www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 16, 2016

အစိုးရငွေတိုက်စာချုပ်များ လေ့လံစနစ်ဖြင့် ရောင်းချမည်


နေပြည်တော် ၊ ၁၆-၉-၂၀၁၆

အစိုးရငွေတိုက် စာချုပ်များ (Government Treasury Bonds) များကို စက်တင်ဘာ ၂ဝ ရက်မှစ၍ လစဉ် တတိယမြောက် ရက်သတ္တပတ်၏ အင်္ဂါနေ့တိုင်းတွင် မြန်မာ နိုင်ငံတော် ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) ၌ လေလံစနစ်ဖြင့် ရောင်းချမည် ဖြစ်သည်။

လေလံပွဲ ကျင်းပမည့် နေ့ရက်၊ လေလံ ခေါ်ယူသည့် ပမာဏနှင့် ငွေတိုက်စာချုပ် များ၏ သက်တမ်း စေ့ရောက်မည့် နေ့ရက်၊ အတိုးနှုန်း တို့ကို လေလံပွဲ မတိုင်မီ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် တို့၏ website များတွင် ကြေညာမည် ဖြစ်သည်။ ဇန်နဝါရီ ၂၅ ရက်တွင် ပြဋ္ဌာန်းခဲ့သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ- ၂(ဆ)နှင့် ပုဒ်မ-၅၂(ည) တို့အရ ဘဏ်လုပ်ငန်း ဆောင်ရွက်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ် က လိုင်စင် ရရှိထားပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် စာရင်းဖွင့်လှစ် ထားသည့် ဘဏ် အဖွဲ့အစည်း များသည် လေလံပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရန် မှတ်ပုံတင်ခွင့် ရှိသည်။

၂ဝ၁၅ ခုနှစ် ဇန်နဝါရီလက စတင်ခဲ့သော အစိုးရငွေတိုက် လက်မှတ်များ (Government Treasury Bills) လေလံစနစ်ဖြင့် ရောင်းချခြင်းတွင် မှတ်ပုံတင်ပြီးသော အဖွဲ့အစည်း ဖြစ်ပါက ထပ်မံ မှတ်ပုံတင်ရန် မလိုပါ။ မှတ်ပုံမတင် ရသေးသည့် အဖွဲ့အစည်း များသည် လေလံပွဲ မတိုင်မီ ၁ဝ ရက်ကြိုတင်၍ သတ်မှတ် ထားသည့် လျှောက်လွှာပုံစံဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် မှတ်ပုံတင် ရမည်ဖြစ်သည်။

တစ်ဦးချင်း အလိုက်၊ အဖွဲ့အစည်း အလိုက် ရင်းနှီးမြှုပ်နှံ လိုပါက လောလောဆယ် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က Underwriter များအဖြစ် ခန့်အပ်ထားသော မြန်မာ့စီးပွားရေးဘဏ် - MEB နှင့် မြန်မာ့ငွေချေး သက်သေခံ လက်မှတ် လဲလှယ် ရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက်- MSEC တို့မှတစ်ဆင့် လေလံ ဝင်ရောက်နိုင်သည်။

အစိုးရငွေချေး သက်သေခံ လက်မှတ်များ လေလံစနစ်ဖြင့် ရောင်းချခြင်းနှင့် သက်ဆိုင်သော စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် များကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် (နေပြည်တော်)၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန (နေပြည်တော်) တို့တွင် တောင်းခံ ရရှိနိုင်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ website တွင်လည်း ဝင်ရောက်ကြည့်ရှု နိုင်သည်။

အသေးစိတ် အချက်အလက်များ သိရှိလိုပါက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ငွေတိုက်ဦးစီးဌာန ကြွေးမြီစီမံခန့်ခွဲမှု ဌာနခွဲ ဖုန်း- ၀၆၇- ၄၁ဝ၁၇ဝ၊ ဝ၆၇- ၄၁ဝ၁၇၂ နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် စာရင်းဌာန ဖုန်း-ဝ၆၇- ၄၁၈၂၄၁ ၊ ဝ၁- ၈၆ဝ၅ဝ၉၇၊ ဝ၁- ၈၆ဝ၃၇၄၆ တို့သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger