www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 21, 2016

ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ၌ ကမ္ဘာ့ကြံ့များနေ့ ကျင်းပမည်



ရန်ကုန် ၊ ၂၁-၉-၂၀၁၆

မြန်မာနိုင်ငံ၌ မျိုးသုဉ်းလုနီးပါး ဖြစ်နေသည့် ကြံ့များကို ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် ကြံ့နှင့် ပတ်သက်သော အယူအဆ အမှားများ ကိုလည်း သိရှိနိုင်စေရန် ကမ္ဘာ့ကြံ့များနေ့ကို ရန်ကုန် တိရစ္ဆာ န်ဥယျာဉ် ၌ စက်တင်ဘာ ၂၂ ရက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ရန်ကုန် တိရစ္ဆာန်ဥယျာဉ် မှ သိရသည်။

ကမ္ဘာ့ကြံ့များနေ့ အား ကမ္ဘာပေါ်ရှိ ကြံ့ဖြူ၊ ကြံ့နက်၊ အိန္ဒိယကြံ့၊ ဂျာဗားကြံ့နှင့် ဆူမားတြားကြံ့ အစရှိသည့် ကြံ့မျိုးစိတ် ငါးမျိုးကို ကာကွယ် ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ နိုင်ငံတကာ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ ကြံ့မျိုးစိတ်များ မျိုးသုဉ်းလုနီးပါး ဖြစ်ရခြင်းမှာ ကြံ့ချိုအား ဆေးဖက်ဝင် သည်ဟု ယူဆထားသော အမှားများကြောင့် ဖြစ်ကြောင်း၊ ကြံ့ချိုကို အရိုး ဟု ထင်နေကြ သော်လည်း အမှန်စင်စစ် အရိုး မဟုတ်ဘဲ လက်သည်း၊ ခြေသည်းနှင့် ဆံပင်များကဲ့သို့ အမွေးအမှင် များတွင် တွေ့ရသည့် ပရိုတင်းတစ်မျိုး ဖြစ်သောကြောင့် ဆေးဖက် မဝင်ကြောင်း၊ ယင်း အယူအဆအမှား များအား ပပျောက်စေရန် ကမ္ဘာ့ကြံ့များနေ့ ကို ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။

''ဒီအယူအဆအမှား တွေကို လူတိုင်း သိရှိနားလည်ဖို့ လိုတယ်။ ဒါမှ ကြံ့ချိုဝယ်ယူမှု ပပျောက်ပြီး ကြံ့သတ္တဝါတွေ ဘေးကင်းနိုင်ဖို့ ရည်ရွယ်ကျင်းပ သွားမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်တိရစ္ဆာန် ဥယျာဉ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကြံ့အများစုသည် ယင်းတို့၏ ဦးချိုကြောင့် သတ်ဖြတ်ခံ နေရပြီး ဥရောပနှင့် အာရှဒေသ များတွင် ကြံ့ချိုအား ရိုးရာ တိုင်းရင်းဆေးများ အဖြစ် အသုံးပြု ကြသည့်အပြင် အဆင်တန်ဆာများ အဖြစ်လည်း အသုံးပြု နေကြကြောင်း၊ ကြံ့ချိုများ၏ ဈေးနှုန်း များမှာလည်း တန်ဖိုးမြင့်မား သည့်အတွက် တရားမဝင် ဈေးကွက်များတွင် တွင်ကျယ်စွာ ရောင်းဝယ် နေကြသည့်အပြင် အဓိကအားဖြင့် ဗီယက်နမ် နိုင်ငံ၌ ကြံ့ချိုဈေးကွက်မှာ ကြီးမားလျက် ရှိကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံ တစ်ဝန်းတွင် ကြံ့များ တရားမဝင် သတ်ဖြတ်ခံရခြင်း များကို ထိန်းချုပ်နိုင်ရန် ၂ဝဝ၉ ခုနှစ်မှ စတင်၍ ထိရောက်သည့် နည်းလမ်းများဖြင့် ကာကွယ် စောင့်ရှောက်ခဲ့ သော်လည်း ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၅ ခုနှစ် အထိ တောင်အာဖရိက ၌ ကြံ့အကောင်ရေ ၃၃၄၃ ကောင် သတ်ဖြတ်ခံခဲ့ ရကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger