www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 10, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥရောပကောင်စီ Political and Security Committee မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥရောပသမဂ္ဂ နိုင်ငံရေးနှင့် 
လုံခြုံရေးကော်မတီ မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးစဉ်

နေပြည်တော် ၊ ၁၀-၁၁-၂၀၁၆

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းတွင် ဥရောပသမဂ္ဂ စစ်ဘက်ကောင်စီ အစည်းအဝေးသို့ တက်ရောက် မိန့်ခွန်း ပြောကြားပြီးနောက် ညနေပိုင်းတွင် Political and Security Committee မှ တောင်းဆိုချက်အရ ဥရောပကောင်စီ Oustus Cipsius Building ရှိ အစည်းအဝေး ခန်းမတွင် ဥရောပသမဂ္ဂ နိုင်ငံရေးနှင့် လုံခြုံရေး ကော်မတီမှ တာဝန်ရှိသူ များနှင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် Political and Security Committee မှ Chairman Mr. Walter Steven မှ နိုင်ငံရေးနှင့် လုံခြုံရေး ကော်မတီ အဖွဲ့ဝင်များအား မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ အပေါ် ဥရောပကောင်စီ ၏ အမြင်များနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား လက်ရှိ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ဖြစ်ပေါ်ပြောင်းလဲ တိုးတက်မှုများ အပေါ် ရှင်းလင်း ပြောကြား ပေးပါရန် ဆွေးနွေး တင်ပြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာနိုင်ငံ ဗြိတိသျှ ကိုလိုနီဘဝ ကျရောက်ခဲ့ချိန်မှ လွတ်လပ်ရေး ရပြီးသည့် အချိန်ထိ နယ်ချဲ့ တော်လှန်ရေးခေတ် နိုင်ငံရေး အခြေအနေများ၊ လွတ်လပ်ရေး ရပြီးနောက် လက်ရှိပါတီစုံ ဒီမိုကရေစီ အစိုးရပေါ် ပေါက် လာသည်အထိ နိုင်ငံရေး အခြေအနေများ၊ ပါတီစုံဒီမိုကရေစီ ခေတ်တွင် တပ်မတော်၏ ရပ်တည်ချက် သဘောထားများနှင့် ပြည်သူတို့၏ ဆန္ဒနှင့်အညီ ပေါ်ပေါက်လာသော အစိုးရနှင့် လက်တွဲ ပူးပေါင်းပြီး ပါတီစုံဒီမိုကရေစီ စနစ်ကို ခိုင်မာအောင် ထိန်းသိမ်း အကောင် အထည်ဖော် ဆောင်နေမှု များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြည်သူ ရွေးချယ်သော လမ်းကြောင်းကို တပ်မတော်က ခိုင်မာအောင် ထိန်းသိမ်း ပေးခဲ့တာ ယခုဆိုလျှင် အစိုးရသက်တမ်း နှစ်ခု ရှိပြီဖြစ်ကြောင်း၊ လွတ်လပ်ရေးနှင့် အတူ ပေါ်ပေါက်လာခဲ့သော ပြည်တွင်း သောင်းကျန်းမှုများ ချုပ်ငြိမ်းရေးအတွက် အစိုးရ အဆက်ဆက် ငြိမ်းချမ်းရေး ဆောင်ရွက်မှုများ ပြုလုပ်နိုင်ခဲ့ပြီး ၂ဝ၁၅ ခုနှစ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရှစ်ခုနှင့် NCA လက်မှတ်ရေးထိုး နိုင်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ် ဘက်မှ ပဋိပက္ခများသည် တိုင်းရင်းသား အရေးကိစ္စ များမဟုတ်ဘဲ အင်္ဂလိပ်တို့၏ ကိုလိုနီကာလ တစ်လျှောက် အကြောင်းအမျိုးမျိုး နှင့် ဝင်ရောက် လာကြသည့် ဘင်္ဂါလီများ ကြောင့် ဖြစ်ပေါ် နေသည့်ပဋိပက္ခ များဖြစ်ကြောင်း၊ နိုင်ငံရေးအရ ၂ဝ၁၁ ခုနှစ်ကတည်းက ပါတီစုံဒီမို ကရေစီစနစ်ကို ပြောင်းလဲနိုင် ခဲ့ကြောင်း၊ ပါတီစုံ ဒီမိုကရေစီစနစ် ဖြစ်သဖြင့် နိုင်ငံရေးအရ သဘောထား ကွဲလွဲမှုများကို နိုင်ငံရေးအရ သာ ဆွေးနွေးညှိနှိုင်း အဖြေရှာရမှာ ဖြစ်ပြီး လက်နက်စွဲကိုင်၍ နိုင်ငံရေးအရ တောင်းဆိုနေ၍ မရကြောင်း၊ လက်ရှိ နိုင်ငံတော်၏ နိုင်ငံရေး လမ်းကြောင်းကို တည်ငြိမ်မှုရှိအောင်၊ ခိုင်မာမှုရှိအောင် တပ်မတော်က ဆောင်ရွက် ပေးနေကြောင်း၊ ပဋိပက္ခ များကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူများကို လက်နက်ကိုင် အဖွဲ့အစည်းများက လူသားတံတိုင်း အဖြစ် အသုံးချနေမှုများ ရပ်တန့်စေရန်နှင့် ၄င်းတို့အား ကိုယ့်နယ်မြေ၊ ကိုယ့်ကျေးရွာများသို့ အမြန်ဆုံးပြန်သွားနိုင်အောင် တပ်မတော်က ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ EU မိတ်ဆွေနိုင်ငံများ အနေဖြင့် နေရပ်စွန့်ခွာ သူများ (တိုက်ပွဲရှောင်များ) အပေါ် လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ပေးအပ် နေခြင်းကို ကျေးဇူးတင်ရှိ ပါကြောင်း၊ ၄င်း အကူအညီများကို တိုက်ပွဲရှောင် များ၏ လက်ဝယ်သို့ ရောက်ရှိရေးမှာ အရေးကြီးပါ ကြောင်းနှင့် မသက်ဆိုင်သူ များ၏ လက်ထဲသို့ ရောက်ရှိမသွား စေရန် လိုအပ်ပါကြောင်း တို့အား အကျယ်တဝင့် ရှင်းလင်းဆွေးနွေး သည်။

တက်ရောက်လာသူ များက ၄င်းတို့သိရှိ လိုသည်များကို မေးမြန်းခဲ့ကြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မေးမြန်းချက်များ အပေါ် ပြန်လည် ဖြေကြားခဲ့သည်။

ဆွေးနွေးပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဘယ်လ်ဂျီယံနိုင်ငံ နှင့် ဥရောပသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးပေါ်လွင်စိန် တို့ တက်ရောက် ကြပြီး EU Political and Security Committee မှ ကော်မတီ အဖွဲ့ဝင်များ၊ EU ၂၈ နိုင်ငံမှ သံအမတ်ကြီးများ၊ အခြား လေ့လာသူများ တက်ရောက် ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger