www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 11, 2016

လေကြောင်းတိုက်ခိုက်မှု နှင့်စပ်လျဉ်း၍ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းကို ပယ်ချလိုက်သည့် ရုရှား




( ဇေယျဘုန်း )

ဆီးရီးယားနိုင်ငံ အလက်ပိုမြို့ ပေါ်သို့ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေခြင်း ကို ရပ်တန့်ရန် တောင်းဆို လိုက်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက် မူကြမ်းကို ရုရှားနိုင်ငံက ဗီတိုအာဏာ သုံး၍ ပယ်ချလိုက်ခြင်း ကြောင့် ဆီးရီးယား အရေးနှင့် စပ်လျဉ်း၍ ကမ္ဘာ့ အင်အားကြီး နိုင်ငံများကြား ရပ်တည်ချက် ကွဲပြားမှုများ ပိုမို ဖြစ်ပေါ် လာသည်ကို အထင်အရှား တွေ့ရသည်။

အောက်တိုဘာ ၉ ရက်တွင် ကျင်းပခဲ့သည့် လုံခြုံရေးကောင်စီ ဆွေးနွေးပွဲတွင် ပြင်သစ် နှင့်စပိန်တို့ အဆိုပြုခဲ့သည့် ယင်း ဆုံးဖြတ်ချက် မူကြမ်းကို အဖွဲ့ဝင် ၁၁ နိုင်ငံက ထောက်ခံခဲ့ သော်လည်း ရုရှားနှင့် ဗင်နီဇွဲလား နိုင်ငံတို့က ကန့်ကွက်ခဲ့သည်။ ဆီးရီးယားနိုင်ငံ နှင့်စပ်လျဉ်း၍ ချမှတ်မည့် လုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက် မူကြမ်းကို ရုရှားနိုင်ငံက ယခင်ကလည်း ဗီတိုအာဏာ သုံး၍ လေးကြိမ်မက ကန့်ကွက်ခဲ့ပြီး ဖြစ်သည်။ အလက်ပိုမြို့ အတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် နေခြင်းသည် အကြမ်းဖက် ၀ါဒကို တိုက်ဖျက်နေခြင်း မဟုတ်ဘဲ မြို့အတွင်းရှိ ပြည်သူများကို သတ်ဖြတ် နေရုံသာမက နေအိမ်နှင့် အဆောက်အအုံ များကိုပါ ဖျက်ဆီးပစ် နေခြင်းဖြစ်သည် ဟု ပြင်သစ်တို့က ပြောကြားပြီး ယင်းမူကြမ်းကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆုံးဖြတ်ချက် မူကြမ်းကို မဟာမိတ်နိုင်ငံကြီး များဖြစ်ကြသည့် ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စု အပါအ၀င် ယူကရိန်းနိုင်ငံ ကလည်း ထောက်ခံခဲ့ကြ သည်။ ယင်းနောက်တွင် ရုရှားနိုင်ငံက ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို ထပ်မံအဆိုပြု ခဲ့သည်။ အဆိုပါ မူကြမ်းတွင် အလက်ပိုမြို့ အား ဗုံးကြဲ တိုက်ခိုက်ခြင်း ရပ်တန့်ရန် တောင်းဆိုချက်အား ချန်လှပ်ထား ခဲ့သည်ကို တွေ့ရသည်။ သို့ရာတွင် ရုရှားနိုင်ငံက တင်သွင်းခဲ့သည့် မူကြမ်းကိုလည်း လုံခြုံရေးကောင်စီ က ထောက်ခံမဲ လေးမဲ ၊ ကန့်ကွက်မဲ ကိုးမဲဖြင့် ထပ်မံပယ်ချ ခဲ့သည်။

ဆီးရီးယားဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန် စတီဖန်ဒီမစ်တူရာ က အလက်ပို မြို့အတွင်း လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေမည် ဆိုပါက ယင်း မြို့ကြီးသည် ယခုနှစ် ဒီဇင်ဘာလတွင် လုံးဝပျက်စီး သွားနိုင်ဖွယ် ရှိသည်ဟု ပြောကြား ခဲ့သည်။ အဆိုပါမြို့၌ ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများနှင့် စပ်လျဉ်း၍လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ဝေဖန်ပြောကြား ခဲ့သည်။ နောက်ဆုံး ထုတ်ပြန်ချက် များအရ အလက်ပိုမြို့ အတွင်း ပိတ်မိနေသည့် ဆီးရီးယား အရပ်သား ဦးရေမှာ ၂၇၅ဝဝဝ ခန့် ရှိနေသော ကြောင့် ရုရှား နှင့် ဆီးရီးယားတို့ လေကြောင်းမှ တိုက်ခိုက်မှု များကို ဆက်လုပ် လုပ်ဆောင်နေမည် ဆိုပါက အရပ်သား သေဆုံးမှု ဦးရေမှာ ပိုမိုမြင့်တက် လာမည် ဖြစ်သည်။

ထို့ကြောင့် အမေရိကန် ပြည်ထောင်စု နှင့် ၄င်း၏ မဟာမိတ် နိုင်ငံများက ယင်း အခြေအနေကို တားမြစ်နိုင်ရေး အတွက် ဆုံးဖြတ်ချက် မူကြမ်းတစ်ရပ် ချမှတ်နိုင်ရန် အဆိုပြုခဲ့ခြင်း ဖြစ်သည်။ သို့သော် ၄င်းတို့၏ ကြိုးပမ်းချက် မှာ အောင်မြင်မှု မရရှိခဲ့ကြောင်း အထင်အရှား တွေ့မြင်ရပြီ ဖြစ်သည်။ အလက်ပိုမြို့အား လေကြောင်းမှ တိုက်ခိုက် နေခြင်းကို ရပ်တန့်ပစ် နိုင်မည်ဆိုပါက ယင်းမြို့အတွင်း ပိတ်မိနေသည့် ကလေးငယ်များ အပါအဝင် အရပ်သား သိန်းပေါင်း များစွာ အတွက် လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ ပေးအပ် နိုင်မည်ဟု အနောက်နိုင်ငံ များက မျှော်လင့် ထားသည်။ သို့သော် ရုရှားနိုင်ငံက အနောက်နိုင်ငံ များ၏ လိုရာဆွဲပြော သည့် ဆုံးဖြတ်ချက် မူကြမ်းကြောင့် မိမိတို့၏ လေကြောင်းမှ တိုက်ခိုက်မှုကို ရပ်တန့်ပစ်ရမည် ဆိုပါက ယင်းသို့ လုပ်ဆောင်ခြင်း သည် ဆီးရီးယား နိုင်ငံအတွင်း၌ အကြမ်းဖက် တိုက်ခိုက်နေ သည့် စစ်သွေးကြွ များကို အကာအကွယ် ပေးရာ ရောက်သည်ဟု ယူဆလျက် ရှိသည်။

ထိုအခြေအနေကို ကြည့်ခြင်းအားဖြင့် ဆီးရီးယား ပဋိပက္ခအတွင်း သေဆုံးခဲ့ ရသည့် အရပ်သား ဦးရေမှာ တစ်စထက်တစ်စ ပိုမိုမြင့်တက် လာသော်လည်း ယင်းနိုင်ငံ အရေးနှင့် စပ်လျဉ်း၍ အင်အားကြီးနိုင်ငံ များအကြား စည်းလုံးမှု မရရှိနိုင် သေးဘဲ သဘောထားကွဲမှု များသာ ဆက်လက် တည်ရှိနေသေး သည်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။

ရုရှားနှင့် အနောက် အင်အားကြီး နိုင်ငံများ၏ ရပ်တည်ချက် အသီးသီးကို ပြန်လည် သုံးသပ်မည် ဆိုပါက ရုရှား အစိုးရသည် အရှေ့ အလယ်ပိုင်းရှိ ၄င်းတို့၏ အဓိက မဟာမိတ်နိုင်ငံ ဖြစ်သည့် ဆီးရီးယားကို လက်နက်ကိုင် ပဋိပက္ခများ စတင်သည့် အချိန်မှစ၍ ထောက်ခံပေး ခဲ့ပြီး ပြည်တွင်းစစ် အတွင်းသို့ ကြားဝင်ပေးရန် တောင်းဆိုခဲ့သော ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ် ၏ တောင်းဆိုချက်ကို အလွယ်တကူပင် လက်ခံခဲ့သည်ကို တွေ့ရသည်။




ထို့ပြင် ဆီးရီးယား တပ်ဖွဲ့များ၏ မြေပြင် ထိုးစစ်များအတွက် လေကြောင်းမှ ထိရောက်သော ပစ်ကူပေးမှုများ ကြောင့် အစိုးရအား တိုက်ခိုက်နေသည့် စစ်သွေးကြွ အဖွဲ့များ အထိနာခဲ့ ရသည့်အပြင် အစိုးရတပ် များက
အကြမ်းဖက် သမားများ သိမ်းပိုက်ထားသည့် နယ်မြေများကိုပါ ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်။ ရုရှားတိုက် လေယာဉ်များသည် တစ်ခါတစ်ရံတွင် အစိုးရနှင့် ဆန့်ကျင်ဘက် နေရာများ အပေါ် လေကြောင်းမှ တိုက်ခိုက် ခဲ့ခြင်းကြောင့် အနောက် အင်အားကြီး နိုင်ငံများ၏ ဝေဖန်ပြောကြား မှုများနှင့် ရင်ဆိုင်ခဲ့ ရသည်ကို တွေ့ရသည်။ ထို့ပြင် ရုရှား အစိုးရသည် ဆီးရီးယား နိုင်ငံအတွင်း အကြမ်းဖက် နှိမ်နင်းရေး အတွက်ဟု ဆိုကာ ၄င်းတို့၏ S-400 နှင့် S-300 အမျိုးအစား လေကြောင်း ကာကွယ်ရေး စနစ်များကို ဖြန့်ကြက်ချထား ပြီးဖြစ်သည်။ ယင်း ကာကွယ်ရေး စနစ်များကို ဖြန့်ကြက် ချထားခြင်း၏ ရည်ရွယ်ချက်မှာ ဆီးရီးယား အစိုးရတပ်များ အပေါ် ကျရောက် လာနိုင်သည့် တိုက်ခိုက်မှု များကို ကာကွယ်ပေးရန် ဖြစ်သည်ဟု ယူဆရသည်။ တခြား တစ်ဖက်တွင် အမေရိကန်နှင့် ၄င်း၏ မဟာမိတ် များသည် ဆီးရီးယား သမ္မတ အာဆတ် ကို တိုက်ခိုက်နေသည့် အတိုက်အခံ သူပုန်အဖွဲ့ အား ထောက်ပံ့ပေးလျက် ရှိသည်။ ထို့ပြင် တချို့ ပင်လယ်ကွေ့ နိုင်ငံကြီးများ ကလည်း အာဆတ် အား ရာထူးမှ ဖယ်ရှားနိုင်ရေး အတွက် ၄င်းအား တိုက်ခိုက်နေသည့် အတိုက်အခံ တပ်များကို ငွေအင်အား ၊ လက်နက် အင်အားဖြင့် ပုန်းလျှိုး ကွယ်လျှိုးတစ်မျိုး၊ သိသိသာသာ တစ်မျိုး အကူအညီ ပေးလျက် ရှိနေသည်။

ထို့ပြင် အလက်ပိုမြို့ပေါ်သို့ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှု များကြောင့် အရပ်သားများ သေဆုံးရခြင်း နှင့် စပ်လျဉ်း၍ ဆီးရီးယား နှင့် ရုရှားအစိုးရ တို့အား စစ်ရာဇဝတ်မှုဖြင့် စုံစမ်းစစ်ဆေးရန် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီ က ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက ပြောကြားခဲ့ရာ အမေရိကန် ပြည်ထောင်စု နှင့် ရုရှားနိုင်ငံ တို့အကြား ရှိရင်းစွဲ ဆက်ဆံရေး တင်းမာမှုမှာ ပိုမိုမြင့်တက် လာသည်ကို တွေ့ရသည်။

ထို့ကြောင့် ရုရှားနှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံများအကြား ဆီးရီးယား အရေးနှင့်  စပ်လျဉ်း၍ သဘောတူညီမှု မရရှိနိုင်သေးဘဲ ယင်းနိုင်ငံများ အနေဖြင့် မိမိတို့၏ ကိုယ်ပိုင် ခံယူချက်နှင့် ရပ်တည်ချက် များကြောင့် ငါးနှစ်ကျော်ကြာ ဖြစ်ပွားလျက် ရှိသော လူပေါင်း သုံးသိန်းကျော် သေဆုံးခဲ့ရသည့် ပြည်တွင်းစစ်ကြီးကို အဆုံးသတ် နိုင်ရေး ကြိုးပမ်းချက် များသည် များစွာ ဝေးကွာနေ ဦးမည်ဖြစ်ပြီး ယင်း စစ်ပွဲကြီးအတွင်း ပါဝင်ပတ်သက် နေသည့် ကမ္ဘာ့နိုင်ငံများ  ကြားတွင်လည်း တင်းမာမှုများ ဆက်လက်မြင့်မား လာမည့် အလားအလာများ ထွက်ပေါ်လျက် ရှိနေကြောင်း သုံးသပ် ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger