www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 18, 2016

မှန်ကန်သည့်သတင်း၊ မှန်ကန်သည့်အသိများရရှိရေးမှာ လွန်စွာအရေးကြီး


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၀ါရှင်တန်ဒီစီ VOA အမေရိကန်အသံ ညွှန်ကြားရေးမှူး Ms. Amada Bennett ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံစဉ်

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၀ါရှင်တန်ဒီစီ VOA အမေရိကန်အသံ ညွှန်ကြားရေးမှူး Ms. Amada Bennett ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ စုပေါင်းဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၁၈-၁၀-၂၀၁၆

မြန်မာပြည်သူများ၊ ကမ္ဘာပြည်သူများအားလုံး မှန်ကန်သည့် သတင်း၊ မှန်ကန်သည့် အသိများ ရရှိစေလိုကြောင်း၊ မှန်ကန်သည့် သတင်း၊ မှန်ကန်သည့် အသိများ ရရှိရေးမှာ လွန်စွာ အရေးကြီးပြီး ယင်းသို့ မရရှိခြင်းကြောင့် ကမ္ဘာတည်ငြိမ်မှု ပျက်ပြား နေရသည်ဟု ယူဆပါကြောင်း၊ အသိမှားသွားပါက ဆုံးဖြတ်ချက် မှားသွားနိုင်သဖြင့် တပ်မတော်သား များကိုလည်း မှန်ကန်သည့် သတင်း၊ မှန်ကန်သည့် အသိများပေးနိုင်ရေး အလေးထား ဆောင်ရွက် နေကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နေ့နံနက် ၉ နာရီ၌ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်တွင် ဝါရှင်တန်ဒီစီ VOA အမေရိကန်အသံ ညွှန်ကြားရေးမှူး Ms. Amada Bennett ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံစဉ် ထည့်သွင်း ပြောကြားသည်။

တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး VOA အမေရိကန် အသံ ညွှန်ကြားရေးမှူးနှင့် အတူ VOA နိုင်ငံတကာ အသံလွှင့် အစီအစဉ်များ၏ တွဲဖက် ညွှန်ကြားရေးမှူး Ms. Kelu Chao တို့ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်၊ တပ်မတော်အစိုးရ တာဝန်ယူပြီးနောက် ပြည်သူ့လိုလားချက် ဆန္ဒဖြစ်သည့် တစ်ပါတီစနစ်မှ ပါတီစုံဒီမိုကရေစီ စနစ်ပြောင်းလဲရန် ပြုပြင် ပြောင်းလဲမှုများကို တပ်မတော်မှ တာဝန်ယူ လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီးနောက် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပ၍ ပထမ သက်တမ်းကာလ ရွေးချယ်ခံ အစိုးရအား စနစ်တကျ အာဏာလွှဲပြောင်း ပေးခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင်လည်း ဒုတိယအကြိမ် အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်၍ လွတ်လပ်ပြီး တရားမျှတမှု ရှိရေးနှင့် ရွေးကောက် ပွဲကော်မရှင်မှ အတည်ပြု ကြေညာသည့် ပြည်သူက ရွေးချယ်သော အစိုးရကို အသိအမှတ်ပြုပြီး လိုအပ်သည်များ ပူးပေါင်းကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းတို့အား တပ်မတော်၏ ကြိုတင် ပြောကြားချက်များ အတိုင်း မှန်မှန်ကန်ကန် လုပ်ဆောင် ခဲ့ကြောင်း ဦးစွာ ရှင်းလင်း ပြောကြားသည်။

ဧည့်သည်တော် ညွှန်ကြားရေးမှူး မှလည်း VOA သတင်းဌာန အနေဖြင့် လွတ်လပ်သည့် သတင်းဌာန တစ်ခု ဖြစ်သည်နှင့်အညီ သတင်းများ ထုတ်လွှင့်နေမှု အခြေအနေများ၊ ယခုနှစ်သည် VOA ၏ ၇၅ နှစ်ပြည့် ဖြစ်သည်နှင့် အညီ ဒီမိုကရေစီ ကျင့်သုံးမှုနှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်းသို့ ထုတ်လွှင့်သွားမည့် အစီအစဉ်များ၊ မြန်မာနိုင်ငံ၏ ပကတိ အခြေအနေများ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၏ သဘောထား အမြင်များ၊ ပြည်သူလူထု၏ အမြင်များကိုပါ ထုတ်လွှင့်သွားမည် ဖြစ်ကြောင်းနှင့် VOA သတင်းဌာန၏ သတင်းထုတ်လွှင့်မှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်မည့် အခြေအနေ များအား ဆွေးနွေး ပြောကြားသည်။

ယင်း ဆွေးနွေးချက်များ အပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က မြန်မာနိုင်ငံ အနေဖြင့် ၁၉၆၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်တိုင်အောင် နှစ်ပေါင်း ၅၀ ခန့် တပ်မတော်အစိုးရ၊ တစ်ပါတီ အစိုးရများဖြင့် ဗဟိုချုပ်ကိုင်မှု စနစ်ကျင့်သုံး ခဲ့ပြီး ဒီမိုကရေစီ Practice မရှိခဲ့ခြင်း၊ ဒီမိုကရေစီ Practice ရရှိစေရန် အုပ်ချုပ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးပုံစံများကို တဖြည်းဖြည်းချင်း ပြောင်းလဲ လုပ်ဆောင်ခဲ့မှု၊ ကမ္ဘာ့နိုင်ငံ အချို့၌ ထိုသို့ပြုပြင် ပြောင်းလဲမှု၊ အာဏာ လွှဲပြောင်းမှု များတွင် ဖရိုဖရဲနှင့် တိုင်းပြည်ဒုက္ခ ရောက်ရသည်များ ရှိခဲ့ပြီး မိမိနိုင်ငံ အနေဖြင့် ကာလအားဖြင့် ကြာမြင့်သော်လည်း အချိန်ယူ ဆောင်ရွက်ခဲ့ မှုကြောင့် ပြုပြင် ပြောင်းလဲမှုများ၊ အာဏာလွှဲပြောင်း မှုများအား ညင်သာ ချောမွေ့စွာ လုပ်ကိုင်နိုင်ခဲ့သည့် အခြေအနေများ၊ တပ်မတော်အနေဖြင့် မိမိနိုင်ငံ၏ အခြေအနေကို သိရှိပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့မှု များကြောင့် ယနေ့ အခြေအနေအထိ ရောက်ရှိခဲ့သည်မှာ ဝမ်းမြောက်ဂုဏ်ယူဖွယ် ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံရေးအရ၊ တည်ငြိမ်အေးချမ်းရေး အရ လက်ရှိလျှောက်လှမ်း နေသည့် ပါတီစုံဒီမိုကရေစီ  လမ်းကြောင်း မယိမ်းမယိုင်စေရန် ထိန်းသိမ်းဆောင်ရွက်ခြင်း သာဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှု ရရှိအောင်လည်း ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပြီး ယင်းအခြေအနေ ပေါ်မူတည်၍ ပြောင်းလဲမှုများ ရှိလာမည် ဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံ အနေဖြင့် မကြာသေးမီကာလ မြန်မာနိုင်ငံအပေါ် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ ပယ်ဖျက်ပေးမှုအတွက် ဝမ်းမြောက်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး အမေရိကန်နိုင်ငံ အနေဖြင့် ပြုပြင်ပြောင်းလဲရေး ကာလအတွင်း မိမိနိုင်ငံအပေါ် အထင်အမြင် လွဲမှားမှုကြောင့် တွန်းအားပေးမှု၊ အကြံပေးမှုများ လုပ်ဆောင်ခဲ့သည့် အခြေအနေများ၊ အမေရိကန်နိုင်ငံရှိ အလွှာ အသီးသီးအနေဖြင့် မြန်မာနိုင်ငံအပေါ်၊ တပ်မတော်အပေါ် အထင်အမြင် လွဲမှားမှုအချို့ ကျန်ရှိနေမှု များအား VOA အနေဖြင့် အမှန်အတိုင်း သိရှိနားလည်အောင် လုပ်ဆောင်ပေး နိုင်မည့် အခြေအနေများ၊ အသံထုတ်လွှင့်မှု ဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်မည့် အခြေအနေ များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က VOA အမေရိကန်အသံ ညွှန်ကြားရေးမှူး အား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်ပြီး အဖွဲ့ဝင်များနှင့် အတူ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page