www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 16, 2016

ပြည်ပမှ စက်သုံးဆီတင်သွင်းရာတွင် သယ်ယူစရိတ် သက်သာစေရေးအတွက် တန်ချိန်သုံးသောင်းဆံ့ သင်္ဘောများဖြင့် သယ်ဆောင်နိုင်ရန် စီစဉ်



ရန်ကုန် ၊ ၁၆-၉-၂၀၁၆

မြန်မာနိုင်ငံ အတွင်းသို့ ပြည်ပမှ စက်သုံးဆီ တင်သွင်းရာတွင် သယ်ယူစရိတ် သက်သာ စေရေးအတွက် တန်ချိန် သုံးသောင်းဆံ့ သင်္ဘောများဖြင့် သယ်ဆောင် နိုင်ရန် စီစဉ်လျက် ရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသူများ အသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့် ထံမှ သိရသည်။

အဆိုပါ စက်သုံးဆီများကို လက်ရှိတွင် ပြည်ပနိုင်ငံများမှ တန်ချိန် တစ်သောင်းခွဲဆံ့ ဆီသယ်သင်္ဘော များဖြင့် တင်သွင်းနေပြီး စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ အဓိက တင်သွင်းလျက် ရှိသည်။

ပြည်ပမှ စက်သုံးဆီများ တိုက်ရိုက်တင်သွင်း နိုင်မည်ဆိုပါက ကုန်ကျစရိတ် သက်သာ စေနိုင်ပြီး ယင်းနိုင်ငံအတွင်း ရောင်းချလျက် ရှိသော ဈေးနှုန်းအတိုင်း ပြန်လည်ဖြန့်ဖြူး ပေးနိုင်မည် ဖြစ်သည်။ လက်ရှိတွင် စင်ကာပူ နိုင်ငံမှ တင်သွင်း နေသော်လည်း ယင်းနိုင်ငံမှ ထွက်ရှိသော စက်သုံးဆီများ မဟုတ်ဘဲ တခြား နိုင်ငံများမှ စက်သုံးဆီ များကို တစ်ဆင့်ခံ ပြန်လည် ဖြန့်ဖြူးခြင်းကြောင့် စက်သုံးဆီ ဈေးနှုန်း ပိုမိုကြီးမြင့် ရခြင်းဖြစ်ပြီး သယ်ယူ ပို့ဆောင်ရေး စရိတ် သက်သာစေရေး အတွက် စက်သုံးဆီ တန်ချိန် ပိုမိုဝင်ဆံ့သော သင်္ဘောများဖြင့် တင်သွင်းနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယခင်က ရေနံတင်သွင်း ရာတွင် တန်ချိန် တစ်သောင်းခွဲဆံ့ သင်္ဘောများဖြင့် တင်သွင်းခြင်း ဖြစ်ပြီး ရေနံ တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဒေါ်လာမှ ၄ ဒေါ်လာအထိ ကုန်ကျသည့် အတွက် တစ်လလျှင် တန်ချိန် လေးသိန်း တင်သွင်း ရခြင်းကြောင့် သယ်ယူစရိတ်မှာ အမေရိကန် ဒေါ်လာ ၅ သန်းခန့်ရှိသည်။ ထို့ကြောင့် ရေနံ ထွက်ရှိသော နိုင်ငံများမှ တန်ချိန် သုံးသောင်းဆံ့ သင်္ဘောများဖြင့် တိုက်ရိုက် တင်သွင်း နိုင်ပါက စင်ကာပူနိုင်ငံ ၌ တိုက်ရိုက် ရောင်းချသည့် ဈေးနှုန်းအတိုင်း ရောင်းချပေး နိုင်မည် ဖြစ်သည်။

ပြည်ပမှ ပြည်တွင်းသို့ စက်သုံးဆီ တင်သွင်းမှုသည် ၂ဝ၁၂-၂ဝ၁၃ ခုနှစ်တွင် တန်ချိန် ၂ ဒသမ ၂၂ သန်း၊ ၂ဝ၁၃-၂ဝ၁၄ ခုနှစ်တွင် တန်ချိန် ၂ ဒသမ ၃၅ သန်း၊ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်တွင် တန်ချိန် ၃ ဒသမ ၄၇ သန်း ရှိခဲ့သည့် အတွက် နှစ်စဉ် မြန်မာ နိုင်ငံအတွင်း စက်သုံးဆီ အသုံးပြုမှု တိုးတက်လျက်ရှိပြီး အရည်အသွေး ပြည့်ဝသော စက်သုံးဆီများ အသုံးပြု နိုင်ရေးနှင့် နိုင်ငံတကာ ဈေးနှုန်းများ အတိုင်း ဝယ်ယူ အသုံးပြုနိုင်ရေး အတွက် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger