www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 2, 2016

နယ်မြေတည်ငြိမ် အေးချမ်းလာပြီ ဖြစ်၍ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်သူများ နေရပ်ဒေသအသီးသီးသို့ ပြန်လည်ထွက်ခွာ


စစ်တွေ ၊ ၂-၁၁-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောခရိုင် အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်(ကျီးကန်းပြင်)၊ ကိုးတန်ကောက် ရဲကင်းစခန်းနှင့် ငါးခူရနယ်မြေရုံး တို့သို့ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းက အကြမ်းဖက် သမားများက အလစ်အငိုက် ရယူ၍ အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ကိုးဦး ကျဆုံးခဲ့ပြီး လက်နက်ငယ် မျိုးစုံ၊ ကျည်မျိုးစုံနှင့် ဆက်စပ် ပစ္စည်းများ ဆုံးရှုံးခဲ့ရသည်။

ယခုအကြမ်းဖက် ဖြစ်စဉ်သည် ၄င်းဒေသတွင် အများစုရောက်ရှိ နေထိုင်လျက် ရှိသော အစ္စလာမ် ဘာသာဝင် များအတွင်း အစွန်းရောက် အကြမ်းဖက်ဝါဒ တိုးမြင့် လာစေရန် အချိန်ယူ၍ စည်းရုံးသိမ်းသွင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်သည် RSO အကြမ်းဖက် အဖွဲ့နှင့် ဆက်နွှယ်သော အဖွဲ့၏ ဆောင်ရွက်ချက် ဖြစ်သည်ဟု စစ်ဆေးဖော်ထုတ် ရရှိခဲ့ကြောင်းနှင့် ပြည်ပရှိ အကြမ်းဖက် အဖွဲ့အစည်းများ၊ အကြမ်းဖက် အားပေး လူပုဂ္ဂိုလ်များ၏ ပံ့ပိုးကူညီမှုများ ရယူကာ အချိန်ယူ ပြင်ဆင်ပြီး စနစ်တကျ စီစဉ် ဆောင်ရွက်ခဲ့သော အကြမ်းဖက်မှု ဖြစ်သည်ဟု နိုင်ငံတော် သမ္မတရုံး၏ အောက်တိုဘာ ၁၄ ရက်သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဒေသခံများမှာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင် ခဲ့ကြပြီး ကယ်ဆယ်ရေး စခန်းများသို့ ရောက်ရှိလာခဲ့ ကြရာမှ ယခုအခါ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့၏ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်မှုများ၊ ပြည်သူလူထု၏ ပူးပေါင်း ပါဝင် ဆောင်ရွက်မှု များကြောင့် နယ်မြေ တည်ငြိမ် အေးချမ်းမှုများ ရရှိလာပြီ ဖြစ်၍ မိမိတို့ ဆန္ဒအလျောက် ၄င်းတို့၏ နေရပ်ဒေသ အသီးသီးသို့ ပြန်လည်ထွက်ခွာ နေကြပြီ ဖြစ်သည်။

စစ်တွေမြို့ ဓညဝတီ ဘောလုံးကွင်း အတွင်း ဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်းမှ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ခဲ့ ကြသည့် ဒေသခံ ၁ဝဝ ခန့်မှာ ၄င်းတို့ ဆန္ဒအလျောက် ယမန်နေ့တွင် အမြန် ရေယာဉ်ဖြင့် စစ်တွေမြို့မှ ၄င်းတို့၏ နေရပ်ဒေသ အသီးသီးသို့ ပြန်လည် ထွက်ခွာကြရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူ များက ပို့ဆောင် နှုတ်ဆက် အားပေးခဲ့ ကြသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် လူမှု အဖွဲ့အစည်း များက ငွေကြေးနှင့် စောင်၊ ခြင်ထောင်များကို ထောက်ပံ့ ပေးအပ်ခဲ့ ကြသည်။

စစ်တွေမြို့ ဓညဝတီ ဘောလုံးကွင်း၌ ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းတွင် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်လာသူ ၈ဝဝ ခန့်အထိ ရှိခဲ့ရာမှ ယခုအခါ နယ်မြေတည်ငြိမ် အေးချမ်းမှုများ ရရှိလာပြီ ဖြစ်သောကြောင့် ၄င်းတို့ ဆန္ဒအလျောက် နေရပ်ဒေသ အသီးသီးသို့ ပြန်လည် ထွက်ခွာလျက် ရှိရာ ယခုအခါ ဓညဝတီ ကယ်ဆယ်ရေး စခန်းတွင် ဒုက္ခသည် ၁ဝဝ ခန့်သာ ကျန်ရှိ တော့ကြောင်း၊ အဆိုပါ ကယ်ဆယ်ရေး စခန်းတွင် နေရပ်စွန့်ခွာ တိမ်းရှောင်သူများ တည်းခို နေထိုင်နိုင်ရန် ယခင်က ကယ်ဆယ်ရေး ရွက်ဖျင်တဲ ၃၆ လုံး ဆောက်လုပ်ပေး ထားရှိရာမှ ယခုအခါ မလိုအပ် တော့သည့် ရွက်ဖျင်တဲ များကို ပြန်လည် ဖြုတ်သိမ်းလျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger