www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 17, 2016

မောင်တောဒေသအတွင်း ကျေးရွာများ မီးလောင်မှုနှင့် စပ်လျဉ်းသည့် HRW အစီရင်ခံစာပါအချက်များ ရှင်းလင်း


Human Rights Watch (HRW) ၏ အစီရင်ခံစာပါ အချက်များအပေါ် ပြန်လည်ရှင်းလင်းခြင်း 
အထူးသတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်

နေပြည်တော် ၊ ၁၇-၁၁-၂၀၁၆

မောင်တောဒေသ အတွင်း ကျေးရွာများ မီးလောင်မှုနှင့် စပ်လျဉ်းသည့် Human Rights Watch (HRW) ၏အစီရင်ခံစာပါ အချက်များအပေါ် ပြန်လည် ရှင်းလင်းခြင်း အထူး သတင်းစာ ရှင်းလင်းပွဲကို ယမန်နေ့ညနေ ၅ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်၌ ကျင်းပသည်။

ရှင်းလင်းပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီ အတွင်းရေးမှူး နိုင်ငံတော် သမ္မတရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ယ နေ့ နိုင်ငံတော်သမ္မတရုံးမှ ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီကို ဖွဲ့စည်းလိုက် ပါကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီဖွဲ့စည်း ရခြင်း ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားသည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်ရေး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခြင်း ဖြစ်ပါကြောင်း။

ကော်မတီအနေဖြင့် အခါအားလျော်စွာ သတင်းစာ ရှင်းလင်းပွဲများ၊ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်သွားမည် ဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲသည် အစီရင်ခံစာပါ အချက်များ နှင့်ပတ်သက်ပြီး ပြန်လည်ရှင်းလင်း တင်ပြရန် ဖြစ်ပါကြောင်း၊ Human Rights Watch (HRW) မှ နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောဒေသရှိ ကျေးရွာများ မီးလောင်မှုနှင့် စပ်လျဉ်းပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါကြောင်း၊ အဆိုပါ ထုတ်ပြန်ချက် အပေါ်မူတည်ပြီး Bangkok Post သတင်းစာမှ နိုဝင်ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန် ခဲ့ပါကြောင်း၊ HRW ၏ သတင်းထုတ်ပြန်ချက် အပေါ် အခြေခံပြီး ထုတ်ပြန်သွားခြင်း ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စနှင့် စပ်လျဉ်းပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ မှလည်း ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် စိုးနိုင်ဦး

မိမိတို့အနေဖြင့် HRW ၏ သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည့် စွပ်စွဲချက်များနှင့် ပတ်သက်ပြီး လက်တွေ့မြေပြင်၌ ပြန်လည်စိစစ် မှုများ ပြုလုပ်ပြီး ရရှိလာသည့် သတင်း အချက်အလက် များကို ဆက်လက် ထုတ်ပြန်သွားမည် ဟု ကြေညာထား ပါကြောင်း၊ ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်တွင် စတင်ဖြစ်ပွား ခဲ့သော မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ Bangkok Post မှ နိုဝင်ဘာ ၁၄ ရက် မီးရှို့ ဖျက်ဆီးမှုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန် ခဲ့ပါကြောင်း၊ အလားတူ အခြားမီဒီယာ များတွင်လည်း သတင်းများ ပါရှိခဲ့ပါကြောင်း၊ အဆိုပါကိစ္စ နှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် တပ်မတော် ခေါင်းဆောင်များ တွေ့ဆုံပြီး လက်တွေ့ မြေပြင် အခြေအနေများ သိရှိနိုင်ရန် တပ်မတော်မှ ရဟတ်ယာဉ် များဖြင့် ဝါးပိတ်ကျေးရွာ၊ ကြက်ရိုးပြင် ကျေးရွာ၊ ပြောင်ပိုက်ကျေးရွာ၊ ဒါးကြီးဇား ကျေးရွာ ပတ်ဝန်းကျင် နယ်မြေများကို ဓာတ်ပုံ ရိုက်ကူးခြင်း၊ မျက်မြင် စစ်ဆေးခြင်း များကို ပြုလုပ်ခဲ့ ပါကြောင်း၊ အဆိုပါဒေသ များသို့ နိုဝင်ဘာ ၁၅ ရက်တွင် သွားရောက် စစ်ဆေးရာ၌ ဝါးပိတ်ကျေးရွာမှ အဆောက်အအုံ ၁ဝ၅ လုံး၊ ကြက်ရိုးပြင် ကျေးရွာမှ အဆောက်အအုံ အလုံး ၃ဝ၊ ဒါးကြီးဇား ကျေးရွာမှ အဆောက်အအုံ အလုံး ၃ဝ နှင့် ပြောင်ပိုက် ကျေးရွာမှ အဆောက်အအုံ အလုံး ၂ဝ မီးလောင်ပျက်စီး ခဲ့သည်ကို တပ်မတော် မြေပြင်ကွင်းဆင်း စစ်ဆေးရေး အဖွဲ့မှ တွေ့ရှိ ခဲ့ပါကြောင်း စသည်ဖြင့် Human Rights Watch (HRW) ၏ အစီရင်ခံစာပါ အချက်များနှင့်စပ်လျဉ်း၍ ကွဲလွဲမှုများအား တိကျစွာ သတင်း ထုတ်ပြန်နိုင်ရန် မြေပြင်သို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့မှုနှင့် လက်ရှိ ရခိုင်ပြည်နယ်၏ နောက်ဆုံး အခြေအနေ များကို အသေးစိတ် ရှင်းလင်း ပြောကြားသည်။

ထို့နောက် ကော်မတီဝင် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုး က ကော်မတီ အတွင်းရေးမှူး ဦးဇော်ဌေး ၏ ရှင်းလင်း ပြောကြားချက် များကို အင်္ဂလိပ် ဘာသာဖြင့် ပြန်လည်ရှင်းလင်း ပြောကြားသည်။

ယင်းနောက် သတင်းမီဒီယာ များ၏ သိရှိ လိုသည်များကို ကော်မတီ ဒုတိယဥက္ကဋ္ဌ နှင့် ကော်မတီဝင် များက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

မောင်တောဒေသ အား စစ်ဆင်ရေး ဒေသအဖြစ် သတ်မှတ်ထားခြင်း၊ ရဟတ်ယာဉ် သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းမှု အပေါ် ဦးဇော်ဌေး က မောင်တောဒေသ သည် ပဋိပက္ခ ဖြစ်စဉ်၊ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များ ဖြစ်ပွားနေသည့် အတွက် စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါကြောင်း၊ ရဟတ်ယာဉ်၏ စွမ်းပကားအား အသုံးပြုရာတွင် ထိခိုက်ဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင် ထိန်းသိမ်းသုံးစွဲခြင်း ဖြစ်ကြောင်း၊ ရဟတ်ယာဉ် ပထမဆုံး အသုံးပြုသည်မှာ စစ်ကြောင်းမှူး ထိခိုက်ခဲ့သည့် အတွက် ရဟတ်ယာဉ် စေလွှတ်ခြင်း ဖြစ်ကြောင်း၊ ရဟတ်ယာဉ်တွင် စက်သေနတ် အမျိုးအစားကိုသာ အသုံးပြုခြင်း ဖြစ်ကြောင်း၊ ဒုံးကျည်၊ ဗုံးများ အသုံးပြု၍ ရသော်လည်း အပြစ်မဲ့ပြည်သူများ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် ကန့်သတ်၍ သုံးခဲ့ခြင်း ဖြစ်ပါကြောင်း ဖြေကြားသည်။





မီဒီယာများအား သတင်းယူခွင့်နှင့် ပတ်သက်၍ စီစဉ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်းအပေါ် ဦးဇော်ဌေး က အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖြေဆိုရန် နှစ်ပိုင်း ရှိပါကြောင်း၊ နံပါတ်တစ် အပိုင်းမှာ သတင်း ထုတ်ပြန်မှုအပိုင်း ဖြစ်ကြောင်း၊ သတင်း ထုတ်ပြန်မှု အပိုင်းတွင် ကော်မတီ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်သည် ဖြစ်စဉ်ဖြစ်ရပ် များနှင့် ပတ်သက်၍ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ရန် ဖြစ်ကြောင်း၊ မနက်ဖြန်မှ စတင်၍ ကော်မတီမှ မြေပြင်သတင်း ရရှိမှုအား ဖြစ်ဖြစ်ချင်း အမြန်ဆုံး ထုတ်ပြန်ပေးရန် ကြိုးစားသွားမည် ဖြစ်ကြောင်း၊ နံပါတ်နှစ် အချက်မှာ မြေပြင်တွင် မီဒီယာများ သတင်းယူခွင့်နှင့် ပတ်သက်၍ လက်ရှိ မောင်တော အခြေအနေမှာ တည်ငြိမ်မှုကို ပြန်ထိန်းနေသည့် အခြေအနေ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မြေပြင်အား သံတမန်များ စေလွှတ် သကဲ့သို့ ဆောင်ရွက်ပေးရန် စီစဉ် နေပါကြောင်း၊ လက်ရှိတွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်းအဖွဲ့ စေလွှတ်ထား ပါကြောင်း၊ မောင်တောတွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးစီး၍ မြေပြင် အခြေအနေ သတင်းများ ရယူလျက် ရှိပါကြောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန နှင့် ရခိုင်ပြည်နယ် အစိုးရတို့ ညှိနှိုင်း၍ စေလွှတ်ခြင်း ဖြစ်ကြောင်း၊ ထိုသို့ စေလွှတ်သည့် အခါတွင် ၄င်းတို့၏ လုံခြုံရေးအတွက် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လုံခြုံရေး ယူပေးရန်နှင့် အစိုးရ အပိုင်းမှ ကူညီပံ့ပိုး ပေးရန် ညှိနှိုင်းပြီး စေလွှတ်ခြင်း ဖြစ်ကြောင်း၊ လက်တွေ့ မြေပြင်တွင် ဆောင်ရွက်နေသည့် ရှေ့ပြေးအဖွဲ့ ဆောင်ရွက်ချက်၊ သတင်းယူသည့် အနေအထား အပေါ် မူတည်၍ ပုဂ္ဂလိက မီဒီယာများကို စေလွှတ်မည် ဖြစ်ပါကြောင်း၊ လွှတ်သည့် အခါတွင် လူများစွာဖြင့် လွှတ်၍ မရကြောင်း၊ မိမိတို့ အနေဖြင့် မီဒီယာအစုံ ပါအောင် ရည်ရွယ်၍ လွှတ်ဖို့ရှိကြောင်း၊ တပ်မတော် စစ်ကြောင်းများ နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ တိုက်ပွဲများနှင့် ပတ်သက်၍ လိုက်ပါသတင်း ယူရာတွင် ကန့်သတ်ချက်များ ရှိကြောင်း၊ စည်းမျဉ်း စည်းကမ်း များလည်း များစွာရှိကြောင်း၊ နိုင်ငံတကာတွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ အတွေ့အကြုံများ ရှိခဲ့သော်လည်း မိမိတို့နိုင်ငံတွင် နည်းနေ သေးကြောင်း၊ ထိုသို့ နည်းသည့်အတွက် လုံခြုံရေး မထိခိုက် စေရန်နှင့် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဆောင်ရွက် နေသည့် လုပ်ငန်း တာဝန်များကိုလည်း ထိခိုက်မှု မရှိစေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် Conflict, Sensitive, Journalism နှင့် ပတ်သက်၍ မည်သို့ ရွေးချယ်မည်၊ အဆိုပါ သတင်းများအား မည်သို့ရယူမည် ဆိုသည် ကို မီဒီယာနှင့် မိမိတို့ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖြေကြားသည်။



သတင်းများအား အချိန်နှင့် တစ်ပြေးညီ မည်သို့ ထုတ်ပြန်မည်၊ ဘယ်က ပေးပို့သည့် သတင်း အချက်အလက် များကို အခြေခံပြီး ထုတ်ပြန်မည်။ မြေပြင်တွင် သတင်း အချက်အလက် များ စုစည်းမည့် သတင်း ကွန်ရက်များ ဖွဲ့စည်းမှု အခြေအနေနှင့် စပ်လျဉ်း၍ မေးမြန်းမှု အပေါ် ဦးဇော်ဌေး က ရခိုင်ပြည်နယ် သတင်း ထုတ်ပြန်ရေး ကော်မတီရုံးကို နိုင်ငံတော် သမ္မတအိမ်တော် အောက်ထပ်တွင် ရုံးခန်း ဖွင့်ထားပြီး တာဝန်ရှိသူများ အားလုံး ရုံးချိန် တွင် ရုံး၌ရှိမည် ဖြစ်ပါကြောင်း၊ တပ်မတော်မှ ကိုယ်စားလှယ်မှာ ဗိုလ်ချုပ် စိုးနိုင်ဦး ဖြစ်ပါကြောင်း၊ ၄င်းသည် တပ်မတော် သတင်း ထုတ်ပြန်ရေး အဖွဲ့၏ ဒုတိယ ခေါင်းဆောင် လည်း ဖြစ်ပါကြောင်း။

လက်တွေ့ မြေပြင်တွင် နေ့စဉ် ဖြစ်စဉ် ဖြစ်ပွားမှုများကို အချိန်နှင့် တစ်ပြေးညီ တပ်မတော် အပိုင်းက ကြေညာမည် ဖြစ်ပါကြောင်း၊ မြေပြင်တွင် ဖြစ်ပွားသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဆိုင်ရာ လှုပ်ရှားမှု ဖြစ်စဉ်များကို ချက်ချင်း တင်ရပါကြောင်း၊ ဖုန်းဖြင့် သော် လည်းကောင်း၊ ကြေးနန်းဖြင့် သော်လည်းကောင်း တင်ရပါကြောင်း၊ ယင်း သတင်းများ အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ကိုယ်စားလှယ်လည်း ရှိပါကြောင်း၊ ကျန်အပိုင်းများကို ရခိုင်ပြည်နယ် အစိုးရ၊ နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ ပေါင်းစပ်ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ လက်တွေ့ဖြစ်ပြီ ဆိုသည်နှင့် ချက်ချင်း ကြေးနန်းသတင်း၊ ဖုန်းသတင်းများ ရရှိနိုင်ရေး ဆောင်ရွက်မည် ဖြစ်ပြီး ပြည့်စုံသည့် သတင်း ရပြီဆိုပါက ထုတ်ပြန်ပေး သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။ 

ရခိုင်ပြည်နယ် အတွင်း တည်ငြိမ်မှုအမြန် ရရှိစေရန် အတွက် အစိုးရအနေဖြင့် ကြိုးပမ်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများ၊ အဓိက အခက်အခဲများနှင့် ပတ်သက်၍ မေးမြန်းမှုအပေါ် နိုင်ငံတော် သမ္မတရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ယခု ဖြစ်စဉ်များနှင့် ပတ်သက်၍ အမြန်ဆုံး တည်ငြိမ်သည့် အနေအထားသို့ ပြန်ရောက် စေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ လက်ရှိမြေပြင် အခြေအနေတွင် နိုဝင်ဘာ ၁၂ ရက်က ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိသည့် ၃၆ ဦးအနက် မိုဟာမက် အစ္စလာမ် အသက် ၄၄ နှစ်သည် ပွင့်ဖြူချောင်း ကျေးရွာတွင် နေထိုင်ပြီး နိုဝင်ဘာ ၁၂ ရက်တွင် ရွာသူရွာသားများ နှင့်အတူ တိုက်ပွဲဖြစ်သည့် နေရာသို့ လိုက်သွားကြောင်း၊ ၄င်း၏ ထွက်ဆိုချက် အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ပြန်လာသည့် အကြမ်းဖက် သမားများက ၄င်းတို့၏ ကျေးရွာများကို မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း။

နိုဝင်ဘာ ၁၄ ရက်က ဖမ်းဆီးရမိသည့် ဆာဒူအာမေး (အဘ-အဒူလာ) သည် ကြိမ်ချောင်း ကျေးရွာမှ မြောက်ဘက်ရှိ မြစင် ကျေးရွာသို့ ရွာသားများနှင့် အတူ လိုက်လာပြီး စစ်တပ်နှင့် လုံခြုံရေးအဖွဲ့ကို တိုက်ခိုက် အကြမ်းဖက်ရန် ရည်ရွယ်သည် ဟု ထွက်ဆို ထားကြောင်း။

နိုင်ငံတကာ သံတမန်များ သွားရောက်စဉ် အင်္ဂလိပ်စာဖြင့် ရေးထားသည့် ဒေသခံများ ကိုင်ဆောင်ထားသည့် ဆိုင်းဘုတ်များကို ၄င်းတို့ကိုယ်တိုင် သိရှိနားလည်မှု ရှိ၊ မရှိ မေးမြန်းရာ မသိကြောင်း၊ ထိုဆိုင်းဘုတ်များ ဘယ်ကရလဲ မေးမြန်းရာ ဖုန်း Viber မှ ပို့ပေးခြင်းဖြစ်ကြောင်း ပြန်ဖြေပြီး မည်သူ ပေးသည်ကို မေးမြန်းရာ မဖြေကြကြောင်း၊ ယခုမောင်တော ပဋိပက္ခဖြစ်စဉ်သည် ပုံမှန် ရိုးရိုးရှင်းရှင်း စဉ်းစား၍ မရကြောင်း၊ အစွန်းရောက်များ၏ စိတ်ထဲတွင် တပ်နှင့်ရဲလာလျှင် မည်သို့တုံ့ပြန် ရမည်ကိုသာ ပြင်ဆင်နေကြောင်း၊ တစ်ဖက်မှ လုံခြုံရေး စည်းကမ်းများ သတ်မှတ်ထား သော်လည်း ပြည်ပမှ အကြံအစည် များဖြင့် ဝင်ရောက် နေခြင်းဖြစ်၍ ရေရှည်တွင်  ခိုင်ခိုင်မာမာ ကိုင်တွယ်နိုင်ရန် တာဝန်နှစ်ရပ်ဖြင့် ဖြေရှင်းသွားမည် ဖြစ်ကြောင်း၊ စည်းရုံးခံထားရသည့် အစွန်းရောက် များကို အစွန်းရောက်စိတ် ပပျောက် သွားအောင် ရေရှည် ဆောင်ရွက်ရန်၊ နှစ်ဖက်တည်ငြိမ် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်သည့် ပတ်ဝန်း ကျင်ကို ဖန်တီးသွားရန် ဖြစ်ကြောင်း၊ သို့သော် လက်တွေ့ မြေပြင်တွင် ရွာသားနှင့် တိုက်ခိုက် သည့် အကြမ်းဖက်သမား များမှာ ရောနှောနေ သဖြင့် ဖြေရှင်းရန် ခက်ခဲကြောင်း၊ အချိန်ယူပြီး လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ အမြန်ဆုံး တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ဆောင်ရွက်နေ ပါကြောင်း၊ ယင်းဒေသရှိ အမျိုးသမီးများ အဓမ္မပြုကျင့် ခံရမှုအား စုံစမ်း မေးမြန်းရာ မရှိ ဟုဖြေဆိုပါကြောင်း၊ ယခုကဲ့သို့ ဆူပူမှုများ ဖန်တီးသည်မှာ တတိယ အကြိမ်မြောက် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ အပိုင်းနှင့်လည်း ချိတ်ဆက်၍ လှုပ်ရှားနေမှု များလည်း ရှိကြောင်း ဖြေကြားသည်။

ထို့ပြင် နောက်ပိုင်းမှ လှုံ့ဆော်ပေး နေသည့် အဖြစ်အပျက်များ ကိုလည်း တွေ့နေရပါကြောင်း၊ အောက်တိုဘာ ၉ ရက်က လုံခြုံရေး တပ်ဖွဲ့ကို လာတိုက်ခိုက် သည်မှာ ဆွပေးသည့် ပုံစံဖြစ်နေပြီး တစ်ဖက်တွင် လည်း ကုလသမဂ္ဂ  တွင် မြန်မာနိုင်ငံနှင့် သက်ဆိုင်သည့် လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များကို ဖြုတ်ချပေးရန် တောင်းဆိုရာ အားလုံးက သဘောတူပြီး ဖြုတ်ချပေးခဲ့ သည်ကို မလိုလားသဖြင့် ဆူပူမှု မဖြစ် - ဖြစ်အောင် ပြန်ပြီးလှုံ့ဆော် နေခြင်းသာ ဖြစ်ကြောင်း၊ မြန်မာအစိုးရက မလိုက်နာဟု ထင်မြင်လာအောင် ဖန်တီးလုပ်ဆောင် နေခြင်း ဖြစ်သော်လည်း ဆူပူမှုများကို ပြန်လည် တည်ငြိမ်မှု ရရှိစေရန် နိုင်ငံတကာ ဥပဒေနှင့် အညီ ဂျီနီဗာ ကွန်ဗင်းရှင်း နှင့်အညီ  ဖြေရှင်းနေပြီး တပ်အင်အား ကိုလည်း လိုအပ်သည်ထက် ပိုမသုံးဘဲ နယ်မြေ အေးချမ်းရန်၊ တည်ငြိမ်ရန် အတွက်သာ သုံးစွဲဖြေရှင်းခဲ့၍ တည်ငြိမ် လာချိန်တွင် သံတမန်အဖွဲ့ ကွင်းဆင်းသွား ရောက် ကြည့်ရှုသည့်အခါ ဆန္ဒပြသူများ ကိုင်ဆောင်သော ဆိုင်းဘုတ်များမှာ တစ်ဖက်မှ တယ်လီဖုန်းဖြင့် အချက်အလက် ပေး၍ လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုး က ဖြည့်စွက်  ဖြေကြားသည်။

ရခိုင်ပြည်နယ် ဖြစ်စဉ်များအပေါ် တပ်မတော်၏ ဆောင်ရွက်မှု များနှင့် စပ်လျဉ်းသည့် မေးခွန်းအပေါ် တပ်မတော် သတင်းမှန်ပြန် ကြားရေး အဖွဲ့ ဒုတိယ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် စိုးနိုင်ဦး က ရခိုင်ပြည်နယ် ဖြစ်စဉ်ကို ပြန်ကြည့်မည် ဆိုပါက အကြမ်းဖက် သောင်းကျန်းသူ များသည် နိုင်ငံ၏ အချုပ်အခြာ အာဏာကို စတင်ထိပါးခြင်း ဖြစ်ကြောင်း၊ လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များ ရှိသည့် နယ်ခြားစောင့် စခန်းလေးနေရာကို တစ်ပြိုင်တည်း တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှု များကြောင့် လက်နက် ၆၅ လက် ဆုံးရှုံးခဲ့ရပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၁ဝ ဦးကျဆုံးခဲ့ သဖြင့် အဆိုပါဖြစ်စဉ်ကို ဖြေရှင်းနိုင်ရန် နိုင်ငံတော် အစိုးရကို တင်ပြခဲ့ရာ နိုင်ငံတော်  အစိုးရ က ခွင့်ပြုသည့် အတိုင်းအတာ အထိ ဆောင်ရွက်လျက် ရှိပါကြောင်း၊ တပ်မတော်၏ စွမ်းရည်အရ ဆောင်ရွက်၍ ရပါကြောင်း၊ တပ်မတော် ၏ လေတပ်၊ ကြည်းတပ်နှင့် သံချပ်ကာ စစ်ဆင်ရေး စွမ်းရည် လေ့ကျင့်ခန်း  များကို မီဒီယာ များအား ဖိတ်ခေါ်ပြသ ခဲ့ပြီး ဖြစ်ပါကြောင်း၊ သို့သော် နိုင်ငံတကာ ဥပဒေနှင့် နိုင်ငံတကာမှ ချမှတ်ထားသည့် ဥပဒေများအရ အင်အား အနည်းဆုံးဖြင့် ထိန်းသိမ်း ဆောင်ရွက်လျက် ရှိပါကြောင်း။ 

ရဟတ်ယာဉ် သုံးစွဲမှုနှင့် စပ်လျဉ်း၍ ဖြစ်စဉ် ဖြစ်ပွားသည့်နေ့တွင် တပ်မတော်မှ တပ်ရင်းမှူး အဆင့်ရှိသူတစ်ဦး ထိခိုက်ခဲ့ပါကြောင်း၊ အကြမ်းဖက် အင်အား ၈၃ဝ ကျော်ခန့် ရှိပါကြောင်း၊ အဆိုပါ အကြမ်းဖက် အဖွဲ့တွင် သေနတ်ကိုင် အကြမ်းဖက်သမား ၃ဝ ဦးခန့်ပါရှိပြီး ကျန်သူများမှာ ဓား၊ လှံ နှင့် လေးဂွ တို့ကို ကိုင်ဆောင်ထားပြီး သုံးနေရာခွဲ၍ ဝိုင်းဝန်း တိုက်ခိုက်ပါကြောင်း၊ တပ်မတော် အနေဖြင့် ပထမဦးစွာ အဓိကရုဏ်း နှိမ်နင်းရေး လက်နက် ဖြစ်သည့် ရော်ဘာကျည်ဆန်ဖြင့် ပစ်ခတ်ခဲ့ ပါကြောင်း၊ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့သဖြင့် တပ်ရင်းမှူး အဆင့်ရှိ တပ်မတော် အရာရှိ ထိခိုက်ခဲ့ရ ပါကြောင်း၊ ထိုသို့အဝိုင်းခံ ထားရခြင်း သည် တပ်မတော်၏ ဂုဏ်သိက္ခာ ထိခိုက်နိုင်ပြီး တပ်မတော်သားများ ထိခိုက်နိုင် ပါကြောင်း၊ ထို့ကြောင့် ရဟတ်ယာဉ် စေလွှတ်၍ ဒဏ်ရာရသည့် တပ်မတော် စစ်ကြောင်းမှူးနှင့် တပ်မတော်သား များကို ကယ်ထုတ်ခဲ့ရ ပါကြောင်း၊ လက်နက်ကြီးများ၊ ဗုံးများ အသုံးမပြုခဲ့ ပါကြောင်း၊ ၇ ဒသမ ၆၂ ကျည်သုံး စက်သေနတ် ကိုသာ အသုံးပြုခဲ့ကြောင်း၊ တပ်မတော် သည် ဂျီနီဗာကွန်ဗင်းရှင်းမှ ချမှတ်ထားသည် ကို အတိအကျ လိုက်နာပါကြောင်း၊ တပ်မတော်သား တိုင်းသည် တပ်မတော် သားတိုင်း ကျင့်သုံးရမည့် ကျင့်ဝတ် ၆ဝ ကို လိုက်နာကျင့်သုံး ရပါကြောင်း၊ အဆိုပါ ကျင့်ဝတ်များကို တပ်မတော် တပ်သားအဆင့်မှ ကာကွယ်ရေး ဦးစီးချုပ်အဆင့် ထိ လိုက်နာကျင့်သုံး ရပါကြောင်း။

သတင်းရယူခွင့်နှင့် စပ်လျဉ်း၍ ရန်သူသည် ယူနီဖောင်းဝတ်၍ တိုက်ခိုက်နေခြင်း မဟုတ်ပါကြောင်း၊ ရန်သူ့စခန်း ဘယ်နေရာမှာ ရှိသည်ကို အတိအကျ မပြောနိုင်ပါကြောင်း၊ လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များနှင့် တပ်မတော်သား များမှာ ချောင်းမြောင်း တိုက်ခိုက်ခံ နေရပြီး လုံခြုံမှုကို အာမခံရန် ခက်ခဲသဖြင့် စစ်ဆင်ရေး နယ်မြေ အဖြစ် သတ်မှတ်ထား ပါကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော်အစိုးရ၏ ညွှန်ကြားချက် များ၊ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း များနှင့် အညီ ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်း ဖြေကြားသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger