www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 18, 2016

ရခိုင်ပြည်နယ် မောင်တောနှင့် ရသေ့တောင်မြို့နယ် တို့အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ကျင်းပ






နေပြည်တော် ၊ ၁၈-၁၀-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောနှင့် ရသေ့တောင် မြို့နယ်တို့ အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ အခြေအနေမှန်များ သိရှိနိုင်ရန်နှင့် တည်ငြိမ် အေးချမ်းမှု ရရှိစေရန်အတွက် သွားရောက်ရှင်းလင်း ပြောကြားခဲ့သည့် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဦးသိန်းဆွေ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု နှင့်အဖွဲ့၏ ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ပြန်ကြားရေး ဝန်ကြီးဌာန စုပေါင်း အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က အောက်တိုဘာ ၁၁ ရက်မှ ၁၄ ရက်အထိ ခရီးစဉ်အတွင်း စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် တို့တွင် တွေ့ဆုံခဲ့မှု အခြေအနေများ၊ ထောက်ပံ့ ကူညီခဲ့မှုများ၊ မြို့မိမြို့ဖများ၊ ဆရာတော်၊ သံဃာတော်များ၊ အစ္စလာမ်ဘာသာ အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေးပါတီ များနှင့် ရခိုင်ပြည်နယ်ရှိ လူမှုကွန်ရက် အဖွဲ့အစည်း များနှင့် တွေ့ဆုံရှင်းလင်းခဲ့မှု များပြုလုပ် ခဲ့ကြောင်း။

ပြောဆိုဆွေးနွေးမှုများကို နားထောင်မှတ်သား

မိမိတို့ဘက်က ရှင်းလင်း ပြောကြားမှုများ ပြုလုပ်သကဲ့သို့ ၄င်းတို့၏ ပြောဆို ဆွေးနွေးမှု များကို နားထောင်မှတ်သား ခဲ့ပါကြောင်း၊ ယခုဖြစ်စဉ်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် အရေးကိစ္စ မှန်သော်လည်း မြန်မာနိုင်ငံ တော်၏ အရေးကိစ္စ ဖြစ်ကြောင်း၊ ပြည်ထောင်စု ၏ အရေးကိစ္စ ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်နယ်အစိုးရ၊ ပြည်ထောင်စု အစိုးရ၊ တပ်မတော်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း။

ဆရာတော်၊ သံဃာတော်များက ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ စိတ်နှလုံး မသာမယာ ဖြစ်ရကြောင်း၊ နောင် အလားတူ မဖြစ်ရန် သတိဝီရိယနှင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယခင်က အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး ယခုအချိန်တွင် ပို၍ ကြီးကြီးမားမား ဖြစ်သည့်အတွက် ကြောင့် ထပ်မဖြစ်ရန် ဂရုစိုက် ဆောင်ရွက် သင့်ကြောင်း၊ တပ်များအင်အား ဖြည့်တင်းပြီး လုံခြုံရေး စိတ်ချရအောင် ဆက်လက် ဆောင်ရွက်ပေး စေလိုကြောင်း၊ ဒေသအမြန်ဆုံး ပြန်လည်တည်ငြိမ် အေးချမ်းအောင် ဆောင်ရွက်ပေးရန်၊ ဒေသခံ ပြည်သူလူထု စိတ်လုံခြုံမှုရှိပြီး အကြောက်တရားများ လျော့ပါးအောင် ဆောင်ရွက်ပေးရန်၊ အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများ နောက်သို့ ပါရှိ သွားသည့်  လက်နက်များ အမြန်ဆုံး ပြန်ရအောင် ဆောင်ရွက်ပေးရန်၊ တိုင်းရင်းသား ရွာများ ဆက်လက် ရပ်တည်နေထိုင် နိုင်ရေး အစိုးရ အနေဖြင့် ကူညီထောက်ပံ့ ပေးရန်တို့ကို ဆွေးနွေးပါကြောင်း။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော်

ယင်းနောက် ဒေသခံများ ဆွေးနွေးတင်ပြသည့် အချက်များတွင် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်၊ ပြည်သူ့စစ်များ ဖွဲ့စည်းပြီး လက်နက် တပ်ဆင်ပေးရန်၊ လူဝင်လူထွက် များကို စစ်ဆေးကြပ်မတ်မှု မရှိဖြစ်နေခြင်း ကို စိစစ် ဆောင်ရွက်ပေးရန်၊ ကျေးရွာများ တွင် တရားဥပဒေ စိုးမိုးရေးနှင့် အုပ်ချုပ်ရေး ယန္တရား ဆောင်ရွက်နိုင်ရေး အတွက် စီမံဆောင်ရွက်ပေးရန် စသည့်အချက်များ ဆွေးနွေး ပါကြောင်း။

ပြဿနာကို အရင်းအမြစ် ဝေဖန်သုံးသပ်ပြီး ဆွေးနွေးမှု များလည်း ရှိပါကြောင်း၊ ထိုအထဲတွင် ပုဂ္ဂိုလ်တချို့က အကြမ်းဖက် တိုက်ခိုက်သူများ ဘက်မှ Soft Power ၊ Hard Power နှင့် ပြည်သူ့စစ် မဟာဗျူဟာကို ကျင့်သုံး ဆောင်ရွက် လာသည့်အတွက် ကြောင့် မိမိတို့ဘက် ကလည်း လုံခြုံရေးဆိုင်ရာ အစီအမံကို အစိုးရလုံခြုံရေး အဖွဲ့နှင့် နယ်မြေခံ ပြည်သူလူထုတို့ ပူးပေါင်း ပါဝင်သည့် မဟာဗျူဟာ တစ်ရပ် ပီပြင်စွာစီမံချက် ရေးဆွဲ ဆောင်ရွက်ရန် စသည်ဖြင့် တိုက်တွန်း ပြောဆိုမှု များလည်း ရှိပါကြောင်း။

အစ္စလာမ် ဘာသာရေး အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များနှင့် ပြောဆိုသည့် အခါတွင် သူတို့ဘက်က ဆွေးနွေး တင်ပြသည့် အထဲတွင် ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ၄င်းတို့အနေဖြင့် များစွာ စိတ်မကောင်း ဖြစ်မိကြောင်း၊ ဘယ် အကြမ်းဖက်မှု မျိုးကိုမဆို လက်မခံဘဲ ရှုတ်ချကြောင်း၊ အစ္စလာမ် ဘာသာဝင်များ အနေဖြင့် အစိုးရ အဖွဲ့အစည်း များနှင့် ဥပဒေနှင့်အညီ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အကြမ်းဖက်သူ များနှင့် ပတ်သက်သည့် ရရှိ သော သတင်းများကို သက်ဆိုင်ရာကို သတင်းပို့ တင်ပြမည် ဖြစ်ကြောင်းနှင့် ၄င်းတို့၏ လုံခြုံမှု အတွက်လည်း အစိုးရအနေဖြင့် ကူညီပြီး ဖြည့်ဆည်း ဆောင်ရွက်ပေး စေလိုသည်ဟု တင်ပြချက်များ ရှိပါကြောင်း။

ကဏ္ဍအသီးသီးအလိုက် သုံးသပ်မှုများ ပြုလုပ်လျက်ရှိ

ခရီးစဉ်တွင် တွေ့ရှိခဲ့သည့် အချက်များနှင့် စပ်လျဉ်းပြီး သွားရောက်ခဲ့သည့် အဖွဲ့အနေဖြင့် ကဏ္ဍတစ်ခုချင်း အလိုက် ကာကွယ်ရေး၊ ပြည်ထဲရေး၊ လူဝင်မှု ကြီးကြပ်ရေး စသည်ဖြင့် ကဏ္ဍအသီးသီး အလိုက် သုံးသပ်မှုများ ပြုလုပ်လျက် ရှိပါကြောင်း၊ စုပေါင်းပြီး သုံးသပ်ချက် ပြုလုပ်လျက် ရှိပါကြောင်း၊ အောက်တိုဘာ ၁၅ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်သည့် အစည်းအဝေးတွင် မိမိတို့
ရှင်းလင်းတင်ပြ ခဲ့ပါကြောင်း။

လတ်တလော ဖြစ်နေသည့် ကိစ္စရပ်များ နှင့် ယင်းအပေါ် ဆက်လက်ပြီး ဆောင်ရွက်သည့် ကိစ္စရပ်များကို ရှင်းလင်း တင်ပြခြင်း ဖြစ်ပြီး သတင်းစာ ရှင်းလင်းပွဲတွင် မေးမြန်းလာ သမျှကိုလည်း ဖြေကြားသွားမည် ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး ဖြစ်စဉ်ဖြစ်ရပ်များ ကို ပွင့်လင်း မြင်သာစွာ ဆောလျင်စွာ ဖြေကြား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

အကြမ်းဖက်မှုနှင့် ဆက်စပ်မှုရှိသည့် နိုင်ငံများနှင့် ဆက်သွယ် ဆောင်ရွက်မှု အခြေအနေ သိလိုကြောင်း မေးခွန်းကို ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေ က ဖြေကြားရာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လူ့အခွင့်အရေး အဆိုမူကြမ်းကို ဥရောပသမဂ္ဂက ကမကထ လုပ်၍ တင်ပြပါကြောင်း၊ ယခုအချိန်တွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ တိုးတက်လာခြင်း၊ ဒီမိုကရေစီ အရ ရွေးချယ် တင်မြှောက် ထားသည့် အစိုးရဖြစ်ပေါ် လာခြင်း၊ လူ့အခွင့်အရေး ကိစ္စနှင့် ပတ်သက်၍ အစိုးရအနေဖြင့် အစွမ်းကုန် ကြိုးစားဆောင်ရွက် နေခြင်းတို့အပေါ် မူတည်ပြီး ဥရောပသမဂ္ဂ အနေဖြင့် အဆိုမူကြမ်းကို မတင်တော့ရန် ဆုံးဖြတ်ခဲ့ ပါကြောင်း၊ အခြားသူများ တင်ပြခြင်း ကိုလည်း ၄င်းတို့အနေဖြင့် မလိုလားဟု ဆုံးဖြတ်ခဲ့ ပါကြောင်း။

ကျေနပ်သူရှိသကဲ့သို့ မကျေနပ်သူများလည်းရှိ

အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ကျေနပ်သူ ရှိသကဲ့သို့ မကျေနပ်သူ များလည်း ရှိပါကြောင်း၊ ပြည်ပမှ ပါဝင်ပတ်သက် သူများ ရှိနေသည် ဆိုရာတွင် သက်ဆိုင်ရာ အစိုးရများ အနေဖြင့် ပါဝင်ပူးပေါင်း ဆောင်ရွက်ခြင်း မရှိစေရန် အတွက် မိမိတို့အနေဖြင့် သံတမန် လမ်းကြောင်း အရ ဆောင်ရွက် နေပါကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက် နေပါကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံကလည်း အကြမ်းဖက်မှု မှန်သမျှ ၄င်းတို့ လက်မခံဟု ရပ်တည်ပေး ထားပါကြောင်း၊ ထိုသို့ရပ်တည် ထားပြီး လက်နက်ကိုင် တိုက်ခိုက်ခဲ့သည့် ကိစ္စတွင် ပါဝင်ပတ်သက် ခဲ့သူ နှစ်ဦး လာရောက်ပြီး အပ်နှံထားခြင်းလည်း ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အဆိုမူကြမ်းကို OIC ဟုခေါ်သည့် အစ္စလာမ်မစ် နိုင်ငံများ အဖွဲ့အစည်းမှ နေ၍ တင်ပြရန် ကြိုးစားနေမှု လည်း ရှိပါကြောင်း၊ ထိုသို့ကြိုးစား သည့်နေရာတွင် မိမိတို့ဘက် ကလည်း အဖြစ်မှန်ကို အားလုံးကို တင်ပြ နေပါကြောင်း။

တရားဥပဒေနှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်း သုံးနိုင်ငံစလုံးက လက်ခံ

မြန်မာနိုင်ငံ အစိုးရသည် လူ့အခွင့်အရေး ကာကွယ်ရေးကို လက်ကိုင်ထား ဆောင်ရွက် နေသည်ကို အင်ဒိုနီးရှား နိုင်ငံ အနေဖြင့် ယုံကြည်ပါကြောင်း ပြောကြားခဲ့ သည်ကို တွေ့ရပါကြောင်း၊ အင်ဒိုနီးရှား နိုင်ငံသည် အစ္စလာမ် ဘာသာဝင် သန်းပေါင်း များစွာ နေထိုင်သည့် နိုင်ငံ ဖြစ်ပါကြောင်း၊ အဆိုပါ သံအမတ်ကြီး ၏ ရပ်တည်ချက်ကို ဘရူနိုင်း သံအမတ်ကြီး နှင့် မလေးရှားနိုင်ငံ သံအမတ်ကြီး ကလည်း ထောက်ခံပြီး ထိုအတိုင်း ရပ်တည်ကြ  ပါကြောင်း။

ဥရောပသမဂ္ဂ သံအမတ်ကြီးကလည်း ရှင်းပြမည်

ဥရောပသမဂ္ဂ သံအမတ်ကြီး ကလည်း ၄င်းအနေဖြင့် အဖွဲ့ဝင်နိုင်ငံများကို မိမိတို့၏ လုပ်ဆောင်ချက် များကို ရှင်းပြပေးမည် ဟု ပြောပါကြောင်း၊ ဤနည်းဖြင့် သံတမန် နည်းလမ်းမှနေ၍ အခြား သက်ဆိုင်ရာ သံအမတ်ကြီး များကိုလည်း ရှင်းပြရန် ရှိပါကြောင်း ဖြေကြားသည်။

ရေရှည်မည်သို့ဆောင်ရွက်မည်

အကြမ်းဖက်မှု ဖြစ်ပွားနေသည့် နေရာတွင် ကျေးရွာနှင့် လူဦးရေ အရေအတွက်နှင့် ရေရှည်မည်သို့ ဆောင်ရွက်သွားမည် ဆိုသည့် မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က လက်ရှိ နောက်ဆုံး စာရင်းအရ ဘူးသီးတောင်၊ မောင်တော ဒေသတွင် ရပ်ကွက်ပေါင်း ၁၈ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂ဝ၄ စု၊ေ ကျးရွာပေါင်း ၉ဝ၅ ရွာရှိပါကြောင်း၊ ရခိုင် တိုင်းရင်းသား ကျေးရွာ မှာ ၃၄၉ ရွာရှိပြီး ဘင်္ဂါလီကျေးရွာ ၅၃၆ ရွာ ရှိပါကြောင်း၊ တိုင်းရင်းသား နှင့် ဘင်္ဂါလီပူးတွဲ နေသည့် ကျေးရွာ ၂ဝ ရှိပါကြောင်း၊ တိုင်းရင်းသား လူဦးရေမှာ တစ်သိန်း နှစ်သောင်း နှစ်ထောင့် လေးဆယ့်တစ်ဦး ရှိပါကြောင်း၊ တိုင်းရင်းသား ငါးထောင် သုံးဆယ့်တစ်ဦး ရှိပြီး ဘင်္ဂါလီ ခုနစ်သိန်း ခြောက်သောင်း ငါးထောင့် ရှစ်ရာ ခြောက်ဆယ့် နှစ်ဦး ရှိပါကြောင်း၊ စုစုပေါင်း ကောက်ယူသည့် စာရင်းအရ ရှစ်သိန်း ကိုးသောင်း နှစ်ထောင့်ကိုးရာ သုံးဆယ့် လေးဦးရှိကြောင်း ပြောကြားသည်။

ဒေသလုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး

ပြည်ထဲရေး ဝန်ကြီးဌာန အနေဖြင့် ဝန်ကြီးဌာန၏ မူလတာဝန် ဖြစ်သည့်လုံခြုံရေး အပိုင်းတွင် အကြမ်းဖက် လုပ်ရပ်များ မဖြစ်ပွားစေရန် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဒေသလုံခြုံရေးကို ဆက်လက်ပြီး တည်ဆောက်နေမှု၊ လမ်းပန်း ဆက်သွယ်ရေးနှင့် ပတ်သက်ပြီး လမ်းကြောင်း လုံခြုံရေးများကို လုပ်ထားသော်လည်း ပုဂ္ဂလိက ယာဉ်လိုင်းတွေ ပြေးဆွဲရန် အားနည်းနေမှု၊ ဒေသ တစ်ခုမှာ ပိတ်မိနေသူများ သွားလာနိုင်ရန် အတွက်လည်း အုပ်ချုပ်ရေး အဖွဲ့အစည်း များက စီစဉ်ပေးသည့် ပို့ဆောင်ရေး လုပ်ငန်းစဉ်နှင့် ရွှေ့ပြောင်း ပို့ဆောင်မှုများ လုပ်ပေးနေမှု၊ ကာလတစ်ခု အတွင်းမှာ ပုံမှန်လမ်းပန်း ဆက်သွယ်ရေး ကိုလည်း ပုံမှန်ပြန်လည် ဆောင်ရွက်နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိမှု၊ ဒေသတွင်း ပုံမှန်လူနေမှု ဘဝကို ပြန်လည် ရရှိနိုင်ရန် တရားဥပဒေ စိုးမိုးရေး၊ အုပ်ချုပ်ရေး လုပ်ငန်းစဉ်များကို ပေါင်းစပ်ပြီး ဆက်လက် ဆောင်ရွက် ပေးသွားရန် စီစဉ်ထားကြောင်း ဖြေကြားသည်။

ခရီးစဉ်သုံးသပ်ချက်များ

ရခိုင်ကျေးရွာများ ဆက်လက်ရပ်တည်ရန်  ဆောင်ရွက်မည့် အစီအစဉ်နှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့၏ ခရီးစဉ် သုံးသပ်ချက်များ သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဖေမြင့် က
ဆရာတော်များ ပါဝင်သည့် မြို့မိမြို့ဖများ နှင့်လည်း တွေ့ဆုံပြောဆို ခဲ့ပါကြောင်း၊ ရခိုင်ကျေးရွာများ ဆက်လက်ရ ပ်တည်ရန်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ အဆိုပါဒေသတွင် ရခိုင် တိုင်းရင်းသား များသည် လူဦးရေ အရ အချိုးအစား နည်းပါးပါကြောင်း၊ ထိုသို့ နည်းပါးသည့်အတွက် ပဋိပက္ခဖြစ်ပွား ပါက ထိခိုက်ဆုံးရှုံး မည်ကို စိုးရိမ်ကြ ပါကြောင်း၊ အဆိုပါဒေသတွင် ရခိုင်  တိုင်းရင်းသားများ၏ စိုးရိမ်ကြောင့်ကြမှု များမှာ တော်တော်ကြီးမား နေသည်ကို မိမိတို့ တွေ့ရှိရပါကြောင်း။

မိမိတို့အဖွဲ့၏ တွေ့ရှိချက်၊ သုံးသပ်ချက် များအနက်မှ အဓိကကျသည့် အချက်တချို့ကို ပြောရမည်ဆိုပါက ယခုပြဿနာ သည် အချိန်ကြာမြင့်စွာ ဖြစ်ပေါ်ခဲ့သည့် အကြောင်းတရား များကို အခြေပြု၍ ယခုဖြစ်စဉ် ပေါ်ပေါက်သည်ဟု သုံးသပ်ရပါကြောင်း၊ လတ်တလော အရေးယူ ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဆုံးရှုံးသွားသည့် လက်နက်ခဲယမ်း များ အမြန်ဆုံးပြန်လည် ရရှိရေးနှင့် အကြမ်းဖက် သောင်းကျန်းသူများ အမြစ်ပြတ် ချေမှုန်းရေး၊ ၄င်းတို့နှင့် အဆက်အသွယ် ရှိသူများကို အမြန်ဆုံး ဖော်ထုတ်ရေး စသည်များ လိုအပ်သည်ဟု မိမိတို့သုံးသပ် ပါကြောင်း။

လုံခြုံမှုအပြည့်အဝရှိပြီး အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရန် အစီအမံများ ချမှတ် ဆောင်ရွက်သင့်

ထိုကဲ့သို့ ဆောင်ရွက်မှုများကို မြန်မာနိုင်ငံ ၏ တည်ဆဲဥပဒေများ၊ နိုင်ငံတကာ ဥပဒေများနှင့်အညီ ဆောင်ရွက်ခြင်း ဖြင့်သာ ရေတိုရေရှည် အကျိုးဖြစ်ထွန်း နိုင်မည်ဟု သုံးသပ်ပါကြောင်း၊ ယခုဖြစ်စဉ်အပေါ် ဆောင်ရွက်သည့် နေရာတွင် ပြဿနာဖြစ်သည့် ကျေးရွာများ၌ တရားဥပဒေ စိုးမိုးရေး ပြည့်ဝစွာ ရှိရန်နှင့် အုပ်ချုပ်ရေး ယန္တရားများ ပုံမှန် လည်ပတ်နိုင်ရေး တို့အတွက် တစ်ပါတည်း ဆောင်ရွက်သင့် သည်ဟု မိမိတို့သုံးသပ် ရရှိပါကြောင်း၊ ရေတိုရေရှည်တွင် ဒေသခံ ပြည်သူလူထု လုံခြုံမှု အပြည့်အဝရှိပြီး အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရန် အစီအမံများ ချမှတ် ဆောင်ရွက်သင့် သည်ဟု သုံးသပ် ပါကြောင်း။

အပြုသဘောဆောင်သည့် သဘောထားရှိလာ

နတ်မြစ်ဝတွင် ရှိသည့် ဒုက္ခသည် စခန်းများတွင် လူဝင်လူထွက်ကို စစ်ဆေးကြပ်မတ် ဆောင်ရွက်ရန် လိုအပ်သည ဟု သုံးသပ်ပါကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားတွင် ရှိသည့် ခြံစည်းရိုးအား ခိုင်ခံ့ပြီး လုံခြုံမှု ရှိစေရန် အတွက် ဘဏ္ဍာငွေသုံးစွဲ ဆောင်ရွက်ဖို့ လိုအပ်သည်ဟု သုံးသပ်ပါကြောင်း၊ တိုင်းရင်းသား ကျေးရွာများ ဖွံ့ဖြိုးတိုးတက် စေရေးနှင့် လုံခြုံမှု ကောင်းမွန်စေရေး အတွက် စီမံ ဆောင်ရွက်ပေးရန် လိုအပ်သည် ဟု သုံးသပ်ပါကြောင်း။

ရခိုင်ပြည်နယ်ရှိ အချို့သော နိုင်ငံရေးပါတီ များသည် လက်ရှိ အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်မှု နည်းပါးခဲ့ သော်လည်း အောက်တိုဘာ ၉ ရက်ဖြစ်စဉ် အပေါ်တွင် ရခိုင်ပြည်နယ်ရှိ နိုင်ငံရေးပါတီ အားလုံးက အစိုးရအဖွဲ့ နှင့် ပူးပေါင်း ဆောင်ရွက်ကြ မည်ဟု ပြောကြား ကြသည်ကို တွေ့ရသည့် အတွက် ယခုဖြစ်စဉ် အပေါ် အပြုသဘော ဆောင်သည့် သဘောထား ရှိလာသည်ဟု မိမိတို့သုံးသပ် မိပါကြောင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ လူမှုကွန် ရက် အဖွဲ့အစည်း များ၏ ကိုယ်စားပြု ကော်မတီ သည်လည်း ရခိုင်ပြည်နယ် အတွင်း တည်ငြိမ် အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှု အတွက် အပြုသဘော ဆောင်သည့် သဘောထားများ တင်ပြလာသည့် အတွက် ၄င်းတို့၏ အကြံဉာဏ်များ ကိုလည်း မိမိတို့စဉ်းစား သုံးသပ်ပါကြောင်း၊ ယခုအချက် များသည် မိမိတို့၏ ယေဘုယျ သုံးသပ်ချက်များ ဖြစ်ပြီး ယင်းအပေါ်တွင် ဆက်လက် ဆွေးနွေး၍ ရေတိုရေရှည် အတွက် စီစဉ် ဆောင်ရွက်သွား ရန်ရှိပါကြောင်း ဖြေကြားသည်။

စစ်ဆင်ရေးနယ်မြေ

ရခိုင်ပြည်နယ် ဖြစ်စဉ်တွင် အင်အားမသုံးဘူး ဆိုသော်လည်း တပ်မတော် စစ်ကြောင်းများက သေနတ်ဖြင့် ပစ်ခတ်မှုများသည် အမှန်တကယ် လိုအပ်၍ သုံးစွဲခြင်း ဟုတ်-မဟုတ် ၊ ဒေသခံ တိုင်းရင်းသားများ ပြည်သူ့စစ် မဟာဗျူဟာ အရ လက်နက်တပ်ဆင် လိုမှုကို အစိုးရ အနေဖြင့် မည်သို့ ဆောင်ရွက်ပေးမည်၊ အကြမ်းဖက် ခေါင်းဆောင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် သင်တန်း သွားရောက်တက် ခဲ့သည်ဆိုသည့် အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို မြန်မာအစိုးရ အနေဖြင့် တရားဝင် ကန့်ကွက်ရန် အစီအစဉ် ရှိ-မရှိ ၊ ဖြစ်စဉ်တွင် ပါသည့် အကြမ်းဖက် ခေါင်းဆောင်များသည် ကျေးရွာများတွင် ၀င်ရောက် နေထိုင်မှုနှင့် ပတ်သက်ပြီး လ၀က ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် လူဝင်၊ လူထွက်များအား မည်သို့စိစစ် ဆောင်ရွက်မည် ဆိုသည့် မေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီး ဇော်မင်းထွန်း က ယခုဖြစ်စဉ်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ က ပစ်ခတ် လိုက်သော ကြောင့် အကြမ်းဖက် သုံးဦး သေဆုံးသွား သည်မှာ မှန်ကန်ပါကြောင်း၊ မောင်တောဒေသ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများကို အကြမ်းဖက် သမားများ စတင် တိုက်ခိုက်ခဲ့သည့် အောက်တိုဘာ ၉ ရက်မှာပင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)က နိုင်ငံတော် သမ္မတရုံးသို့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် နယ်မြေကို စစ်ဆင်ရေး နယ်မြေအဖြစ် သတ်မှတ် ဆောင်ရွက်ခွင့်ပြုရန် တင်ပြခွင့်ပြုချက် ရယူခဲ့ရာ နိုင်ငံတော် သမ္မတရုံးက ခွင့်ပြုခဲ့ ပါကြောင်း၊ သို့ဖြစ်၍ ယင်းနယ်မြေ သည် စစ်ဆင်ရေး နယ်မြေများ ဖြစ်ကြောင်း၊ ယင်းနယ်မြေ များတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ကို မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်ထား ပါကြောင်း။

တပ်ဖွဲ့ဝင်များကို ဓားနှင့်ဝင်ခုတ်

တပ်မတော်မှ ဖြစ်စဉ်စတင် ဖြစ်ပွားခဲ့သည့် အောက်တိုဘာ ၉ ရက်မှ စတင်ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး နယ်မြေစိုးမိုးရေး၊ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ ပါကြောင်း၊ နယ်မြေရှင်းလင်း ရာတွင် တောတွင်း၊ တောင်ပေါ် နယ်မြေများကို ရှင်းလင်းရာတွင် တပ်မတော်က ဦးဆောင်ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းရှင်းလင်း ခဲ့ပါကြောင်း၊ သတင်းရသည့် ရွာများကို ရှင်းလင်းရာတွင် ရဲတပ်ဖွဲ့ဝင်များက ရှေ့မှဝင်ရောက်ပြီး တပ်မတော်က ရဲတပ်ဖွဲ့ကို ဝန်းရံပါကြောင်း၊ မိမိတို့ လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် ယင်းဒေသရှိ ရွာများကို သတင်းအရ ပူးပေါင်းရှင်းလင်းခဲ့မှု များရှိပါကြောင်း၊ နယ်မြေရှင်းလင်း ရေး ဆောင်ရွက်ရာတွင် နယ်မြေဒေသ အေးချမ်းရေးကို လိုလားသည့် ရွာသူ၊ ရွာသားများ ပူးပေါင်းပါဝင်သည့် ရွာများကို အေးချမ်းစွာ ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ ယခုဖြစ်စဉ်တွင် ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် များကို ဓားနှင့်ဝင်ခုတ်ခဲ့ ပါကြောင်း၊ အကြမ်းဖက်မှုများ စတင်ဖြစ်ပွားစဉ် ကပင် ရဲတပ်ဖွဲ့ဝင် များဓားဒဏ်ရာ များဖြင့် ကျဆုံးခဲ့ရ ပါကြောင်း။

တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးကို အကြီးအကျယ် ထိခိုက်စေခြင်း ဖြစ်သည့်အတွက် လျစ်လျူရှု၍ မရပါကြောင်း၊ ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များကို ပူးပေါင်း ကာကွယ်နေသည့် တပ်မတော် အနေဖြင့် ပစ်ခတ် ဖမ်းဆီးရုံမှလွဲ၍ အခြားနည်းလမ်း မရှိပါကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့်လည်း လိုအပ်သည့် ထိန်းသိမ်းတုံ့ပြန်မှု များကို ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါကြောင်း ဖြေကြားသည်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် မြင့်နွယ် က မိမိတို့ ရခိုင်တိုင်းရင်းသား မြို့မိမြို့ဖများနှင့် တွေ့ခဲ့ပါကြောင်း၊ ထို့ပြင် အစ္စလာမ် အသိုင်းအဝိုင်းက လူထုနှင့်လည်း တွေ့ဆုံခဲ့ပါကြောင်း၊ လက်နက် တပ်ဆင်မှု ကိစ္စများ၊ ပြည်သူ့စစ်ဌာနေ ဖွဲ့စည်းမည့် ကိစ္စများ ဆောင်ရွက်ရန် တောင်းဆိုသည့် အခါတွင် မိမိတို့ရခိုင် တိုင်းရင်းသား လူထုက တောင်းဆိုခြင်း ဖြစ်ပါကြောင်း။

ဒေသန္တရ ရဲတပ်ဖွဲ့

မိမိအနေဖြင့် ပြောရလျှင် ယင်းကိစ္စသည် ရေရှည် ဆောင်ရွက်ရမည့် ကိစ္စဖြစ်ပါကြောင်း၊ မိမိတို့လက်ရှိ အစိုးရ အနေဖြင့်လည်း ယင်း ရပ်ရွာတွင်ရှိသည့် လူ့အသိုင်းအဝိုင်း နှစ်ခုကို အဆင်ပြေစေရန် ဆောင်ရွက်နေခြင်း ဖြစ်သည့်အတွက် မိမိတို့လက်နက် တပ်ဆင်ရေး ကိစ္စမှာ လောလောဆယ်တွင် ဆောင်ရွက်ပေး နိုင်ခြင်း မရှိပါကြောင်း၊ သို့သော်လည်း မိမိအကြံ တစ်ခု ပေးပါကြောင်း၊ စစ်တွေလူထုနှင့် တွေ့ဆုံ သည့်အခါတွင် ပြည်နယ် ရဲမှူးချုပ်ကြီးက ရှင်းပြခဲ့ပါကြောင်း၊ ဒေသန္တရ ကာကွယ်ရေး အတွက် ကျေးရွာများ၊ ရပ်ရွာများတွင် ပြည်သူ့စစ်တာဝန် ထမ်းဆောင်မည် ဆိုပါက မိမိလုပ်ငန်း တစ်ဖက်လည်း ရှိနေမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် စီစဉ်ဆောင်ရွက် ထားသည့် ဒေသန္တရ ရဲတပ်ဖွဲ့ ဖွဲ့စည်းထား ပါကြောင်း၊ စိတ်ပါဝင်စား ပါက ရခိုင်ပြည်သူများက မိမိရပ်ရွာ၊ မိမိကျေးရွာ ကို တရားဝင်ဝန်ထမ်း အဖွဲ့အစည်း များဖြင့် ကာကွယ်နိုင်ရန် ဒေသန္တရ ရဲတပ်ဖွဲ့များတွင် ဝင်ရောက်ရန် အစီအစဉ်ရှိပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ဆက်သွယ်၍ ဆောင်ရွက်ရန် အကြံပြုထား ပါကြောင်း၊ ယခုဒေသ အသိုင်းအဝိုင်းများ တည်ငြိမ်အေးချမ်းမှု ရှိအောင် လက်ရှိအစိုးရ၊ တပ်မတော် နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က စီစဉ်ဆောင်ရွက် နေခြင်းဖြစ်သည့် အတွက် တည်ငြိမ် အေးချမ်းမှုကို မဖြစ်မနေ ဆောင်ရွက်သွားရန် ရှိပါကြောင်း၊ ထို့ကြောင့် လောလောဆယ်တွင် ပြည်သူ့စစ် မဟာဗျူဟာ ဆောင်ရွက်ရန် ကိစ္စများ၊ လက်နက် တပ်ဆင်မည့် ကိစ္စများမှာ ရေရှည် စဉ်းစားရမည့် ကိစ္စရပ်ဖြစ်ပါကြောင်း ဖြေကြားသည်။

နယ်စပ်တစ်လျှောက် လုံခြုံရေးပိတ်ဆို့ပေးထား

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က ဘင်္ဂလားဒေ့ရှ်က တာဝန်သိသည့် အိမ်နီးနားချင်းနိုင်ငံ တစ်ခုအနေဖြင့် ကျူးလွန်သူများ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးမလာ နိုင်အောင် အောက်တိုဘာလ အစောပိုင်းမှ စပြီး နယ်စပ် တစ်လျှောက် လုံခြုံရေးပိတ်ဆို့ ပေးထားပါကြောင်း၊ ယင်းနေ့မှာပင် ရခိုင်ပြည်နယ် ဘက်က ထွက်ပြေးလာသူ နှစ်ဦးကို မြန်မာအစိုးရ လက်ထဲသို့ ပြန်လည်လွှဲအပ် ပေးနိုင်ခဲ့သည် ဟု ထုတ်ပြန်ချက် ထဲတွင် ဖော်ပြထား ပါကြောင်း၊ နှစ်နိုင်ငံ အာဏာပိုင်များ အဆက်အသွယ် မပြတ်ရှိနေပြီး မြန်မာအစိုးရ ဘက်က တောင်းဆိုသမျှကို ဖြည့်ဆည်းပေး နေသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ထုတ်ပြန်ချက်တွင်ေ ဖ်ာပြထား ပါကြောင်း ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီး ဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျ က ယခုကိစ္စနှင့် စပ်လျဉ်းပြီး ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးနှင့် ခေါ်ယူတွေ့ဆုံပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့ပါကြောင်း၊ မိမိတို့ရှင်း ထားသည့် အထဲတွင် ပါဝင်သည့် ခေါင်းဆောင်သည် ပါကစ္စတန်တွင် သွားရောက်ပြီး လေ့ကျင့်မှုများ လုပ်သည်ဟု ပြောထား ပါကြောင်း၊ ယခုအချိန်တွင် သတင်း အချက်အလက်များ မှာ ကနဦး အနေအထားသာ ရှိနေပါကြောင်း၊ အချက်အလက် တိတိကျကျ ခိုင်ခိုင်မာမာ မရှိဘဲနှင့် တစ်ဖက်ဖက်ကို သွား၍ စွပ်စွဲ၍ မရပါကြောင်း၊ ထို့ကြောင့် ကန့်ကွက်သည် ဆိုသည့်အဆင့် ကိုသွား၍ မရသေးပါကြောင်း၊ သေချာခိုင်မာသည့် သတင်း အချက်အလက် များအားလုံးရှိမှ သာလျှင် မိမိတို့က ကန့်ကွက်ရမည် ဖြစ်ပါကြောင်း၊ လက်ရှိရသည့် သတင်း အချက်အလက် များသည် ကနဦးအဆင့်သာ ရှိပါကြောင်း။ မိမိတို့ ထုတ်ပြန်သည့် သတင်းများတွင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊  ဆော်ဒီတို့ကို သံတမန်ရေးရာ နည်းလမ်းဖြင့် အသုံးပြုပြီး လိုအပ်သည့် ပူးပေါင်း ဆောင်ရွက်မှု အားလုံးကို မိမိတို့အနေဖြင့် တောင်းဆိုထား ပါကြောင်း ဖြေကြားသည်။

ကျေးရွာ လူဝင်၊ လူထွက်

ကျေးရွာလူဝင်၊ လူထွက်ကို မည်သို့ ဆောင်ရွက်ထား သလဲဆိုသည့် မေးခွန်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေ က ဖြေကြားရာတွင် မိမိတို့ ဝန်ကြီးဌာနမှ ရခိုင်ပြည်နယ် တွင် အမှတ်(၄) လူဝင်မှု ကြီးကြပ်ရေးဌာနခွဲ အနောက်ဘက်နယ်စပ်ဒေသ နယ်မြေလေးခု ရှိပါကြောင်း၊ ယင်းနယ်မြေဒေသ လေးခုတွင် နယ်မြေ ၁၁ ခု ပိုင်းခြားထား ပါကြောင်း၊ စခန်း ၂၆ ခု ရှိပါကြောင်း၊ ချောင်းပေါက်ဝ ကင်းစခန်း ၂၇ ခု ရှိပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံ သဘောတူညီချက် အရ မောင်တော ကုန်သွယ်ရေး နယ်စပ်စခန်းမှ နှစ်နိုင်ငံပြည်သူ များအား အပြန်အလှန် သွားလာနိုင်ရေး ခြောက်ညအိပ် ခုနစ်ရက် တရားဝင် ခွင့်ပြုချက်ဖြင့် ပေးနေပါကြောင်း၊ နေ့စဉ်နှင့်အမျှ သွားလာနေသည့် ပြည်သူများ ကိုလည်း မှတ်တမ်းတင်ပြီး သက်ဆိုင်ရာ ဒေသ အာဏာပိုင် အဖွဲ့အစည်းများ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း။

နောင်အနာဂတ် ကာလတွင် လူဝင်မှု ကြီးကြပ်ရေး ကိစ္စများ၊ တရားဥပဒေ စိုးမိုးမှု ခိုင်မာရေးကိစ္စများ၊ တရားဥပဒေ စိုးမိုးမှုနှင့် အုပ်ချုပ်ရေး ကိစ္စများကို ယခုထက် ပိုမို ခိုင်မာသည့်စနစ်များ ဖြစ်အောင် ဌာနအားလုံး
ပူးပေါင်းညှိနှိုင်း ဆောင်ရွက်သွားမည် ဆိုပါက နောင်အနာဂတ် ကာလတွင် မိမိတို့၏ အားနည်းချက် များသည် ပိုမိုလျော့နည်း သွားမည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ လျော့နည်းသွားအောင် မိမိတို့ အစိုးရအဖွဲ့၊ ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားသည်။

ထိခိုက်သေဆုံးမှု၊ ဖမ်းဆီးရမိမှုများ

အကြမ်းဖက်မှုဖြစ်စဉ် စတင်ချိန်မှ ယခု အချိန်အထိ ထိခိုက်သေဆုံးမှု၊ ဖမ်းဆီး ရမိသူများနှင့် စပ်လျဉ်း၍ သိလိုကြောင်း မေးခွန်းအပေါ် ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုး က ဖြစ်စဉ် စတင်ချိန်မှ ယနေ့ အချိန်အထိ ထိခိုက် ကျဆုံးမှုမှာ တပ်မတော်မှ ကျဆုံးသည့် တပ်ဖွဲ့ဝင် ငါးဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ကိုးဦး၊ ဒဏ်ရာရရှိသူ တပ်ဖွဲ့ဝင် လေးဦးရှိပါကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်းများ ဘက်မှ သေဆုံးသူ စုစုပေါင်း အမျိုးသား ၂၈ ဦး၊ အမျိုးသမီး နှစ်ဦး ပေါင်း ၃ဝ ဦးရှိပါကြောင်း၊ ဖမ်းဆီးရမိ ထားသူများအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊ စစ်ဆေးမှု အပိုင်းတွင်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သတင်း ရဲတပ်ဖွဲ့နှင့် ပူးပေါင်းစစ်ဆေး မှုများ ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

စုစုပေါင်း ဖမ်းဆီးထိန်းသိမ်းထားသူ ၂၉ ဦးရှိ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ် ဇော်ဝင်း  က စုစုပေါင်း ဖမ်းဆီး ထိန်းသိမ်းထားသူ ၂၉ ဦးရှိပါကြောင်း၊ စစ်တွေ အကျဉ်းထောင်တွင် နှစ်ဦး ချုပ်ထားပြီး ကျန် ၂၇ ဦးကို မောင်တော ဒေသတွင်ရှိသည့် အချုပ်ခန်းများတွင် ထားရှိ ပါကြောင်း၊ အချုပ်သားများ ရသင့်ရထိုက် သည့် အခွင့်အရေးများ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊ စစ်ဆေးမှုများအား စနစ်တကျ မှတ်တမ်း ထားရှိပြီး စစ်ဆေး မေးမြန်းမှုများကို ဆောင်ရွက်လျက်  ရှိပါကြောင်း ဖြေကြားသည်။

ရဲမှူးချုပ်တစ်ယောက်ကို အစားထိုး

မောင်တော နယ်ခြားစောင့် ရဲတပ်ဖွဲ့တွင် ရဲမှူးချုပ် တစ်ယောက် အစားထိုး ခန့်လိုက်ခြင်း နှင့်စပ်လျဉ်း၍ မေးခွန်းကို ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက ဖြေကြားရာတွင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးသည် ယမန်နေ့က ကျီးကန်းပြင်သို့ ရောက်ရှိသွားပြီ ဖြစ်ပါကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားပြီး နောက်နေ့တွင် ဖြစ်စဉ်နှင့် ပတ်သက်ပြီး အားလုံးစိစစ်ပြီး ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ဝန်ကြီးအနေဖြင့် အဆိုပါနယ်မြေ ဒေသ၏ လုပ်ငန်းတာဝန် ထမ်းဆောင်မှု များကို လိုအပ်သည့် ပြန်လည် ဖွဲ့စည်းပြင်ဆင်မှု များနှင့် လိုအပ်သည့် ဆောင်ရွက်ချက်များကို အမြန်ဆုံး တုံ့ပြန် ဆောင်ရွက်နိုင်ရန် အတွက် ရဲမှူးချုပ် တစ်ယောက်ကိုအစားထိုး၍ ယခင် ကွပ်ကဲရေးမှူးကို ယာယီအားဖြင့် တာဝန်မှ ခဏရပ်ခဲ့ပြီး အခြားဌာန တစ်ခုတွင် ယာယီတွဲဖက် ထားကြောင်း ဖြေကြားသည်။

သတင်းနှင့် သတင်းဓာတ်ပုံများ ရယူခြင်း

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိက်မှု ဖြစ်စဉ်နှင့် သတင်းနှင့် သတင်းဓာတ်ပုံများ ရယူရာတွင် သက်ဆိုင်ရာ အစိုးရအဖွဲ့မှ ထိန်းချုပ်ထားခြင်း ရှိ/မရှိ နှင့် လွတ်လပ်စွာ သတင်းရယူခွင့် ရှိ/မရှိ သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က သတင်း ရယူမှုနှင့် ပတ်သက်၍ မည်သူ့ကိုသာ ပေးမည်၊ မပေးဘူး ဆိုသည့် ခွဲခြားထားမှုမျိုး လုံးဝ မရှိကြောင်း၊ သတင်းစာ ရှင်းလင်းပွဲများ အားလည်း အခါအားလျော်စွာ ပြုလုပ်ပေးရန် အစီအစဉ် ရှိကြောင်း၊ သတင်းနှင့် ပတ်သက်၍ ကန့်သတ်ထားမှု မရှိကြောင်း၊ မြေပြင်တွင် အမှန်တကယ် ထိတွေ့ တိုက်ခိုက်မှု ဖြစ်နေသည့်နေရာ များသို့ မသွားပါရန် မလာပါနှင့် စသည်ဖြင့် ပြောဆိုခြင်းမျိုး ရှိကောင်းရှိ နိုင်ကြောင်း၊ အန္တရာယ်အတွက် စိတ်မချရဘူး ဆိုသည့် သဘောမျိုး ပြောဆိုသည်မျိုး ရှိကောင်းရှိနိုင် ပါကြောင်း၊ သို့သော် တမင် ကန့်သတ်ထားခြင်း မျိုးမှာ မရှိပါကြောင်း ဖြေကြားသည်။

ကန့်သတ်ချက်မရှိ

နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေး က Myanmar Review ဂျာနယ် သတင်းထောက် အနေဖြင့် စစ်သတင်းထောက် ပုံစံဖြင့် သွားခြင်းဖြစ် သည့်အတွက် တပ်မတော်အပိုင်း နှင့်ညှိနှိုင်း၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အစိုးရပိုင်း အနေဖြင့် သတင်းထောက်များ သတင်းရယူခွင့် ကန့်သတ်ချက် လုံးဝမရှိကြောင်း၊ အချို့တိုက်ပွဲ နယ်မြေတွင် ကန့်သတ်ချက် ရှိကြောင်း၊ အစိုးရအနေဖြင့် ကန့်သတ်ချက် မရှိပါကြောင်း ဖြေကြားသည်။

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်မှူးကြီး ဇော်မင်းထွန်းက Myanmar Review ဂျာနယ်မှ ကိုရဲမိုးကိစ္စနှင့် ပတ်သက်၍ ၄င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ၄င်းကိုယ်တိုင် ရေးသားထား ပါကြောင်း၊ တပ်မတော်ကလည်း တရားဝင်ခွင့်ပြု ထားခြင်း မရှိကြောင်း၊ သို့သော် ၄င်း၏ အသိုင်းအဝိုင်းသည် တပ်မတော် ဖြစ်သည့်အတွက် ၄င်း အသိုင်းအဝိုင်းတွင် ကျင်လည်သည်မှာ မဆန်းကြယ်ကြောင်း၊ လုံခြုံရေး ယူနေရသည့် တပ်မတော် စစ်ကြောင်းများ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့များ အနေဖြင့် အချို့အပိုင်းများတွင် လုံခြုံရေးအရ ကန့်သတ်ရသည့် အနေအထား များရှိကြောင်း ဖြေကြားသည်။

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရသည့် အကြောင်းရင်း

အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ရသည့် အကြောင်းရင်း ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်အား ထိန်းချုပ်နိုင်ခြင်း ရှိ/မရှိ၊ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ သူများနှင့် နစ်နာသူများအား သက်ဆိုင်ရာက မည်သို့ ထောက်ပံ့ကူညီ သွားမည်ကို သိလိုကြောင်း မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က မြန်မာနိုင်ငံတွင် သာမက တစ်ကမ္ဘာလုံးတွင် မည်သည့် အတွက်ကြောင့် အကြမ်းဖက်မှု ဖြစ်ကြသည်ကို သုံးသပ်ရန် လိုပါကြောင်း၊ နိုင်ငံတကာတွင် အကြမ်းဖက်မှုများ ဖြစ်နေပါကြောင်း၊ တစ်ကမ္ဘာလုံးတွင် အကြမ်းဖက်မှု ဖြစ်ပွားရသည့် အကြောင်းရင်းမျိုးစုံ ရှိပါကြောင်း၊ အကြမ်းဖက်မှု မည်သည့်အတွက် ကြောင့်ဖြစ်သည်ကို မိမိ တို့ နိုင်ငံတစ်ခုတည်း အနေဖြင့် စဉ်းစားရမည် မဟုတ်ပါကြောင်း၊ ကမ္ဘာနှင့် အဝှမ်းစဉ်းစားရမည့် ကိစ္စဖြစ်ပါကြောင်း၊ ယခုပြဿနာသည် အလွန်ခက်ခဲပြီး ကမ္ဘာနှင့်အဝှမ်း ကြုံတွေ့နေရသည့် ကိစ္စဖြစ်ပါကြောင်း၊ ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှု မရှိခြင်းသည်လည်း အကြမ်းဖက် မှုကို စေ့ဆော်စေ ပါကြောင်း၊ ယင်းကိစ္စများ သည် အကြမ်းဖက်မှု၏ အခြေခံ အကြောင်းအရာဟု သုံးသပ်လို ပါကြောင်း ဖြေကြားသည်။

အကြမ်းဖက်မှုများထိန်းချုပ်နိုင်ရန်

ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုး က အကြမ်းဖက်မှု များကို ထိန်းချုပ်နိုင်ရန် အတွက် တပ်မတော်နှင့် ပူးပေါင်းပြီး ထပ်မံမဖြစ်ပွားရန် မြို့ရွာ၊ တပ်ဌာနချုပ်၊ စခန်းများနှင့် ဆက်သွယ်ရေး လမ်းကြောင်းများ၏ လုံခြုံမှုကို တည်ဆောက် ထားပြီးဖြစ်ပါကြောင်း၊ အလားတူ နိုင်ငံတော်က ဆောင်ရွက်နေသည့် တရားဥပဒေ စိုးမိုးရေးနှင့် အုပ်ချုပ်ရေး ယန္တရားများ ပုံမှန်လည်ပတ် နိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ တစ်ချိန်တည်း တစ်ပြိုင်တည်း မှာပင် အကြမ်းဖက်အဖွဲ့ များထံ ပါသွားသည့် လက်နက်များ ပြန်လည်သိမ်းဆည်း ရမိရန်နှင့် တခြား တရားမဝင် သိုဝှက်ထားသည့် လက်နက်များ ဖော်ထုတ်ရန် လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်နေသည့် အတွက် ဖော်ထုတ်သိမ်းဆည်း ရရှိမှုများ ရှိနေပြီဖြစ်ပါကြောင်း၊ ဖမ်းဆီးရမိ ထားသည့် သောင်းကျန်းသူ များထံမှ သတင်းဆက်များ စိစစ်ဖော်ထုတ် ပြီး နယ်မြေအတွင်း ရှိသည့် သောင်းကျန်းသူများ၊ အမာခံများနှင့် ယခုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် သောင်းကျန်းသူများ ဖော်ထုတ်ဖမ်းဆီး ရေးလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါကြောင်း။

ထိုသို့ ဆောင်ရွက်ရာတွင် ပထမအဆင့် အနေဖြင့် အလားတူ ထပ်မံ အကြမ်းဖက်မှု မဖြစ်ပွားအောင် ထိန်းချုပ် ဆောင်ရွက်သည့် လုပ်ငန်းစဉ်ကို အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒုတိယအဆင့် အနေဖြင့်
သတင်းကွင်းဆက် များအရ ဖော်ထုတ်ရမည့် ပုဂ္ဂိုလ်များနှင့် ဖော်ထုတ်ရမည့် တရားမဝင် လက်နက်များကို ဖော်ထုတ်ပြီး ရရှိသည့် သတင်းကွင်းဆက် များအပေါ် မူတည်၍ နယ်မြေအတွင်း အခြေမခံ နိုင်အောင် ဆက်လက်ပြီး အလေးအနက်ထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ အိမ်နီးချင်းနိုင်ငံ များနှင့် အကြမ်းဖက် အဖွဲ့များ အခြေခံခဲ့သည့် နိုင်ငံများနှင့် ပတ်သက်၍လည်း လိုအပ်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ကိုလည်း ဆက်လက်တိုးမြှင့် ဆောင်ရွက်လျက် ရှိပါကြောင်း ဖြေကြားသည်။

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဗိုလ်မှူးကြီး ဇော်မင်းထွန်း က မောင်တော ဖြစ်စဉ်တွင် တပ်မတော်သား ငါးဦးကျဆုံးခဲ့ ပါကြောင်း၊ ကျဆုံးခဲ့သည့် တပ်မတော်သား များနှင့် ပတ်သက်၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) အနေဖြင့်လည်း ထောက်ပံ့မှုများ ပြုလုပ်ပြီး ဖြစ်ပါကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) အဆင့်၊ တိုင်းစစ်ဌာနချုပ် အဆင့် ထောက်ပံ့မှုများလည်း ပြုလုပ်ပြီးဖြစ် ပါကြောင်း၊ အဆိုပါ ထောက်ပံ့မှုများ အပြင်ယခု နောက်ပိုင်းတွင် တိုက်ပွဲကျသေဆုံး မိသားစုဝင်များကို စစ်မှုထမ်းဟောင်း အိမ်ရာများပေးခြင်း၊ ၄င်းတို့ဘဝ အတွက် ပင်စင်လစာ အပြင် ခံစားခွင့်၊ ချီးမြှင့်ငွေနှင့် စရိတ်များအပြင် ဘဝ တစ်လျှောက်လုံး အာမခံချက်ရှိ ရေးအတွက် နေရေး၊ ထိုင်ရေး ကအစ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ဖြေကြားသည်။

ငွေကျပ် သိန်း ၈ဝ

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်း က ယခုဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ အနေဖြင့် ကျဆုံးသူကိုးဦး ရှိပြီး ဒဏ်ရာရရှိသူ ခုနစ်ဦးရှိ ပါကြောင်း၊ ကျဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင် ကိုးဦး နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထောက်ပံ့မှု၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးမှ ထောက်ပံ့မှု၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ထောက်ပံ့မှု၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှထောက်ပံ့မှု အပါအဝင် အားလုံး ထောက်ပံ့မှု စုစုပေါင်းကို ကြည့်ပါက ကျဆုံး စစ်သည် တစ်ဦးလျှင် ငွေကျပ်သိန်း ၈ဝ ထောက်ပံ့ထားပြီး ဖြစ်ပါကြောင်း၊ ထို့အတူ ဒဏ်ရာရစစ်သည် တစ်ဦးကို လက်ရှိအချိန် အထိ ငွေကျပ်သိန်း ၃ဝ ထောက်ပံ့ထားပြီး ဖြစ်ပါကြောင်း၊ အနာဂတ် အတွက်လည်း လိုအပ်သည်များကို ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များနှင့် ပေါင်းစပ်ပြီး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ၄င်းတို့၏ ဆောင်ရွက်ချက်များ နှင့် ပတ်သက်၍လည်း နိုင်ငံတော်မှ လိုအပ်သည့် ဆုတံဆိပ်နှင့် ဘွဲ့တံဆိပ်များကို ချီးမြှင့်နိုင်ရန် ဆက်လက်ပြီး စီမံဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ဖြစ်စဉ်ဖြစ်ပွား ခဲ့သည့် စခန်းသုံးခုအနက် စခန်းနှစ်ခုက ဆောင်ရွက်ချက်များ ကောင်းမွန် ပါကြောင်း၊ ထို့ကြောင့် အဆိုပါစခန်းနှစ်ခု တွင်ရှိသည့် တပ်ဖွဲ့ဝင် အားလုံးကို တစ်ဆင့်မြင့်ရာထူး ချီးမြှင့် ပေးလိုက်ပြီ ဖြစ်ပါကြောင်း ဖြေကြားသည်။

နယ်မြေလုံခြုံရေး

ရခိုင်ပြည်နယ် ဘူးသီးတောင် ၊ မောင်တောဒေသ လက်ရှိအခြေအနေ၊ ဒေသခံများ ၏ ရှေ့ရေး ပညာရေးနှင့် ပြောင်းရွှေ့သွားသည့် ဒေသခံများကို မည်သို့ပြန်လည် ထူထောင်ပေးမလဲ ဆိုသည့် မေးခွန်းကို ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ဖြေကြားရာတွင် လက်ရှိတွင် မိမိတို့မှ လုံခြုံရေးအပိုင်း တာဝန်ယူထားပြီး တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းထားသည့် စစ်ကြောင်းများ သွားလာရာ လမ်းကြောင်းများ တစ်လျှောက်တွင် ရံဖန်ရံခါ ထိတွေ့ဖြစ်စဉ် များဖြစ်ပွား သော်လည်း အဓိကကျသည့် မြို့၊ ရွာ၊ တပ်ဌာနချုပ် စခန်းများတွင် သီးသန့် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်း မရှိသဖြင့် နယ်မြေလုံခြုံရေးနှင့် ပတ်သက်ပြီး မိမိတို့ ထိန်းချုပ်ထား နိုင်ပါပြီ ဟု ပြောဆိုနိုင် ပါကြောင်း။

ပုံမှန်လည်ပတ်လျက်ရှိ

ဆရာ/ဆရာမ များသည် ကျောင်းပိတ်ရာသီ ဖြစ်သည့်အတွက် ယခင်ကလည်း ပြန်နေကျဖြစ်ပြီး ပြန်ချိန်နှင့် တိုက်ဆိုင်နေ ၍သာ ပြန်ကြခြင်း ဖြစ်ပါကြောင်း၊ ကျန်ရှိသည့် အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန်ရှိသူ များမှာ တာဝန်ကျရာ နေရာ များတွင်သာ ဆက်လက် တာဝန်ထမ်းဆောင် နေကြပါကြောင်း၊ ဒေသ အုပ်ချုပ်ရေး ယန္တရားမှာလည်း ပုံမှန်လည်ပတ် လျက်ရှိပါကြောင်း၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်များ မှာလည်း ယခုဖြစ်စဉ် ဖြစ်ရပ် များကြောင့် တရားစွဲဆို ရသည့် လုပ်ငန်းစဉ် များမှလွဲ၍ ကျန်သည့်နယ်မြေ ဒေသများတွင် အကြမ်းဖက်လုပ်ရပ် အပါအဝင် ကျန်သည့် မှုခင်းဖြစ်ပွားမှု မရှိသဖြင့် ယခု အခြေအနေမှာ အတိုင်းအတာ တစ်ခုအထိ တည်ငြိမ်နေပြီ ဖြစ်ပါကြောင်း၊ သီတင်းကျွတ် ကျောင်းပိတ်ရက် အပြီး ကျောင်းများပြန်ဖွင့် ပါက နယ်မြေ အခြေအနေပေါ် မူတည်၍ မူလကျေးရွာ များတွင် စာပြန်သင်နိုင်ရန် ဦးတည် ရည်မှန်းချက်ထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျောင်းပြန်ဖွင့်သည့် ရာသီတွင်လည်း လုံခြုံရေးကို အကောင်းဆုံး အခြေအနေသို့ ရောက်အောင် ကြိုးစားဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း။

လူနည်းစု နေထိုင်ကြသည့် ဒေသခံ တိုင်းရင်းသား လူမျိုးစုများမှာ ဆက်လက်ပြီး နေထိုင်ရန် စိုးရိမ်နေကြ သဖြင့် အချို့ ပြောင်းရွှေ့နေသည့် ရွာများကို ဘူးသီးတောင်၊ မောင်တော ဘက်တွင် စုစည်းပြီး ယာယီစခန်းများ ဖွင့်လှစ် ပေးထားကာ လိုအပ်သည့် စား၊ ဝတ်၊ နေရေး အတွက်ကိုလည်း သက်ဆိုင်ရာ ပြည်နယ် အစိုးရနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့မှ ကူညီပံ့ပိုး ထားသည့် စားနပ်ရိက္ခာ များဖြင့် ယာယီထောက်ပံ့ ဖြည့်ဆည်းပေးထား ပါကြောင်း၊ နယ်မြေဒေသ တည်ငြိမ်သွားသည့် အခါတွင်လည်း မူလကျေးရွာ များတွင် ပြန်လည်နေထိုင် နိုင်ရန် ဒေသအစိုးရနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း များဖြင့် ပူးပေါင်း၍ ပြန်လည် နေရာချထားရေး အကောင်းဆုံး ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း။

စုစည်းကျေးရွာ

နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် သန်းထွဋ် က ကျေးရွာများ ပြန်လည် ထူထောင်ရေးနှင့် ပတ်သက်၍ မိမိတို့ဝန်ကြီး ဌာနက နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက် ရေးနှင့် နယ်စပ်ဒေသ တွင် နေထိုင်သည့် တိုင်းရင်းသား လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးကို အဓိကထား ဆောင်ရွက် နေသဖြင့် ယခု ဘူးသီးတောင်၊ မောင်တော ဒေသတွင် ဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သက်၍ လူဦးရေ အချိုးအစား မတူညီမှုမှာ အားလုံး အသိပင် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် ၁၉၉၁ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အတွင်း ကျေးရွာနှစ်ခု တည်ထောင်ထား ခဲ့ပြီး လက်ရှိ ကျေးရွာပေါင်း ၃၆ ရွာရှိပါကြောင်း၊ ရွှေ့ပြောင်း ကျေးရွာ၊ စုစည်းကျေးရွာ ဟုရှိပြီး ယင်းဒေသရှိ အိမ်ခြေ ၂ဝ ၊ ၃ဝ ခန့်ရှိသည့် ကျေးရွာမှ တိုင်းရင်းသားများ၏ သဘောထား များကို စုစည်းရယူပြီး စုစည်းကျေးရွာ အဖြစ် ထူထောင် ပေးထားပါကြောင်း၊ အခြားဒေသများမှ ဆန္ဒပြုသူ များနှင့် လာရောက် နေထိုင်လို သူများကိုလည်း လိုအပ်သည့် ထောက်ပံ့မှုများ ပေးပြီး ရွှေ့ပြောင်း ကျေးရွာတွင် လူဦးရေ ၁၄ဝဝဝ ခန့်ရှိနေပါကြောင်း၊ နေထိုင်ရေး အခက်အခဲ ရှိနေသဖြင့် လိုအပ်သည့် အထောက်အပံ့ များကို ယခုခရီးစဉ်တွင် ဝန်ကြီးဌာန နှစ်ခု ပူးပေါင်း၍ ဆောင်ရွက်ဖြည့်ဆည်း ပေးခဲ့ပါကြောင်း၊ နိုင်ငံတော် အစိုးရပိုင်းက နတလ စုစည်းစံပြ ကျေးရွာများကို ထူထောင်ပေး နေရုံမျှမက အလုပ်အကိုင် အခွင့်အလမ်းများ ကိုလည်း ဖန်တီးပေးရန် မှာကြားထား ပါကြောင်း၊ ကျေးရွာများ ပိုမိုများပြား လာအောင်လည်း နိုင်ငံတော်နှင့် အတူ ဝန်ကြီးဌာန အနေဖြင့် စဉ်ဆက်မပြတ် လုပ်ဆောင်နေ ပါကြောင်း ဖြေကြားသည်။

RSO နှင့်ဆက်သွယ်မှု

အကြမ်းဖက် တိုက်ခိုက်သူများ နှင့် ပတ်သက်၍ RSO နှင့် ဆက်သွယ်မှု အထောက်အထား များ ခိုင်မာမှု ရှိ/မရှိ၊ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကြိုတင်သတင်း ရရှိခြင်း ရှိ/မရှိ၊ ယင်း ကိစ္စအား ကိုင်တွယ် ဆောင်ရွက်နေသည့် အစီအမံများ နှင့် တာဝန်ပေါ့လျော့ သူများကို  မည်သို့ အရေးယူ ဆောင်ရွက်သွား မည်ကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ဖမ်းဆီးရမိခဲ့ သူများ၏ ထွက်ဆိုချက်များ အရ အကြမ်းဖက် အဖွဲ့ကို ခေါင်းဆောင်ခဲ့သူ အနေဖြင့် RSO အဖွဲ့များနှင့် အဆက်အသွယ် ရှိခဲ့မှု၊ သင်တန်းများ တက်ခဲ့မှု၊ အထောက်အပံ့ များရခဲ့မှု၊ ဒုက္ခ သည် စခန်းတွင် သွားရောက် နေထိုင်ခဲ့သည့် အချိန်ကလည်း RSO အဖွဲ့နှင့် ဆက်သွယ် ခဲ့မှုတို့ကို ထွက်ဆိုချက်များ အရ သိရှိရခြင်း ဖြစ်ပါကြောင်း၊ ထွက်ဆိုချက်များ အရ သတင်းထုတ်ပြန် ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယင်းဖြစ်စဉ် နှင့်ပတ်သက်၍ သတင်းရယူမှု အပိုင်းနှင့် ကြိုတင် သတင်းရရှိမှုအပိုင်းတို့တွင် အားနည်းချက်များ ရှိခဲ့ပါကြောင်း။

အကြမ်းဖက်သမားအင်အား

အကြမ်းဖက်သမား အင်အား ၄ဝဝ ဆိုသည်မှာ ဖြစ်စဉ်စတင် ဖြစ်ပွားခဲ့သည့် အချိန်တွင် ဖြစ်စဉ်ဖြစ်ပွား ခဲ့သည့်နေရာ အားလုံး၏ လုပ်ဆောင်ချက် များအပေါ်တွင် စုစည်းတင်ပြ လိုက်သည့် အင်အား ဖြစ်ပါကြောင်း၊ လက်ရှိတွင် ယင်းအင်အားစု များသည် ဖြန့်ခွဲ၍ သွားလာနေခြင်း ဖြစ်ပါကြောင်း၊ တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ နယ်မြေအတွင်း လှည့်လည် ရှင်းလင်းသည့် အခါ ယင်းကဲ့သို့ အင်အားစု အလိုက် လုပ်ဆောင်သည့် လုပ်ဆောင်ချက် များ နောက်ပိုင်းတွင် မရှိတော့သည်ကို တွေ့ရှိရ ပါကြောင်း၊ အင်အားစုများနှင့် ရင်ဆိုင်ရ ပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုပ်ငန်းစဉ်များ အတိုင်း ဥပဒေနှင့် အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ပူးပေါင်းဆောင်ရွက်မှု

အစ္စလာမ် ဘာသာဝင်များ ဘက်မှ ပူးပေါင်း ဆောင်ရွက်မှု ရှိလာနိုင် သလား မေးခွန်းနှင့် ပတ်သက်၍ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ဖေမြင့်က အစ္စလာမ် ဘာသာဝင်များ ဘက်မှ ပူးပေါင်း ဆောင်ရွက်မည်၊ ကြားနေမည်၊ ဆန့်ကျင်သည့် အထဲတွင် ပါဝင်သွားမည် ဆိုသည့်ကိစ္စမှာ တိတိကျကျ ပြောဆိုရန် အင်မတန် ခက်ခဲပါကြောင်း၊ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ထိတွေ့ခဲ့ရမှုမှာ စစ်တွေ၊ မောင်တော နှင့် ဘူးသီးတောင် မြို့တို့ရှိ အစ္စလာမ် ဘာသာရေး အသိုင်းအဝိုင်းထဲမှ ပုဂ္ဂိုလ်များ၏ ပြောဆိုချက် အရ ပူးပေါင်း ဆောင်ရွက်မည် ဟု ပြောဆိုခြင်း ဖြစ်ပါကြောင်း။

သို့သော် မိမိတို့ထိတွေ့ ခဲ့ရခြင်းသည် များသောအားဖြင့် မြို့ပေါ်တွင် နေထိုင်ကြသည့် ပုဂ္ဂိုလ်၊ ရပ်ရွာတွင် ထင်ထင်ရှားရှား ရှိသည့် ပုဂ္ဂိုလ်အချို့သာ ဖြစ်ပါကြောင်း၊ ပဋိပက္ခ ဖြစ်ပွားသည့် နေရာများတွင် လူအများထံမှ
သဘောထား အမှန်ကို ပြည့်ပြည့်စုံစုံ သိရှိရန် ခက်ခဲသည်ကို အားလုံး သိနိုင်ပါကြောင်း၊ ထို့ကြောင့် မေးခွန်းနှင့် ပတ်သက်၍ တိတိကျကျ ဖြေရန် ခက်ခဲပါကြောင်း ဖြေကြားသည်။

တာဝန်ပေါ့လျော့သူ

တာဝန်ပေါ့လျော့သူ များကို မည်သို့ အရေးယူ ဆောင်ရွက်မလဲ ဆိုသည့် မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ် ဇော်ဝင်းက ဖြစ်စဉ်နှင့် ပတ်သက်၍ ပထမအဆင့် အနေဖြင့် လိုအပ်သည့် သင်ခန်းစာများ ရယူရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဒုတိယပိုင်း အနေဖြင့် နိုင်ငံတော်၏ လုံခြုံရေး ကျိုးပေါက်အောင်၊ လက်နက်များ ဆုံးရှုံးသွားအောင်၊ တပ်ဖွဲ့ဝင်များ အသက်ဆုံးရှုံး သွားရသည် အထိ ဖြစ်ရသည့် ပေါ့လျော့မှုဖြင့် တာဝန်ရှိသူ အားလုံးကို စုံစမ်း စစ်ဆေးမှု  အပေါ်မူတည်ပြီး အရေးယူမှု ကိုလည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။

အကြမ်းဖက်မှုဖြစ်စဉ်များကို စဉ်ဆက်မပြတ် လေ့လာသုံးသပ်

နိုင်ငံတကာ အကြမ်းဖက်မှု ဖြစ်စဉ်များတွင် ဓားစာခံ ဖမ်းဆီးမှုများ ရှိသည့်အတွက် မြန်မာနိုင်ငံတွင် အလားတူ ဖြစ်ရပ်မျိုး မဖြစ်စေရန် မည်သို့ ကြိုတင်ကာကွယ် ဆောင်ရွက် ထားသည်ကို သိရှိလိုကြောင်း နှင့် မောင်တောခရိုင် အတွင်းရှိ ဆရာများ အပါအ၀င် ၀န်ထမ်းများ ရွှေ့ပြောင်းနေမှု အခြေအနေကို သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဗိုလ်ချုပ် အောင်စိုး က မြန်မာနိုင်ငံအတွင်း အကြမ်းဖက် တိုက်ဖျက်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် ပြည်ထောင်စု လွှတ်တော်က အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းပြီး ဖြစ်ပါကြောင်း၊ ဥပဒေတွင် ပါရှိသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန် အကြမ်းဖက် တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို  နိုင်ငံတော်အဆင့် ဖွဲ့စည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဗဟိုအဖွဲ့တွင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆောင်ပြီး အဖွဲ့ဝင် ၃၄ ဦးဖြင့် ဖွဲ့စည်းထား ပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင်လည်း အကြမ်းဖက်မှု တိုက်ဖျက်ရေး ဌာနကို ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊ ကယ်ဆယ်ရေး၊ ချေမှုန်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်သည့် စုဖွဲ့ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိ ပါကြောင်း၊ နိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှု ဖြစ်စဉ်များကို စဉ်ဆက်မပြတ် လေ့လာ သုံးသပ်ပြီး မိမိတို့နိုင်ငံ အတွင်း၊ ဒေသအတွင်း ဖြစ်ပေါ် လာနိုင်သည့် အကြမ်းဖက် တိုက်ခိုက်မှုများကို တုံ့ပြန်နိုင်အောင် ရေးဆွဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊ နိုင်ငံတော် အတွက်  လိုအပ်လာမည် ဆိုပါက အကြမ်းဖက် တိုက်ခိုက်မှုများကို တုံ့ပြန်နိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ သာမက တပ်မတော်မှ အကြမ်းဖက် တိုက်ဖျက်ရေး အတွက် လေ့ကျင့်ထားသည့် တပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး စီမံထား ပါကြောင်း ဖြေကြားသည်။

သီတင်းကျွတ်ကျောင်းပိတ်ရက်

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပညာရေးဝန်ထမ်း များမှာ အမျိုးသမီးများ ဖြစ်နေပြီး ကလေးငယ် များပါ ပါနေခြင်း၊ သီတင်းကျွတ် ကျောင်းပိတ်ရက် နှင့်လည်း တိုက်ဆိုင် နေခြင်းကြောင့် တပ်မတော်က ရဟတ်ယာဉ် များဖြင့် ဘူးသီးတောင် ဒေသကို ပို့ဆောင်ပေးခြင်း ဖြစ်ပါကြောင်း၊ နယ်မြေတည်ငြိမ် အေးချမ်းအောင် အမြန်ဆုံး ဆောင်ရွက်ပြီး ပါက ယင်း ဝန်ထမ်းများကို သက်ဆိုင်ရာ တာဝန်ရှိသည့် နေရာများတွင် အမြန်ဆုံး ပြန်လည်တာဝန် ပေးသွားမည် ဖြစ်ပါကြောင်း၊ ဘူးသီးတောင်၊ မောင်တော ဒေသတွင် တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ် အေးချမ်းရေး အပြင် ပုံမှန်ဝန်ထမ်း များ၏ လုပ်ငန်းများ ဆောင်ရွက် နိုင်ရေးကို အထူး ဦးစားပေး ဆောင်ရွက် နေပါကြောင်း ဖြေကြားသည်။

ဆရာ၊ ဆရာမ ၂၅၄ ဦး အပါအဝင် စုစုပေါင်း ၄၈၂ ဦး ရွှေ့ပြောင်း 

ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်မှူးကြီး ဇော်မင်းထွန်း က မောင်တော မြောက်ဘက် အခြမ်းတွင်ရှိသည့် ငါးခူရ၊ တောင်ပြိုဝဲ၊ အောင်ဇူ၊ ရွက်ညိုတောင်မှ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများနှင့် ၄င်းတို့၏ မိသားစုဝင်များ၊ သံဃာနှင့် အရပ်သားများကို ဘူးသီးတောင်နှင့် စစ်တွေဘက်သို့ ရွှေ့ပြောင်း ပေးခဲ့ပါကြောင်း၊ ဆရာ၊ ဆရာမ ၂၅၄ ဦး၊ ဝန်ထမ်း ၁၂၂ ဦး၊ မိသားစုဝင် ၆၉ ဦး၊ သံဃာ နှစ်ပါးနှင့် အရပ်သား ၃၅ ဦး စုစုပေါင်း ၄၈၂ ဦးဖြစ်ပါကြောင်း၊ ယင်းဒေသရှိ ဆရာ၊ ဆရာမများသည် သီတင်းကျွတ် ပိတ်ရက်နှင့် တိုက်ဆိုင်ပြီး ကျောင်းများ ပိတ်ထားသည့် အတွက် လတ်တလော အခြေအနေ အရ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ အခြေအနေ တည်ငြိမ်သွား ပါက တာဝန်ကျ ဒေသများတွင် ပြန်လည်ပြီး တာဝန် ထမ်းဆောင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။






မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger