www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 27, 2016

ပြဒါးလင်းဂူနှင့် ကမ်းပါးနီကျောက်နံရံ ဆေးရေးပန်းချီများ စနစ်တကျ ထိန်းသိမ်းနိုင်စေရေး ကွင်းဆင်းဆောင်ရွက်




ရွာငံ ၊ ၂၇-၁၀-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံမြို့နယ် ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ပြဒါးလင်းဂူနှင့် ကမ်းပါးနီ ကျောက်နံရံ ပန်းချီများ စနစ်တကျ ထိမ်းသိမ်းနိုင်စေရန် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(မန္တလေးဌာနခွဲ) မှ ကွင်းဆင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ထိန်းသိမ်းမှု လုပ်ငန်းများ အတွက် လက်ရှိတွင် ရေရရှိရေးအတွက် စတင် ဆောင်ရွက်လျက် ရှိပြီး ပြဒါးလင်းဂူ၌ ဇုန်နယ်နိမိတ် ကျောက်တိုင်များ စိုက်ထူးခြင်း၊ နားနေဆောင် နှင့် သန့်စင်ခန်းများ ဆောက်လုပ်ခြင်း လုပ်ငန်းများနှင့် ကမ်းပါးနီ ဒေသတွင် လမ်းလွှဲ ဖောက်လုပ်ခြင်း လုပ်ငန်းများကို ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှ ခွင့်ပြုငွေ ကျပ်သိန်း ၄ဝဝ သုံးစွဲ၍ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးညိုမြင့်ထွန်း က ပြောပြသည်။

''ဒီ ကျောက်ခေတ်နံရံ ပန်းချီတွေဟာ မြန်မာ့သမိုင်း အတွက် အရေးကြီးတဲ့ သမိုင်း အထောက်အထား တွေဖြစ် တာကြောင့် ရေရှည်တည်တံ့ ခိုင်မြဲအောင် စည်းကမ်းချက်တွေ ထုတ်ပြန်ပြီး ထိန်းသိမ်း စောင့်ရှောက် ရခြင်း ဖြစ်ပါတယ်။ ဒေသခံတွေနဲ့ လာရောက် လေ့လာသူ တွေကလဲ ပူးပေါင်း ဆောင်ရွက် စေချင်ပါတယ်။ ဒီအမွေအနှစ် တွေကို လာရောက် လေ့လာ ကြည့်ရှုသူ တွေ အဆင်ပြေစွာ သွားလာနေထိုင် နိုင်ဖို့အတွက် ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်''ဟု ၄င်းက ပြောပြသည်။

ပြဒါးလင်းဂူ အမှတ်(၁)နှင့် (၂)သည် သမိုင်းမတင်မီ ကျောက်ခေတ် ကာလက တည်ရှိခဲ့သည့် နှစ်ပေါင်း ၈ဝဝဝ မှ ၁၃ဝဝဝ အတွင်း ကြာမြင့်နေပြီ ဖြစ်သဖြင့် သမိုင်းတန်ဖိုး ကြီးမားသည့် ဒေသဖြစ်သည်နှင့် အညီ အထူးကြပ်မတ် ထိန်းသိမ်းရန် နှင့် စိတ်ပါ ဝင်စား၍ လာရောက် လေ့လာသူများ လွယ်ကူစွာ သွားလာနိုင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်သည်။

အဆိုပါဒေသ များ၏ သဘာဝမြင်ကွင်း ထိခိုက်မှု မရှိစေရန်နှင့် စွန့်ပစ်အမှိုက် များကြောင့် ပတ်ဝန်းကျင်တွင် ညစ်ညမ်းမှု မရှိစေရေး  အတွက် စနစ်တကျ သိမ်းဆည်း ထိန်းသိမ်းရန် လိုအပ်သည့် အပြင် ဂူအတွင်း ဝင်ရောက် လေ့လာသူတို့က ဂူနံရံ များတွင် မိမိတို့ ရောက်ရှိကြောင်း စာများ ရေးသားခြင်းကြောင့် သမိုင်း အမွေအနှစ်များ ထိခိုက် ဆုံးရှုံးနိုင်ခြင်း၊ သဘာဝကျောက် နံရံနှင့် ကျောက်ပန်းဆွဲ များတွင် မင်များဖြင့် ရေးသားမှုမျိုး မပြုလုပ်စေရန် သတိပေး တားမြစ်စာများ၊ စောင့်ကြည့် စစ်ဆေး တားမြစ်ခြင်းများ ဆောင်ရွက် ထားရှိသည်။

ပြဒါးလင်းဂူ အမှတ်(၁) နှင့်(၂)ကို ၁၉၆၉ ခုနှစ်တွင် စတင်တွေ့ရှိ ထိန်းသိမ်း စောင့်ရှောက်ခဲ့ပြီး ကမ်းပါးနီ ကျောက်ခေတ်နံရံ ပန်းချီများကို ၂ဝ၁၅ ခုနှစ်မေလ အတွင်းတွေ့ရှိ ခဲ့ခြင်းဖြစ်ကာ သတ်တမ်းကာလ သတ်မှတ်နိုင်ရေး အတွက် ဆက်လက် သုတေသနပြု ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger