www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 27, 2016

တန်ဆောင်မုန်းလ ၀ိသေသ ပြုကြလှူဒါန


တန်ဆောင်မုန်းလ ၀ိသေသ ပြုကြလှူဒါန

သီတင်းကျွတ် ပွဲတော်ပြီးတော့ တန်ဆောင်မုန်း တန်ဆောင်တိုင် ဆီမီးမြိုင်မြိုင် ဆိုသည်နှင့် အညီ တန်ဆောင်တိုင် မီးထွန်းပွဲတော် ကျင်းပရန် ပြင်ဆင်ကြ သူများက ပြင်ကြသည်။ ကထိန်သင်္ကန်း ကပ်လှူရန် ပြင်ဆင်သူက ပြင်ဆင် နေကြပေပြီ။ မြန်မာနိုင်ငံတွင် ကထိန်ခင်းသော ကုသိုလ်ပြုမှု ဓလေ့သည် ပုဂံခေတ် ကပင် စတင်ခဲ့သည် ဟု ဆိုပါသည်။

ကထိန်အလှူပွဲ သည် မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အခါက သာဝတ္ထိပြည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူခိုက်တွင် ဘဒ္ဒညီနောင် ရဟန်းသုံးကျိပ် တို့ကို အကြောင်းပြု၍ ကထိန်သင်္ကန်း ကပ်လှူ  ပူဇော်ခွင့်ပြု ခဲ့ခြင်းဖြစ်သည်။ ကထိန်သင်္ကန်း ကို ကပ်လှူခြင်း ခံယူခွင့် ရှိသော ရဟန်းသည် ဝါတွင်း သုံးလပတ်လုံး ဝါမကျိုးမပျက်ဘဲ ပဝါရဏာ ပြုသော ရဟန်းသည်သာ ခံယူခွင့်ရှိသည်။ ကထိန်သင်္ကန်း၏ အကျိုး အာနိသင်ငါးပါးကို ကထိန်သင်္ကန်း ကပ်လှူသူရော ကထိန်သင်္ကန်း ကိုခံယူသော ရဟန်းပါ ရရှိကြသည်မှာ ကထိန်သင်္ကန်း၏ ထူးခြားမှု ဖြစ်သည်။ ကထိန်ခင်းရန် မြတ်စွာဘုရား ခွင့်ပြုတော် မူသော သင်္ကန်းသုံးထည်မှာ ဒုကုဋ် ခေါ် နှစ်ထပ် သင်္ကန်းကြီး၊ ဧကသီ ခေါ် ကိုယ်ဝတ် သင်္ကန်းနှင့် သင်းပိုင် ခေါ် ခါးဝတ်သင်္ကန်း တို့ဖြစ်သည်။

ထေရဝါဒ ဗုဒ္ဓသာသနာတော် ပြန့်ပွားရေး အတွက် ရဟန်း သံဃာတော်များ ကြိုးစားအားထုတ် ခဲ့ကြသည်မှာ တတိယ သင်္ဂါယနာ တင်ပြီးသည့် သာသနာ သက္ကရာဇ် ၂ဝ၃ ခုနှစ်မှစ၍ အရှင်မောဂ္ဂလိ ပုတ္တမထေရ်ကြီး ၏ လျှောက်ထားချက် အရ ကိုးတိုင်းကိုး ဌာနသို့ သာသနာပြု သံဃာတော်များ ကြွရောက်ကြပြီး သာသနာတော်ကြီး အရှည် တည်တံ့ရေး ကြိုးစားခဲ့ ကြသည်။

သာသနာပြု ပုဂ္ဂိုလ်များ ကြွရောက်ကြ သည်မှာ မဟာ ဒေဝထေရ်နှင့် လေးပါးတို့က မဟိံသကတိုင်း၊ ရက္ခိတထေရ် နှင့် လေးပါးတို့က ဝနဝါသီတိုင်း၊ ယောနကဓမ္မ ရက္ခိတထေရ် နှင့် လေးပါးတို့က အပရန္တတိုင်း၊ မဟာဓမ္မ ရက္ခိတထေရ် နှင့်လေးပါးတို့က မဟာရဋ္ဌ တိုင်း၊ မဟာရက္ခိတထေရ် နှင့် လေးပါးတို့က ယောနကတိုင်း၊ မဇ္ဈိမထေရ်နှင့် လေးပါးတို့က ဟိမဝန္တာတိုင်း၊ သောဏထေရ်၊ ဥတ္တရထေရ်နှင့် လေးပါးတို့က သုဝဏ္ဏဘူမိ အရပ်၊ မဟိန္ဒထေရ်နှင့် လေးပါးတို့က တမ္ပဒီပကျွန်း၊ မဇ္ဈန္တိကထေရ်နှင့် လေးပါးတို့က ကသ္မီရတိုင်း ဟူသော နေရာဌာန အသီးသီးတို့ ဖြစ်သည်။ 

မြန်မာနိုင်ငံသို့ ထေရဝါဒ ဗုဒ္ဓသာသနာတော် ထွန်းကားသည်မှာ ရှင်အရဟံ မထေရ်မြတ်နှင့် အနော်ရထာ မင်းကြီးတို့ ဆရာ၊ ဒါယကာ ကြိုးစား အားထုတ်မှုကြောင့် ဖြစ်သည်။ သံဃာတော် တို့သည် သိက္ခာကျင့်ဝတ် ကို ဖြောင့်မတ်စွာ ကျင့်သောဂုဏ်၊ နိဗ္ဗာန်၏ အကျိုးငှာ ကျင့်တော်မူသော ဂုဏ်၊ အရိုအသေ ပြုထိုက်အောင် သိက္ခာတို့ကို စောင့်သောဂုဏ်၊ အဝေးမှဆောင်၍ သီလဝန္တာ တို့အား လှူအပ်သော ပစ္စည်းကို ခံတော်မူထိုက် သောဂုဏ်၊ ချစ်နှစ် လိုအပ်သော ဧည့်သည်တို့ အဖို့ စီရင်ထားသော မြတ်သောအလှူ ကို ခံတော်မူ ထိုက်သောဂုဏ်၊ တမလွန် လောကကို ယုံကြည်၍ ပေးအပ်သော မြတ်သော အလှူကို ခံယူတော်မူ ထိုက်သောဂုဏ်၊ ကောင်းမှုကို အလိုရှိသူတို့ လက်အုပ်ချီ၍ ရှိခိုး ခြင်းငှာ ထိုက်တော်မူ သောဂုဏ်၊ ကောင်းမှုတည်း ဟူသော မျိုးစေ့တို့၏ စိုက်ပျိုးရာ လယ်မြေကောင်း သဖွယ်ဖြစ်သော ဂုဏ်တို့နှင့် ပြည့်စုံသော သာသနာပြု ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ထို့ကြောင့် ဤ တန်ဆောင်မုန်းလ ထူးခြားသော အခါသမယတွင် လှူကထိန် သင်္ကန်းနဲ့ ၊ မဂ်လမ်းကိုတဲ့ ဆုပန်ရွယ်လျက် ထေရဝါဒ သာသနာတော်ကြီး ရောင်ဝါနေသို့ ထွန်းလင်းရန် အားထုတ် နေကြသော သံဃာတော် အရှင်တို့အား လှူဒါန်းကြသည့် ကောင်းမှု ကုသိုလ်အတွက် မြဝတီ က သာဓုအနုမောဒနာ သုံးကြိမ် ခေါ်ဆိုလိုက် ရပါသည်။

( အယ်ဒီတာ့အာဘော် )

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger