www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 15, 2016

ကုလားပဲစားသူများ သတိထားစရာ


ကုလားပဲစားသူများ သတိထားစရာ

ကြည်လွင်မြင့် (မုဒြာ)

အမြန်လမ်း၊ အဝေးပြေး လမ်းမကြီးပေါ်တွင် ကားမောင်းခဲ့သူ တစ်ဦးသည် နေ့ခင်း ကြောင်တောင် လမ်းတစ်ဝက်တွင် အိပ်ငိုက်လာသဖြင့် အထူးသတိထား မောင်းခဲ့ရသည် ဟု ဆိုသည်။ မရသည့် အဆုံးတွင် ဆက်မမောင်း တော့ဘဲ မိမိကြောင့် အန္တရာယ် ဖြစ်မည်ဆိုးသဖြင့် တခြားသူတစ်ဦးကို ပြောင်းပြီး မောင်းခိုင်းရသည် ဟု ဆိုသည်။ ထိုသူမှာ စာရေးသူ၏ မိတ်ဆွေ ဖြစ်သဖြင့် ကားမောင်း မလာမီက မည်သည့် အစာစားခဲ့သလဲ မေးကြည့်သော အခါ ရန်ကုန်မြို့မှ ထွက်လာပြီး ပဲခူးမြို့အဝင် ထမင်းဆိုင် တစ်ဆိုင်တွင် ရပ်နားပြီး ထမင်းစားရာတွင် ဆိတ်သားနှင့် ကုလားပဲဟင်း ကို တဝ စားခဲ့ကြောင်း ပြောပြသည်။

ပဲအမျိုးမျိုးတွင် ကုလားပဲသည် အနောက်တိုင်း ဆေးပညာအလို အရ အာဟာရဓာတ် အပြည့်ပါပြီး ပရိုတင်းခေါ် အသားဓာတ် အပြည့်အဝ ပါသော ပဲမျိုးဖြစ်သည်။ ခွန်အားကို ဖြစ်စေသည်။ ကြွက်သားအားကို ဖြစ်စေသည်။ ကလေးများကို ငယ်စဉ်က ကုလားပဲ သို့မဟုတ် ကုလားပဲနှင့် ပြုလုပ်ထားသော မုန့်၊ အစာ အာဟာရများ ကျွေးမွေးခဲ့လျှင် ကြီးထွားလွယ်ပြီး အရပ်လည်း ရှည်စေနိုင်သဖြင့် လူသား အရင်းအမြစ် ဖွံ့ဖြိုးမှုကို အလေးထားသော နိုင်ငံများတွင် မူလတန်း ကျောင်းသားအရွယ် ကလေးများကို ကျောင်းများမှပင် အာဟာရ အဖြစ် ကျွေးမွေးသည်။ ထိုသို့ ပြုစုကျွေးမွေး ရာတွင် ကုလားပဲသည် အဓိက ထည့်သွင်းသော အစာဖြစ်သည် ဟု ရှေးယခင် နှစ် ၂ဝ ခန့်ကပင် ဖတ်ရှုခဲ့ရဖူး ပါသည်။ ကုလားပဲကို နွားနို့နှင့် တန်းတူထား၍ ကြီးထွားဖွံ့ဖြိုးမှု အတွက် ကျွေးမွေး နိုင်သည်ဟု ဆိုသည်။

မြန်မာ့နိုင်ငံရေး သမိုင်းတွင်လည်း လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သော မြေအောက် ခေါင်းဆောင် သခင်ကြီး တစ်ဦးသည် ကုလားပဲ အစိမ်းကို အခွံမချွတ်ဘဲ ရေစိမ်၍ နေ့စဉ်စားခဲ့သည်။ သူ၏ ဥပဓိရုပ်မှာလည်း တောင့်တင်း ခိုင်မာသည့် ရုပ်မျိုး ဖြစ်သည်ကို တွေ့ရသည်။ ထို့အတူပင် ခွန်အား တောင့်တင်းသည့် အိန္ဒိယလူမျိုးများ၊ တပ်မတော်မှ စစ်သည်များ၊ ကြမ်းတမ်းသည့် တိုက်ပွဲဝင် သူများသည် ကုလားပဲကို အဓိကရိက္ခာ အဖြစ်ထား၍ စားသုံးကြသည်ကို တွေ့ရသည်။ ကုလားပဲ စားသုံးသူသည် သန်မာတောင့်တင်း ရုံမျှမက အပင်ပန်းဒဏ်၊ ဥတုဒဏ်များကို ခံနိုင်ရည်ရှိသည် ဟု ဆိုသည်။ ကျွဲတစ်ကောင် ကို လှဲသတ်နိုင်သူ တစ်ဦးသည် ကျွဲသားကို မစား၊ အမဲကိုမစား၊ ကုလားပဲကို စားသည် ဟု အဆိုရှိသည်။

သို့သော် ကုလားပဲကို ရိုးရာ တိုင်းရင်းဆေးပညာ ရှုထောင့်မှ ကြည့်သောအခါ ဆေးပညာ ပဒေသာကျမ်းများ အလိုအရ ကုလားပဲသည် ပဲအမျိုးမျိုးတွင် ဂရုဂုဏ် ရှိသော ပဲမျိုးဖြစ်သည်။ ဂရုဆိုသည်မှာ လေးလံသည့် အနက် အဓိပ္ပာယ် ရှိသည်။ လ ဟုဆိုလျှင် ပေါ့ပါးသော အနက်အဓိပ္ပာယ် ရှိသည်။ ဂရုဂုဏ်ရှိသော အစာသည် ကြေခဲသည်။ ရုပ်လေးသည်။ အိပ်ချင် ငိုက်မျဉ်းသည်။ သြဇာဓာတ်ကို တိုးပွားစေသည်။ များများစားလျှင် ထိုင်းမှိုင်းစေသည်။

ရိုးရာ ဆေးပညာ ရှုထောင့်မှ ဓာတ်စာပေး၍ ကုသသော ပညာရပ်တွင် အာဟာရ ဖြည့်တင်းရန် လိုသော လူနာအတွက် ကုလားပဲ၊ နို့နှင့် အသား အမျိုးမျိုးကို ပေးလေ့ရှိသည်။ ဂရုဂုဏ်ရှိသော ဓာတ်စာအဖြစ် ပေးခြင်း ဖြစ်သည်။  ကုလားပဲနှင့် ဆန့်ကျင်ဘက်မှာ ပဲရာဇာ ခေါ် ပဲနီလေးကို ပေးလေ့ရှိသည်။ ထိုပဲသည် နူးညံ့ပြီး ကြေကျက်လွယ်သည်။ အသက်ကြီးသူ များအတွက် အစာကြေ လွယ်သည်။ အာဟာရ ဖြစ်စေသည်။ ပဲရာဇာသည် ရုပ်ကိုပေါ့ပါး စေသော လဟုဂုဏ် ရှိသည်ဟု ဓာတ်စာ ဆရာကြီးများက ဆိုသည်။ သွေးတိုးရှိသော လူနာ၊ နှလုံးကြီးသော လူနာ၊ အစာခြေ အားနည်းသော လူနာ၊ လေဖြတ်ဝေဒနာ နှစ်ရှည်ခံစား နေရသော လူနာများကို ကုလားပဲ ကိုမပေး၊ ပဲရာဇာကိုသာ ဓာတ်စာအဖြစ် ပေးသည်။ ကုလားပဲ၊ မြေပဲ၊ ပဲကြီး၊ မတ်ပဲ၊ စွန်တာနီ၊ ပဲစာဥ၊ စားတော်ပဲ များသည် ကြေခဲ၍ လူနာများနှင့် မသင့်။ ပဲရာဇာ၊ ပဲနီလေး၊ ပဲဖြူလေး၊ ပဲစင်းငုံ စသည့်ပဲများသာ နူးညံ့၍  ကြေကျက်လွယ် သဖြင့် လူနာများ၊ အသက်ကြီး ရွယ်အို များနှင့် သင့်သည်။

မြန်မာတို့ နှစ်သက်သော ရိုးရာအစားအစာ ဖြစ်သည့် မုန့်ဟင်းခါး ချက်ရာတွင် ကုလားပဲ ထည့်ချက်လေ့ ရှိသည်။ ထိုသို့ ထည့်ရာတွင် တချို့က ကုလားပဲ အစိမ်းမှုန့်၊ အကျက်မှုန့် များကို အသုံးပြုသော်လည်း တချို့က ကုလားပဲစေ့ကို ပြုတ်၍ခြေပြီး ထည့်လေ့ရှိသည်။ အစိမ်းကိုပြုတ်၍ ထည့်ချက်သော မုန့်ဟင်းခါး ဟင်းရည်သည် အခန့်မသင့်လျှင် ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်သည်။ ကုလားပဲ အမှုန့်ကို လှော်ထားသည့် အကျက်မှုန့်ဖြင့် မုန့်ဟင်းခါး ဟင်းရည် ချက်ခြင်းသည် ရနံ့လည်းမွှေးပြီး ဝမ်းမပျက် စေနိုင်သဖြင့် စိတ်ချရသော နည်းဖြစ်သည်။ ကုလားပဲ တစ်မျိုးတည်း ကသည်ပင် ပထဝီစာ ဖြစ်၍ ဝမ်းချုပ်စေနိုင် ပြီး ဟင်းအရည် ချက်၍ အခန့်မသင့်၍ အချဉ်ပေါက်ပြီး သိုးသွားလျှင် ဝမ်းပျက် စေနိုင်သော သတ္တိရှိသည်။ အစာ မကြေလျှင်လည်း အိပ်ချင်ငိုက်မျဉ်း စေသည်။

ယောအတွင်းဝန် ဦးဖိုးလှိုင်၏  ဥတုဘောဇန သင်္ဂဟကျမ်း တွင်လည်း အစိမ်းအတိုင်း လှော်အပ်သော ကုလားပဲ သည် အားကို ပြုတတ်၏။ နှုတ်ကို မြိန်စေတတ်၏။ အခြောက်ကို လှော်ထားသော ကုလားပဲသည် အဆီသြဇာမရှိ။ လေနာ၊ နူနာတို့ကို ပွားစေတတ်၏။ ပြုတ်ပေါင်း အပ်သော ကုလားပဲသည် သလိပ်၊ သည်းခြေကို နိုင်၏။ ကုလားပဲဟင်းသည် စိတ်နှလုံးကို တုန်လှုပ်ခြင်း ပြုစေတတ်၏။ ကုလားပဲ အစိမ်းသည် နူးညံ့၍နှုတ်ကို မြိန်စေတတ်၏။ သည်းခြေ၊ သုက် ကိုနည်းစေ တတ်၏။ အေး၏။ ဖန်၏။ လေကို ပျက်စေတတ်၏။ ဝမ်းချုပ်၏ စသည်ဖြင့် ဖွင့်ဆိုထားသည်ကို တွေ့ရပေသည်။

ကုလားပဲကို အစာစားပြီးလျှင် ကြေကျက်စေရန် အလုပ်ကြမ်း လုပ်ရသူများ၊ ခရီးခြေကျင် သွားရသူများ၊ စစ်သည်များ၊ ခွန်အား အသုံးပြုရသူများ စား၍ ဘာမှ မဖြစ်ပေ။ အထိုင်များသူ၊ အလုပ်မလုပ်သူ၊ အေးစက်သော အခန်းတွင် ဇိမ်နှင့်နေသူများ မသင့်ပေ။ အဆစ်ရောင်၊ အဆစ်ရောဂါ ရှိသူ၊ လေးဖက်နာ ရှိသူ၊ အကြောတက် ရောဂါရှိသူ၊ အစာမကြေ ရောဂါရှိသူ၊ ကိုယ်ရောင်ရောဂါ ရှိသူများ၊ ရင်ကျပ်ရောဂါ ရှိသူများ မသင့်ပေ။ အဝေးပြေးလမ်းတွင် ကားမောင်းရ သူများ၊ စာမေးပွဲ နီး၍ စာကျက်မှတ်နေရ သူများတွင်လည်း အိပ်ချင်ငိုက်မျဉ်း တတ်၍ သတိထား စားသုံးသင့်ကြောင်း တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger