www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 27, 2016

ဟောင်ကောင်တွင် အာကာသယာဉ်ပေါ်တွင် အသုံးပြုသော အိပ်ခန်းငယ်များကို ပုံစံတူပြုလုပ်သုံးစွဲလျက်ရှိ



ဟောင်ကောင် ၊ ၂၇-၁၀-၂၀၁၆

မြေနေရာ ရှားပါးလွန်း လှသော ဟောင်ကောင်ကျွန်း တွင် နေအိမ်များ တွင်လည်း အိပ်ခန်းနေရာ အခက်အခဲများ ဖြစ်ပေါ်နေသည့် အတွက် အာကာသယာဉ် ပေါ်တွင် အသုံးပြုသော အိပ်ခန်းငယ် များကို ပုံစံတူပြုလုပ်ကာ သုံးစွဲလျက် ရှိကြောင်း သိရသည်။ 

" ဟောင်ကောင်မှာ ကမ္ဘာပေါ်က အသေးဆုံးနဲ့ တန်ဖိုးအကြီးဆုံး အိမ်တွေ ရှိပါတယ်။ အိမ်တွေကို ကြီးကြီး ဆောက်မရတော့ အိမ်ခန်းတွေ ကိုလည်း ခပ်ကျဉ်းကျဉ်းပဲ ထားရပါတယ်။ နေရာကျဉ်းတော့ အိပ်ခန်း အရွယ်အစားကို အတတ်နိုင်ဆုံး လျှော့ချရာကနေ အိပ်ခန်းတွေကို အသင့်ဝယ်ယူ နိုင်တဲ့ အာကာသယာဉ် ပေါ်က အိပ်ခန်းပုံစံ တည်ဆောက်ပြီး ဈေးကွက်မှာ ရောင်းချ လာတာကို တွေ့ ရပါတယ်။ မ၀ယ်ဘူးဆိုရင် ငှားပြီးလည်း သုံးလို့ ရပါတယ် " ဟု အာကာသယာဉ် အိပ်ခန်း ကို ရောင်းချနေသူ Mr.Wang က ပြောပြသည်။ 

ဟောင်ကောင်ကျွန်း ပေါ်ရှိ Sai Ying Pun ခရိုင်တွင် အာကာသယာဉ် အိပ်ခန်းများကို ၀ယ်ယူခြင်း၊ ငှားရမ်းခြင်း ပြုလုပ်နိုင်ကြောင်း၊ ယင်းအိပ်ခန်း တစ်ခုစီတွင် ရုပ်မြင်သံကြား၊ လေအေးပေးစက် နှင့် မွေ့ ယာ ပါဝင်ကြောင်း၊ အာကာသထဲ ရောက်နေသည့် အတိုင်း ခံစားရအောင် မီးများကို ပညာသားပါစွာ ထွန်းပေး ထားကြောင်း သိရသည်။ သို့ သော် ယင်း အာကာသယာဉ် အိပ်ခန်းနှင့် ပတ်သက်၍ လူထုက ပြင်းပြင်းထန်ထန် ဝေဖန်လျက် ရှိပြီး မြေပိုင်ရှင်များ မတော်လောဘ ထားကြကြောင်း၊ ယင်းအိပ်ခန်းသည် လူသေလျှင် ထည့်သော ခေါင်းတလားနှင့် တူကြောင်း၊ တစ်ညတာ အေးချမ်းစွာ အိပ်စက်နိုင်ရေး အတွက် ရွေးချယ်သင့်သည့် ပုံစံ မဟုတ်သလို ရေရှည်လည်း အဆင်ပြေ နိုင်မည့် အိပ်ရာမျိုး မဟုတ်ကြောင်း ထောက်ပြ ပြောဆိုလျက် ရှိကြောင်း သိရသည်။ 

" အာကာသယာဉ် အိပ်ခန်းတွေကို တိုက်ခန်း ကျဉ်းကျဉ်းလေးနဲ့  နေရတဲ့ မိသားစုတွေ ကတော့ သဘောကျကြ ပါတယ်။ အချို့ တိုက်ခန်း တွေက စုစုပေါင်း အကျယ် စတုရန်းပေ ၁၀၀၀ တောင် မပြည့်ပါဘူး။ ဒီတိုက်ခန်း ဌားရမ်းခ ကလည်း ဈေးကြီးလွန်း နေပြန်ပါတယ်။ အဲဒါကို ကာမိအောင်လို့  အိပ်ခန်း ငှားစားကြ ပါတယ်။ အိပ်ခန်းကိုလည်း အကျယ်ကြီး မပေးနိုင်တော့ အာကာသယာဉ် အိပ်ခန်းက အလွန် သင့်လျော်တဲ့ ဖန်တီးမှု တစ်ရပ် ဖြစ်လာပါတယ် " ဟု Mr Wang က ပြောပြသည်။

" အာကာသယာဉ် အိပ်ခန်းတစ်ခုကို တစ်လ ဟောင်ကောင် ဒေါ်လာ ၅၁၀၀ နဲ့  ငှားရမ်းပေး နေပါတယ်။ ၃လနဲ့  အထက် ငှားရင် ဈေးလျှော့ပေး ပါတယ်။ ဒီအာကာသယာဉ် အိပ်ခန်းကို အသုံးပြုရင်  တိုက်ခန်းတစ်ခန်း ထဲမှာ လူ ၁၂ ယောက် အိပ်လို့ ရပါတယ်။ ကုန်ကျမှု များလွန်းတဲ့ အတွက် ညအိပ်ဖို့ တောင် နေရာမရှိသူတွေ အတွက် အဆင်ပြေအောင် စီမံ ပေးထားတာပါ " ဟု ၄င်းက ဆက်လက် ပြောပြသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger