www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 17, 2016

အကြမ်းဖက်သမားများ အနေဖြင့် လုံခြုံရေးတပ်ဖွဲ့များအပေါ် အထင်အမြင်လွဲမှားစေရေး ကျေးရွာများအား မီးရှို့ဖျက်ဆီးလျက်ရှိ


နေပြည်တော် ၊ ၁၇-၁၁-၂၀၁၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ချက် အမှတ် ၁/၂၀၁၆ အား ယနေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ အဆိုပါ သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည် -

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီ
သတင်းထုတ်ပြန်ချက်အမှတ် ၁/၂၀၁၆

၁၃၇၈ ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်
( ၂၀၁၆ ခုနှစ် ၊ နိုဝင်ဘာလ ၁၆ ရက် )

၁။ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်ထုတ် Bangkok Post သတင်းစာပါ မောင်တောနယ်မြေ အတွင်း လူနေ အဆောက်အအုံများ မီးရှို့ဖျက်ဆီး ခံရသည့် သတင်းနှင့် ပတ်သက်၍ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့၏ ထုတ်ပြန်ချက်အား ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် သတင်းထုတ်ပြန် ခဲ့ပြီးဖြစ်သည်။

၂။ အဆိုပါသတင်းနှင့် ပတ်သက်၍ တိကျစွာ ထုတ်ပြန်နိုင်ရန် တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ဝါးပိတ်ကျေးရွာ၊ ကြက်ရိုးပြင် ကျေးရွာ၊ ဒါးကြီးဇား ကျေးရွာ နှင့် ပတ်ဝန်းကျင် နယ်မြေများအား လှည့်လည်၍ ဓာတ်ပုံရိုက်ခြင်း၊ မျက်မြင် စစ်ဆေးခြင်း တို့အား နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ဆောင်ရွက်ခဲ့ရာ ဝါးပိတ်ကျေးရွာ၌ အဆောက်အအုံ ၁ဝ၅ လုံးခန့် ၊ ကြက်ရိုးပြင် ကျေးရွာ၌ အဆောက်အအုံ ၃ဝ လုံးခန့်၊ ဒါးကြီးဇား ကျေးရွာ၌ အဆောက်အအုံ ၃ဝ လုံးခန့်၊ ပြောင်ပိုက် ကျေးရွာ၌ အဆောက်အအုံ ၂ဝ လုံးခန့် မီးလောင်ပျက်စီး ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ရသည်။

၃။ ဝါးပိတ်ကျေးရွာ၌ နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းတွင် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ ၁ဝ ဦးခန့် ဝင်ရောက်လာကြောင်း သတင်းရရှိသဖြင့် လုံခြုံရေး အဖွဲ့များက သွားရောက် ရှင်းလင်းရာ အကြမ်းဖက် တိုက်ခိုက်သူ များသည် ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးသွား ခဲ့ကြောင်း နိုဝင်ဘာ ၁၄ ရက်ထုတ် မြဝတီသတင်းစာ နှင့် မြဝတီ ရုပ်မြင်သံကြား ၌ ဖော်ပြ ခဲ့ပြီးဖြစ်သည်။ Bangkok Post သတင်းစာ၌ HRW- Human Rights Watch က ထုတ်ပြန်ထားသည့် ဂြိုဟ်တုသတင်း ဓာတ်ပုံများအား အခြေခံ၍ သတင်းရေးသား ထားသဖြင့် နိုဝင်ဘာ ၁၃ ရက်နေ့ မတိုင်မီ ကတည်းကပင် ဝါးပိတ်ကျေးရွာ၌ အဆောက်အအုံ ၁ဝဝ ခန့် မီးရှို့ခံရကြောင်း စွပ်စွဲဖော်ပြ ထားကြောင်းတွေ့ရှိ ရသည်။ အဆိုပါကျေးရွာ၌ HRW ၏ သတင်းဖော်ပြချက် မတိုင်မီ မီးလောင်ပျက်စီး အဆောက်အအုံ ၂၅ လုံးသာ ရှိကြောင်း အောက်တိုဘာ ၁၃ ရက်နေ့ထုတ် မြဝတီသတင်းစာ နှင့် မြဝတီရုပ်မြင်သံကြား တို့၌လည်း သတင်းဖော်ပြပြီး ဖြစ်ပါသည်။ ထို့ကြောင့် စစ်ဆေးတွေ့ရှိ ချက်များအရ ဝါးပိတ်ကျေးရွာတွင် မူလရှိရင်း အဆောက်အအုံ၂၆၁ လုံး၊ မီးလောင်ပျက်စီးမှု အဆောက်အအုံ ၁ဝ၅ လုံးရှိကြောင်း တွေ့ရှိရသည်။ Bangkok Post ၌ ကြက်ရိုးပြင် ကျေးရွာတွင် အဆောက်အအုံ ၂၄၅ လုံးမီးရှို့ ဖျက်ဆီးခံရကြောင်း ဖော်ပြခဲ့သော်လည်း စစ်ဆေးချက်များ အရ ၄င်းကျေးရွာ၌ မူလရှိရင်းအဆောက်အအုံ ၃၆၂ လုံးရှိပြီး ၃ဝ လုံးခန့်သာ မီးလောင် ပျက်စီးကြောင်း တွေ့ရှိရသည်။ အလားတူ အဆောက်အအုံ ၇ဝဝ လုံး မီးရှို့ဖျက်ဆီး ခံရကြောင်း စွပ်စွဲဖော်ပြခဲ့သော ဒါးကြီးဇား ကျေးရွာ၌ မူလရှိရင်း အဆောက်အအုံ ၃၃ဝ လုံးသာရှိခဲ့ပြီး စစ်ဆေးချက်များ အရ အဆောက်အအုံ ၃ဝ လုံးခန့်သာ မီးလောင် ပျက်စီးကြောင်း မြေပြင်၌ တွေ့ရှိရသည်။ HRW ၌ ပြောင်ပိုက်ကျေးရွာ တွင် အဆောက်အအုံ ၈၅ လုံး မီးလောင်ခဲ့ကြောင်း ဖော်ပြထား သော်လည်း စစ်ဆေးချက် များအရ ၂ဝ လုံးသာ မီးလောင် ပျက်စီးမှုရှိကြောင်း တွေ့ရှိရသည်။ မီးလောင် ပျက်စီးမှုမှာလည်း အကြမ်းဖက်သမား များ၏ ရှို့မီးကြောင့်သာ ဖြစ်ကြောင်း သတင်း ထုတ်ပြန်ပြီး ဖြစ်သည်။

၎။ ရဟတ်ယာဉ်ဖြင့် မီးလောင် ပျက်စီးမှုများအား ဝေဟင်မှ ကြည့်ရှုစစ်ဆေးရာ ညနေ ၃ နာရီခန့်တွင် ရေခပ်ချောင်းဂွဆုံ ကျေးရွာသို့ ရောက်ရှိစဉ် အဆောက်အအုံ တချို့ မီးလောင်နေကြောင်း တွေ့ရှိရသဖြင့် ပတ်ဝန်းကျင်တွင် လုံခြုံရေး ဆောင်ရွက်လျက် ရှိသော တပ်မတော် စစ်ကြောင်းများသို့ အကြောင်းကြား၍ ဝိုင်းဝန်းမီးငြှိမ်းသတ် စေခဲ့ရာ အဆောက်အအုံ ၁၇ လုံး မီးလောင်ခဲ့ကြောင်း သိရှိရသည်။

၅။ မောင်တောနယ်မြေ အတွင်း အကြမ်းဖက် လှုပ်ရှားနေသော အကြမ်းဖက် သမားများ အနေဖြင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့များအပေါ် အထင်အမြင် လွဲမှားစေရေး ကျေးရွာများအား မီးရှို့ဖျက်ဆီးလျက် ရှိကြောင်းနှင့် ထိုသို့ ဆောင်ရွက်ပြီးပါက အချို့သတင်း မီဒီယာများဖြင့် ချိတ်ဆက်၍ လိမ်လည် သတင်းဖြန့်ချိခြင်း၊ နိုင်ငံတကာမှ အထောက်အပံ့များ ရရှိအောင် လုပ်ကြံ ဖန်တီးခြင်းများ ပြုလုပ်လျက် ရှိကြောင်း တွေ့ရှိရသည်။ မောင်တော နယ်မြေအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေမှု များအား အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ် ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger