www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 10, 2016

ယိုယွင်းလာသည့် ဖိလစ်ပိုင်-အမေရိကန် စစ်ဘက်ဆက်ဆံရေး သို့မဟုတ် တရုတ်နိုင်ငံအတွက် လွှမ်းမိုးမှုချဲ့ထွင်ရန် အကြောင်းဖန်လာခြင်း


U.S NAVAL BASE, SUBIC BAY

( ဇေယျဘုန်း )

ဖိလစ်ပိုင်နိုင်ငံကို အောက်ကျခံ နိုင်ငံ တစ်နိုင်ငံ အဖြစ် မဆက်ဆံရန် ဖိလစ်ပိုင် သမ္မတ ရိုဒရီဂူ ဒူတာတေ က အမေရိကန် အစိုးရအား သတိပေး ပြောကြားခဲ့ပြီး နောက်ပိုင်းတွင် အင်အားကြီး အမေရိကန် ပြည်ထောင်စုနှင့် ၄င်း၏ အာရှ-ပစိဖိတ် မဟာမိတ်နိုင်ငံ တို့အကြား ဖြစ်ပွားလျက် ရှိသည့် ကတောက်ကဆတ် မှုများမှာ ပိုမိုကြီးထွား လာနိုင်ဖွယ် ရှိသည့် အပြင် ယင်းနိုင်ငံ၏ စစ်ဘက် ဆက်ဆံရေးနှင့် စပ်လျဉ်း၍လည်း မသေချာမှုများ ထွက်ပေါ် လာခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် မိမိ သမ္မတအဖြစ် တာဝန်ထမ်းဆောင် နေစဉ် ကာလအတွင်း ဖိလစ်ပိုင်နိုင်ငံ အပေါ် အသာစီးမှ ဆက်ဆံခြင်း ကို လက်ခံမည် မဟုတ်ဘဲ မိမိတို့ အနေဖြင့် အမေရိကန် အစိုးရနှင့် ဆက်ဆံရေး ပြေလည်မှု မရှိပါက ဒေသတွင်း အင်အားကြီး နိုင်ငံဖြစ်သည့် တရုတ်ထံသို့ ခြေဦးလှည့် နိုင်သည်ဟု ဒူတာတေ က ထပ်လောင်း ပြေကြား ခဲ့သည်။

ထို့ကြောင့် ၄င်း၏ ပြောကြားချက် များသည် ဖိလစ်ပိုင် နှင့် အမေရိကန် တို့ကြား ကာလရှည်ကြာ လုပ်ဆောင် ခဲ့သည့် စစ်ရေးအရ ဆက်ဆံမှုများ အတွက် သာမက အမေရိကန် အစိုးရ၏ တရုတ် ထိန်းချုပ်ရေး မူဝါဒကိုပါ များစွာလျော့နည်း စေခဲ့သည်။

ဖိလစ်ပိုင် အစိုးရသည် ယခုနှစ်အတွင်း အမေရိကန် နှင့်ပူးတွဲ ပြုလုပ်ရန် စီစဉ်ထားသည့် ကုန်းလမ်းနှင့် ရေလမ်းနှစ်သွယ် စစ်ရေး လေ့ကျင့်မှုကို ဆိုင်းငံ့ထားပြီး တခြားစစ်ရေး လေ့ကျင့်မှုများ ကိုပါ အဆုံးသတ်ရန် စီစဉ်လျက် ရှိသည်။ ဖိလစ်ပိုင် နိုင်ငံသည် ယခင်က အမေရိကန် တပ်ဖွဲ့ဝင် များနှင့် ပူးပေါင်း၍ တစ်နှစ်လျှင် စစ်ရေးလေ့ကျင့်မှု ၂၈ ကြိမ် ပြုလုပ်ခဲ့ပြီး ၄င်းတို့၏ စစ်ဘက် ဆက်ဆံရေးမှာ ကောင်းမွန်ခဲ့သည်။

ဖိလစ်ပိုင်-အမေရိကန် ဆက်ဆံရေး ဆိုးရွားလာမှုသည် သမ္မတ ဒူတာတေ က နိုင်ငံအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့ ရာမှ တဖြည်းဖြည်း မြင့်တက် လာခဲ့ခြင်းဖြစ်သည်။ ပြဿနာ၏ အစတွင် ဒူတာတေ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်ချက်မှာ ကြမ်းတမ်း လှသည်ဟု အမေရိကန် အစိုးရက ဝေဖန်ခဲ့ခြင်းဖြစ်သည်။ အမေရိကန် အစိုးရက ဖိလစ်ပိုင်နိုင်ငံ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်ချက် အပေါ် ဝေဖန်ထားခြင်း ကို ဒူတာတေက ပယ်ချခဲ့ပြီး အမေရိကန် သမ္မတ အိုဘားမား ကို ပြီးခဲ့သည့် ရက်သတ္တပတ်က တုံ့ပြန် ပြောကြားခဲ့သည်။

ထို့ပြင် ဖိလစ်ပိုင် နိုင်ငံအတွင်းရှိ အမေရိကန်တပ်ဖွဲ့ဝင် အားလုံးကို ဖိလစ်ပိုင် နိုင်ငံအတွင်းမှ ထွက်ခွာသွား ကြရန် ၄င်းက အမိန့်ပေးခဲ့ပြီး ယင်းနှစ်နိုင်ငံ အကြား ၆၅ နှစ်ကြာ ထိန်းသိမ်းထား ခဲ့သည့် စစ်ဘက် ဆက်ဆံရေး ကိုလည်း အဆုံးသတ် လိုက်ခြင်းကြောင့် တင်းမာမှုမှာ အမြင်မားဆုံး အဆင့်သို့ ရောက်ရှိ လာခဲ့သည်။ သို့သော် ဖိလစ်ပိုင် အစိုးရသည် ၄င်းတို့၏ လုပ်ဆောင်ချက် နှင့် စပ်လျဉ်း၍ ပြင်ဆင်မှုများ ကြိုတင် လုပ်ဆောင်ထား သည်ကို တွေ့ရသည်။

အကယ်၍ အမေရိကန် ပြည်ထောင်စုသည် ဖိလစ်ပိုင် နိုင်ငံသို့ နှစ်စဉ် ပေးအပ်နေသည့် စစ်ရေး အကူအညီ များကို ရပ်တန့်ပစ်မည် ဆိုပါက ယင်း အကူအညီများ အတွက် ကာမိစေရန် နှစ်စဉ် အမေရိကန် ဒေါ်လာသန်း ၅ဝ မှ သန်း ၁ဝဝ အထိ ထောက်ပံ့ ပေးအပ်ရေးနှင့် စပ်လျဉ်း၍ ဖိလစ်ပိုင် ကွန်ဂရက်အား တောင်းဆိုသွားရန် စီစဉ်ထားသည်။ အလားတူ ဖိလစ်ပိုင် အစိုးရသည် စစ်လက်နက် ပစ္စည်းများ ဝယ်ယူနိုင်ရေး အတွက် ရုရှား သို့မဟုတ် တရုတ်နိုင်ငံကို အားကိုးအားထား ပြုရန် ရည်ရွယ် ထားသည်။

ဖိလစ်ပိုင် နိုင်ငံသည် ၁၉၅၁ ခုနှစ်မှစ၍ အမေရိကန် ပြည်ထောင်စု နှင့် မဟာမိတ်အဖြစ် ဆက်ဆံလာခဲ့ သော်လည်း အမေရိကန် အစိုးရသည် ဖိလစ်ပိုင် နိုင်ငံ၏ စွမ်းဆောင်ရည် တိုးတက်အောင် လုပ်ဆောင် နိုင်ခြင်း မရှိဘဲ အမေရိကန်နိုင်ငံ အပေါ်၌သာ အမှီသဟဲ ပြုနေစေရန် လုပ်ဆောင်ခဲ့ သည်ဟု ဖိလစ်ပိုင်နိုင်ငံ က ယူဆ ထားသည်။

ထို့ပြင် အမေရိကန် ပြည်ထောင်စုမှ ဖိလစ်ပိုင်နိုင်ငံ သို့ ပေးအပ်သည့် လက်နက် ကိရိယာများမှာ အသစ်များ မဟုတ်ဘဲ အသုံးပြုပြီးသား လက်နက်များသာ ဖြစ်သည်ဟု ပြောကြား ထားသည်။ ထို အကြောင်းရင်း များကြောင့် ဖိလစ်ပိုင် အစိုးရ အနေဖြင့် အမေရိကန်နှင့် ဆက်ဆံရေးကို ဖြတ်တောက် သွားမည်ဟု ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး ပါဖက်တိုယာဆေ က ပြောကြား ခဲ့သည်။

ဒူတာတေ သည် အမေရိကန် အစိုးရ၏ ဖိအားပေးမှုကို လျစ်လျူရှု၍ မူးယစ်ဆေးဝါး တိုက်ဖျက်မှုကို ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ပြီး ၄င်း၏ ပြင်းထန် ထိရောက်သည့် လုပ်ဆောင် ချက်ကြောင့် ဖိလစ်ပိုင်နိုင်ငံ အတွင်းရှိ မူးယစ်ဆေးဝါး ကုန်ကူးသူ အများအပြား သည် အာဏာပိုင် များထံသို့ ၄င်းတို့ ဆန္ဒအလျောက် လာရောက် ဖမ်းဆီးခံခဲ့ သည်အထိ ထိရောက်မှု ရှိသည်ကို တွေ့ရသည်။

သို့ရာတွင် နှစ်နိုင်ငံအကြား တင်းမာမှုများကြောင့် ဖိလစ်ပိုင်-အမေရိကန် စစ်ဘက် ဆက်ဆံရေး လျော့နည်း ခဲ့ရသည်မှာ လက်ငင်း အကျိုးဆက်ပင် ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် တောင်တရုတ် ပင်လယ် အတွင်းရှိ ရေပိုင်နက် အငြင်းပွားမှုနှင့် စပ်လျဉ်း၍ ဒေသတွင်း အင်အားကြီး တရုတ်နိုင်ငံနှင့် အငြင်းပွားလျက် ရှိရာ ယင်းနိုင်ငံ အနေဖြင့် ၄င်းတို့အား စစ်ရေးအရ အကာအကွယ် ပေးနိုင်သည့် အင်အားကြီး နိုင်ငံတစ်နိုင်ငံကို လိုအပ်မည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

ဖိလစ်ပိုင်နှင့် အမေရိကန် တို့ကြား ၁၉၅၁ ခုနှစ်က ချုပ်ဆိုခဲ့သည့် ကာကွယ်ရေး သဘော တူညီချက်အရ အရေးပေါ် အကြောင်းရင်း တစ်စုံတစ်ရာ ဖြစ်ပေါ်လာ ပါက အမေရိကန် ပြည်ထောင်စုက ယင်းနိုင်ငံအား အကူအညီ ပေးနိုင်မည် ဖြစ်သော်လည်း ယခုအခါ အဆိုပါ သဘော တူညီချက်မှာ ပျက်ပြယ်သွား ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် တခြား တစ်နိုင်ငံ ဘက်သို့ ခြေဦးလှည့်ရန် လိုအပ်မည် ဖြစ်သည်။ အမေရိကန် အစိုးရဘက်မှ ကြည့်မည် ဆိုပါကလည်း အာရှ-ပစိဖိတ် ဒေသအတွင်း ကြီးထွားလာသည့် တရုတ်နိုင်ငံ၏ အင်အားကို ချိန်ညှိရန် အခွင့်အလမ်း ကောင်းတစ်ရပ် ဆုံးရှုံးနိုင်ဖွယ် ရှိသည်ဟု ဆိုနိုင်သည်။ အမေရိကန် ပြည်ထောင်စု သည် ယခင် ဖိလစ်ပိုင် နိုင်ငံအတွင်း အခြေစိုက် စခန်းများကို တည်ထောင်နိုင် ခဲ့ပြီး ၄င်းတို့၏ အာရှ-ပစိဖိတ် ဗဟိုပြုရေး မူဝါဒကို အကောင်အထည် ဖော်နိုင်ခဲ့ သော်လည်း ယခုအခါ အခြေအနေများ ကွာခြားခဲ့ပြီ ဖြစ်သည်။ ယင်းဖြစ်စဉ်တွင် အကျိုးအမြတ် ရရှိခဲ့သည့် နိုင်ငံမှာ တရုတ်နိုင်ငံပင် ဖြစ်သည်။ 

ရေပိုင်နက် အငြင်းပွားမှုတွင် ပြိုင်ဘက် အဖြစ် ရပ်တည်နေသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဖိလစ်ပိုင်နှင့် အမေရိကန် တို့ကြား တင်းမာမှုများ မြင့်တက်လာပြီး စစ်ဘက် ဆက်ဆံရေး လုံးဝရပ်ဆိုင်း လိုက်ခြင်းသည် တရုတ်နိုင်ငံက အလိုလား ဆုံးသော ဆန္ဒတစ်ခုပင် ဖြစ်သည်။ အကြောင်းမှာ ၄င်း၏ လွှမ်းမိုးမှုကို ထိန်းချုပ်လိုသည့် အမေရိကန် တပ်များအား အာရှ-ပစိဖိတ် ဒေသအတွင်း မြင်တွေ့နေရ ခြင်းကြောင့် တရုတ်နိုင်ငံ အနေဖြင့် များစွာ စိတ်မချမ်းသာ ဖြစ်နေခဲ့ ရသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရပါမူ ဖိလစ်ပိုင်-အမေရိကန် စစ်ဘက် ဆက်ဆံရေး တင်းမာ လာခြင်းသည် တရုတ်နိုင်ငံ အတွက် ၄င်း၏ လွှမ်းမိုးမှုကို ယခင်ကထက် ပိုမိုချဲ့ထွင် လာနိုင်စေရန် ဖန်လာသည့် အကြောင်းရင်း တစ်ရပ် ဖြစ်လာနိုင်ဖွယ် ရှိပေသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger