များကို စစ်မှု ထမ်းဆောင်ခွင့် ပြုထားပြီး ဘွဲ့ရ အမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၁)ကို ၂ဝ၁၄ ခုနှစ် မတ် ၃ ရက်မှ သြဂုတ် ၂၈ ရက်အထိနှင့် အမှတ်(၂) ကို ၂ဝ၁၅ ခုနှစ် ဧပြီ ၂၇ ရက်မှ ဒီဇင်ဘာ ၃ဝ ရက်အထိ၊ အမှတ်စဉ်(၃) ကို ၂ဝ၁၆ ခုနှစ် ဧပြီ ၂၅ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ အသီးသီး ဖွင့်လှစ် လေ့ကျင့် သင်ကြားပေး ခဲ့သည်။

ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ရန်ကုန်မြို့ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) စစ်ရေးပြကွင်း၌ ဒီဇင်ဘာ ၂၇ ရက် နံနက်က ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက် မိန့်ခွန်း ပြောကြားသည်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ''မိမိတို့နိုင်ငံ၏ သမိုင်းကြောင်း၊ နိုင်ငံ၏ ဖြစ်တည်မှုများ အရ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ဆိုသော စကားရပ်မှာ မည်သည့်ခေတ် တွင်မဆို အမြဲမှန်ကန်မှု ရှိနေမည် ဖြစ်ကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်နေသည့် တပ်မတော်ကို ခေတ်မီ တပ်မတော် (Standard Army) အဖြစ် တည်ဆောက်လျက် ရှိရာတွင် တိုက်စွမ်းရည်၊ တိုက်စွမ်းအား ထက်မြက်မြင့်မား နေစေရေး အစဉ်ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း''ဖြင့် ထည့်သွင်း ပြောကြားသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်း သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားတွင် တပ်ပိုင်းဆိုင်ရာ များကို ပြောကြားပြီး ဗိုလ်သင်တန်းကျောင်း ဧည့်ရိပ်သာခန်းမ၌ အကောင်းဆုံး ဗိုလ်လောင်းဆုရ ဗိုလ်လောင်း ဝတ်ရည်အောင်၊ သေနတ်ပစ် အကောင်းဆုံးဆုရ ဗိုလ်လောင်း အိန္ဒြာအောင်ကျော် နှင့် ၄င်းတို့၏မိဘများ အားတွေ့ဆုံ၍ အမှာစကား ပြောကြားစဉ် ''မိဘများ၏ ကျေးဇူးကိုလည်း မမေ့ဘဲ ကျေးဇူးဆပ်ခြင်း နှစ်မျိုးဖြင့် ပြန်လည် ကျေးဇူးဆပ်ရမည် ဖြစ်ကြောင်း'' မှာကြားသည်။


မြန်မာတို့သည် အနန္တောအနန္တ ငါးပါးဂိုဏ်းဝင် မိဘနှစ်ပါးအပေါ် သားသမီးတို့က ထားရှိရမည့် သဘောထားများဖြစ်သည့် ''သွန်သင်ပြသ၊ ဆိုဆုံးမ၊ မိဘဆရာ ဖြစ်တော့သည်။ အလှူခံပုဂ္ဂိုလ်၊ မိဘဆို၊ လှူကိုလှူရမည်။
ချဉ်ဆီရိုးထဲ၊ လွန်စွာကဲ၊ ချစ်လည်း ချစ်ကြသည်။ နို့ချိုတိုက်ကျွေး၊ မွေးမြူပေး၊ အလေးထားရမည်။ ယုယကြင်နာ၊ ပိုးပမာ၊ မွေးရှာခဲ့ကြသည်။ ရတဲ့ဥစ္စာ၊ သားသမီးဖို့သာ၊ ဖွေရှာထိန်းသိမ်းသည်''ဆိုသော သံပေါက်ကဗျာ များဖြင့် ဓမ္မကထိကဆရာတော်များ ဟောကြားညွှန်ပြ ထားကြသည်ကိုလည်း ဤနေရာတွင် အကြောင်းတိုက်ဆိုင် သဖြင့် ထပ်မံတင်ပြ လိုသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဆက်လက်ပြောကြား ရာတွင် ''မိမိဘဝ တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကို ဆောင်နိုင်သူများ ဖြစ်လာမည် ဖြစ်ကြောင်း'' မှာကြားခဲ့သည်။

စစ်သည်ဟောင်းကြီး တစ်ဦးက ''ငါ့သားများ စစ်ထဲဝင်ရင်လေ သူ့ကိုပြောလိုက်စမ်း ပါကွာ၊ စစ်တပ်ဆိုတာ အမှန်သာ လိုက်နာနိုင်ရင် တကယ့် ယောက်ျားမြတ် ဖြစ်စေနိုင်တဲ့ တရားတွေကို သင်ကြားပေးတဲ့ ကျောင်းကြီးပေါ့'' ဟူသော မှာတမ်းကို တပ်မတော်သားတိုင်း သိကြပြီးဖြစ်သည်။ သည်ယနေ့သော် တပ်မတော်သည် တကယ့် မိန်းမမြတ် ဖြစ်စေနိုင်သော တရားများကိုပါ သင်ကြားပေးလျက် ရှိရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အမှာ စကားများကို နှလုံးသားဝယ် ကမ္ပည်းတင်ကာ နိုင်ငံတော်နှင့် တပ်မတော်၏ဂုဏ်ကို ဆောင်နိုင်ကြ ပါစေကြောင်း မြဝတီက တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ ။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger