www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 27, 2016

မြန်မာ့ကျောက်စိမ်းသမိုင်းတွင် အကြီးမားဆုံး (လုံးစွပ်) ကျောက်စိမ်း အရိုင်းတုံးကြီးကို မြန်မာ့ကျောက်မျက် ရတနာပြပွဲ၌ ပြသရောင်းချသွားမည်


ကီလို ၂၀၀၀၀၀ ခန့် (တန်ချိန်-၂၀၀ခန့်) ရှိ လုံးစွပ်ကျောက်စိမ်း အရိုင်းတုံးကြီးကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၇-၁၀-၂၀၁၆

နိုင်ငံတော်နှင့် အကျိုးတူ ဆောင်ရွက်လျက် ရှိသည့် ရတနာ တောင်တန်း ကျောက်မျက် ကုမ္ပဏီ၏ ဖားကန့် ရတနာမြေ မက်လင်ချောင် အကျိုးတူ(၂) လုပ်ကွက် အတွင်းမှ ထွက်ရှိသည့် အလေးချိန် စုစုပေါင်း ကီလို ၂၁ဝဝဝဝ ခန့် (တန်ချိန် -၂၁ဝ ခန့်) ရှိ လုံးစွပ် ကျောက်စိမ်း အရိုင်းတုံးကြီးကို ခွဲစိတ် ပြုပြင်၍ မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲတွင် ပြသရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ့လုံးစွပ် ကျောက်စိမ်းတုံး ကြီးသည် ကျောက်စိမ်း သမိုင်းတွင် အကြီးမားဆုံး ဖြစ်ကြောင်း သိရပြီး လျှိုနာကြီးများ ပါဝင်၍ ကတေခွံမဲ (လုံးစွပ်) ဖြစ်ကာ ယမ်းညက်၊ ယမ်းလတ် ရောနှောပါဝင် ဖွဲ့စည်းထားကြောင်း၊ ကျောက်သား မညီသည့် ဖြူကြည် အသားခံ တွင် ပဲကန်စွန်း ကြိုးမျှင်နှင့် ပဲကန်စွန်း လန့်ရိပ် တို့ပါဝင်ကြောင်း၊ ကွမ်းသွေး ကဲ့သို့ အနီရောင် နှင့် အနက်ရောင် အစက်အပြောက် များ ပါဝင်ကြောင်း နှင့် အသားဖြူတွင် အဖြူ  ဆံထိုးမည့် လက္ခဏာများ ပါဝင်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ လုပ်ငန်းမှ သိရသည်။

ကျောက်စိမ်းတုံး ကြီးအား တူးဖော်စဉ် လျှိုနာများ ပဲ့ထွက်၍ အလေးချိန် ကီလို- ၁၇၄၆ဝဝ ခန့် (၁၇၄ ဒသမ ၆ဝ တန်ခန့်)၊ ၉၃၂၅-ကီလို (၉ ဒသမ ၃၂ တန်ခန့်)၊ ၁ဝ၂၇၅-ကီလို (၁ဝ ဒသမ ၂၇ တန်ခန့်)၊ ၅၂၈ဝ-ကီလို (၅ ဒသမ ၂၈ တန်ခန့်)၊ ၆၈၂ဝ-ကီလို (၆ ဒသမ ၈၂ တန်ခန့်)နှင့် ကီလို- ၃၇ဝဝ (၃ ဒသမ ၇ဝ တန်ခန့်) ရှိ အစိတ်အပိုင်း ခြောက်ပိုင်း ကွဲထွက်ခဲ့သည်။

အဆိုပါ ကျောက်စိမ်း အရိုင်းတုံး များအား မြန်မာ့ကျောက်မျက် ရတနာလုပ်ငန်း မှ ဥက္ကဋ္ဌ အဖြစ် ပါဝင်သည့် တန်ဖိုးဖြတ် အဖွဲ့က တန်ဖိုး ငွေကျပ် ၇ ဒသမ ၂၇၈၃ ဘီလီယံ သတ်မှတ်ခဲ့ပြီး နိုင်ငံတော်မှ ရတနာခွန် (တွင်းဝခွန်) ငွေကျပ် ၁ ဒသမ ၄၅၅၆ ဘီလီယံ ရရှိမည် ဖြစ်သည်။

ထို့ပြင် အခွန်အခများ ပေးသွင်းပြီး နောက် အကျိုးတူ စာချုပ်အရ နိုင်ငံတော်မှ ၂၅ ရာခိုင်နှုန်းနှင့် ကုမ္ပဏီမှ ၇၅ ရာခိုင်နှုန်း ရရှိမည် ဖြစ်ပြီး မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် ပြသရောင်းချ ပြီးပါက နိုင်ငံတော် အနေဖြင့် အထူး ကုန်စည်ခွန် ၂ဝ ရာခိုင်နှုန်း၊ ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း နှင့် ပြပွဲ ဝန်ဆောင်ခ ၃ ရာခိုင်နှုန်း ရရှိမည် ဖြစ်သည်။

မင်းမင်းဇော် (ကလေး)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger