www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, August 21, 2016

ရေမချိုးခင် ရေတစ်ခွက် သောက်ပါ



ကြည်လွင်မြင့် (မုဒြာ)

တွေ့ခဲ့ ကြုံခဲ့ဖူးသမျှ ...

လေသင်တုန်း ဖြတ်သူ၊ ဦးနှောက်သွေးကြော ပြတ်သူ၊ လေဖြတ်ပြီး ကိုယ်တစ်ခြမ်း သေသူများတွင် နေပူထဲမှ ပြန်လာပြီး ရုတ်တရက် ရေလောင်းချိုး လိုက်ရာမှ လေဖြတ်သွားသူ များလည်း တွေ့ဖူးကြုံဖူး ပါသည်။ တစ်ဦးမှာ ကျောင်းဆရာ တစ်ဦးဖြစ်သည်။ အသက် ၅ဝ ကျော် ပင်စင်နီးပြီ ဖြစ်သော အထက်တန်းပြ ဆရာကြီးတစ်ဦး ဖြစ်သည်။ နံနက် ကျောင်းသွားချိန်တွင် ရေချိုးမသွားရ ဂျူတီရှိသည် ဆိုကာ စောစော သွားသည်။ နေ့လယ် ထမင်းစားပြန်မှ ရေချိုးတော့မည် ဟု ဇနီးကိုပြောကာ စာအုပ်များ ပိုက်ပြီး ကသုတ်ကရက် ထွက်သွားသည်။

မွန်းတည့် ၁၂ နာရီ ကျောင်းဆင်းချိန် တွင်လည်း အိမ်နှင့် ကျောင်းမှာ အတန်အသင့် ဝေးသဖြင့် အပြေးပြန် လာသောအခါ နေကလည်းပူ၊ နဖူးမှာ ချွေးတဒီးဒီး နှင့်။ ဇနီးသည်က ကြိုသောအခါ ထမင်းပြင် ထားနှင့် ရေအရင်ချိုး မည် ဆိုကာ ရေလဲပိုင်း နှင့် အိမ်နောက်ဘက် ရှိ ရေချိုးခန်းသို့ ဆင်းသွားသည်။ သူ၏ ဇနီးသည်က ထမင်းပွဲပြင်ပြီးလျှင် ရေသုတ်ရန် တဘက်တစ်ထည် ယူပြီး ရေချိုးခန်းမှ ထွက်လာမည့်သူ့ကို စောင့်နေသည်။ ရေချိုးခန်း အတွင်းမှ ရေလောင်းသံ မကြားရတော့ သဖြင့် သွပ်ပြားဖြင့် ပြုလုပ်ထားသော တံခါးကို တွန်းဖွင့်ကြည့် လိုက်သောအခါ ရေချိုးခန်း အတွင်း လဲကျနေသော ခင်ပွန်းသည် ဆရာကြီးကို တွေ့ရလေသည်။ ထိုနေ့ နေ့လယ်စာ ထမင်းကို ထိုဆရာကြီး စားမသွားရ ရှာတော့ပါ။

နောက်တစ်ဦးမှာ စာရေးသူတို့ မန္တလေး တောင်ခြေရှိ တိုင်းရင်းဆေးသိပ္ပံ တက်စဉ်က ကျောင်းအနီး ထမင်းဆိုင်မှ ဒေါ်တော်ဝင်ကြီး ပင်။ ရုတ်တရက် လဲကျဦးနှောက် သွေးကြောပြတ် သေဆုံးသွား ရသည့် အကြောင်းပင် ဖြစ်သည်။ သူ့ကို တိုင်းရင်းဆေးသိပ္ပံ ကျောင်းသားများက ဒေါ်တော်ဝင်ကြီး ဟု ခေါ်ရခြင်း အကြောင်းမှာ သူ၏ ဝါးကပ်မိုး၊ ထရံကာဆိုင် ကလေးကို တော်ဝင် ထမင်းဆိုင် ဆိုပြီး ဆိုင်းဘုတ်ချိတ်ဆွဲ ထားသောကြောင့် ဖြစ်သည်။ တော်ဝင်ဆိုသည်မှာ နန်းထိုက်သည့် အဆင့်မှ ပေးရသည့် နာမည်မျိုးကို သူ့တဲကုပ် သာသာ ထမင်းဆိုင်နာမည် ပေးထားသောကြောင့်။ သူ့နာမည် အရင်းမှာ ဘယ်လိုခေါ်မှန်း မသိသော်လည်း အများက ဒေါ်တော်ဝင်ကြီး ဟုပဲ ခေါ်ကြလေသည်။

ဒေါ်တော်ဝင်ကြီး ၏ ရုပ်ပုံကို သရုပ်ဖော် ရမည်ဆိုလျှင် ထင်းမီးဖိုကြီးတွင် ဟင်းအိုးတစ်အိုး၊ ဒယ်အိုးတစ်ဒယ် ဖြင့် အမြဲတမ်းလုံးချာ လိုက်နေသည်။ လူက ဝဝပုပု၊ အလုပ်ရှုပ်သည် ဆိုကာ ဆံပင်ကို တရုတ်မများ ကဲ့သို့ ကုပ်နားမှတိပြီး ဖြတ်ထားသည်။ တစ်ခါတစ်ရံ ချွေးတလုံးလုံးနှင့် ကိုယ်ပေါ်တွင် အင်္ကျီပင် မကပ်နိုင်၊ ထဘီရင်ရှားနှင့် ရေချိုးတော့ မလိုလိုနှင့် အလုပ်ရှုပ် နေလေသည်။ ထမင်းခူးလိုက်၊ ဟင်းထည့်လိုက်၊ ကြက်ဥ ကြော်လိုက်၊ လက်ဖက်ရည် ဖျော်လိုက်၊ ရေနွေးကြမ်းအိုး တည်လိုက်နှင့် ပတ်ချာလည် နေသည်။ ကျောင်းဆင်းချိန် ဆိုလျှင် ပိုအလုပ်ရှုပ်သည်။ ရေချိုးဖို့ ဟန်ပြင်ရင်း ဈေးရောင်း နေလိုက်သည်မှာ နေ့တစ်နာရီ၊ နှစ်နာရီမှ ရေချိုးရသည်။

မီးဖိုနားမှာ ကြော်ရင်းလှော်ရင်း၊ ချွေးတဒီးဒီးနှင့် အလုပ်ရှုပ်၊ မီးကပူ၊ နေကပူ၊ လူကဝတော့ ချွေးက အလွန်ထွက်၊ ဈေးဝယ်ကလည်း မပြတ်၊ ထမင်းလပေး ကျွေးထားသော ကျောင်းသားများ ကလည်း ရှိသဖြင့် သူ့ရင်ထဲမှ အပူကို ဖြေဖျောက်ရန် ရေခဲရေ သောက်သည်။ သူသောက်သော ရေခဲရေမှာ ရေသန့်ဘူး မဟုတ်။ ရှေးက ရေခဲရေ ရောင်းသူများ လုပ်လေ့ရှိသည်ကို ယခုခေတ်တွင် မရှိတော့ သော်လည်း မှတ်မိသူများ ရှိကြဦးမည် ထင်သည်။ ရေခဲအတုံးလိုက် ကို အပေါ်မှ လောင်းချ၊ ကျလာသော ရေခဲရေကို အောက်က သောက်ရေစစ် ခံထားပြီး ရလာသော အလွန်အေးသော ရေကို ခွက်နှင့် ခပ်သောက်ခြင်း၊ တကယ် ရေခဲတုံးမှ အရည်ပျော် ကျလာသော ရေခဲရေ ကို သောက်ခြင်း ဖြစ်လေသည်။ ထိုရေခဲရေမျိုးမှာ အလွန် အေးစက်ပြီး သွားကျဉ် သွားအောင် ခံစားရသော်လည်း သောက်လေ သောက်လေ ငတ်မပြေ ဖြစ်တော့သည်။

ရေခဲရေ သောက်ရင်း ချွေးစိုရွှဲနေသော ဒေါ်တော်ဝင် ကြီးသည် နေ့နှစ်နာရီခွဲ ခန့် အလုပ်ပါးချိန်တွင် ရေချိုးသည်။ သူ၏ မိုက်မဲစွာသော ရေချိုးပုံမှာ သူချိုးနေကျ စည်ပိုင်းပြတ်ထဲသို့ အေးစေလိုသော ရည်ရွယ်ချက်ဖြင့် ၁ဝ ပေါင်ခန့်ရှိသော ရေခဲတုံးကြီးကို ထည့်စိမ်လိုက်သည်။ ရေခဲရေ သောက်သကဲ့သို့ ရေခဲရေဖြင့် ရေချိုးသည်။ သင်္ကြန်တွင် ရေခဲတုံးစိမ်ပြီး ရေပက်ကြသူများ ကို ပြေးမြင်မိသည်။ ရေအေးတစ်ဝ လောင်းချိုးပြီး တော့လည်း ရေခြောက်အောင် မသုတ်သေးဘဲ ရေစိုပိုင်းဖြင့် ထဘီတစ်ထည်၊ နှစ်ထည် လျှော်လိုက် သေးသည်။ ရေစိုထဘီ ရင်ရှားဖြင့် လဲကျနေသော ဒေါ်တော်ဝင် ကြီးကို ကျွန်တော်တို့ ကျောင်းသားများ သွားကြည့်သော အခါ တက်ပြီး သေသလို ပါးစပ်တွင် အမြှုပ် အနည်းငယ် ထွက်နေပြီး လက်သီးများလည်း ဆုပ်ထားသည်ကို တွေ့ရသည်။ တကယ် အသေဆိုးပင် ဖြစ်သည်။ မိမိကိုယ် မိမိ ရေခဲရေလောင်းပြီး သတ်မိသွားသလို ဖြစ်ရပ်ပင်။ သေပြီး နာရီပိုင်းတွင် ဒေါ်တော်ဝင်ကြီး ၏ ဘယ်ဘက်နားရွက် နောက်နား၊ ဦးခေါင်းနောက်စေ့ တစ်ဝိုက်တွင် အပြာကွက်ကြီး ပေါ်လာသည်။ ကြာတော့ ပိုပြီး မည်းလာသည်။ နောက်စေ့ အောက်အဝင်စ တွင်ပင် သွေးကြောကြီး ပေါက်သွားပုံရသည်။ 

ရေမချိုးမီ ရေတစ်ခွက် သောက်လျှင် ဘာမှမဖြစ်နိုင်ပါ။ သို့သော် ရေခဲရေအေး သောက်ခြင်းကား အမှားပင် ဖြစ်လေသည်။ ပူလွန်းခြင်း ကို အေးလွန်းခြင်း သို့ လျှော့ချလျှင် ဝိရောဓိ ဆန့်ကျင်ဘက် ဖြစ်သည်။ မဇ္ဈိမပဋိပဒါ အလယ်အလတ် အေးခြင်း သည်သာ လူနှင့် သင့်လျော်သော အအေးဖြစ်သည်။

လူရယ်လို့ ဖြစ်လာလျှင် နေ့စဉ်တာဝန် တွေက တစ်ဖက်၊ မိမိ တစ်ကိုယ်ရေ နိစ္စဓူဝ ပြုမူရသည့် မဖြစ်မနေ လုပ်ရသည့် ကိစ္စများက တစ်ဖက်ဖြစ်သည်။ နေ့စဉ် အစာစားရသည်။ အနည်းဆုံး တစ်နေ့နှစ်ကြိမ် စားရသည်။ စားပြီးလျှင် တစ်ဖန် နောက်တစ်နေ့ တွင် စားသမျှ အစာဟောင်းကို စွန့်ရပြန်သည်။ နေထိုင်စားသောက် ကိစ္စများပြီးလျှင် ညအိပ်ရပြန် သည်။ နောက်တစ်နေ့ တွင်လည်း ဤကိစ္စများကို ပုံမှန်အတိုင်း ပြုမူနေရသည်မှာ ပျင်းရိစရာ လူ့ဘဝ ဖြစ်လေသည်။

နိစ္စဓူဝ နေ့စဉ်ပြုလုပ် ရသည့် ကိစ္စများတွင် တစ်ကိုယ်ရေ သန့်ရှင်းရေး အတွက် ရေချိုးရခြင်း မှာလည်း တစ်ခု အပါအဝင် ဖြစ်သည်။ ရေချိုးခြင်း အပြုအမူ မှားကြောင့် ဒုက္ခရောက်တတ် သည်ကိုလည်း သတိရှိရမည် ဖြစ်သည်။ 

ပူအိုက်သော ရာသီတွင် တစ်နေ့နှစ်ကြိမ် ရေချိုးနိုင် သော်လည်း အေးသော ဆောင်းရာသီ၊ မိုးများသော ဒေသများ တွင် ဆင်ခြင်၍သာ ချိုးသင့်သည်။ ရေမချိုး၍ သေသော မသာမရှိ။ ရေချိုးမှား၍ သေသောမသာ ပဲရှိသည် ဟူသော အရပ်သုံး စကားမှာ လျစ်လျူရှု၍ မရသော စကားဖြစ်သည်။

အသက်အရွယ် ကြီးရင့်သူ၊ အထူးသဖြင့် အသက် ၇ဝ ကျော်လူကြီးများ အတွက် ရေချိုးရန် လင်္ကာကလေး တစ်ခုရှိသည်။ ၄င်းလင်္ကာမှာ ''နွေကိုး၊ မိုးတစ်ဆယ်၊ ဆောင်းဆယ့်တစ်'' ဟူ၍ ရှင်းပြရလျှင် အသက်ကြီးသူ ဘိုးဘွားများ အတွက် ရေချိုးသင့်သော အချိန်မှာ နွေရာသီတွင် နံနက် ၉ နာရီ၊ မိုးရာသီတွင် နံနက် ၁ဝ နာရီ၊ ဆောင်းရာသီတွင် နံနက် ၁၁ နာရီ ရေချိုးရန် ဖြစ်သည်။ မှန်ကန်သော၊ သင့်လျော်သော နည်းလမ်း ဖြစ်သည်။ လူကြီးတွေ ရေချိုးပြီး အအေးမပတ်၊ လေမဖြတ်ဖို့ နည်းလမ်းကောင်း ဖြစ်သည်။ 

ရေမချိုးမီ ရေတစ်ခွက် သောက်ခြင်းသည် အစာအိမ်မှ အပူကို ငြိမ်းစေသည်။ ရေမသောက်ဘဲ ချိုးလျှင် အစာအိမ်မှ အပူသည် ကိုယ်ခန္ဓာပေါ် လောင်းချလိုက် သည့် အအေးဓာတ်ကြောင့် ငုပ်လျှိုးသွားပြီး နီးစပ်ရာ အသည်း၊ နှလုံးတို့သို့ ရောက်ရှိသွား နိုင်သည်။ အဆုတ် သို့လည်း ရေအေးကြာကြာ ချိုးလျှင် အပူငုပ်နိုင်သည်။ ရေမသောက်ဘဲ ရေချိုးခြင်းကြောင့် အစာအိမ် အပူငုပ်လျှင် အစာအိမ်နာခြင်း၊ အစာမကြေခြင်း၊ အစာအိမ် ရောင်ခြင်းတို့ ဖြစ်နိုင်သည်။ အစာအိမ်မှ တစ်ဆင့် အသည်းသို့ အပူရောက်လျှင် အသည်းရောင်၊ အသည်းလုပ်ငန်း ဆောင်ရွက်မှု အားနည်းခြင်းတို့ ဖြစ်နိုင်သည်။ နှလုံးသို့ အပူရောက်လျှင် နှလုံးခုန်ကြိမ် မြင့်၍ သွေးတိုးခြင်း၊ သွေးတိုးကြောင့် သွေးအတွင်းမှ သွေးခဲ၊ အဆီခဲ များ ပြုတ်ကျသွားလျှင် ဦးနှောက်အတွင်း သွေးခဲပိတ်ဆို့ ၍ လေဖြတ်နိုင်သည်။

အဆုတ်တွင် အပူငုပ်လျှင် ချောင်းဆိုးခြင်း၊ အဆုတ် အအေးပတ်ခြင်း သည် အဆုတ်မှ အပြင်သို့ ပြန်မထွက်နိုင်၍ ချောင်းဆိုးရာမှစပြီး ကိုယ်အပူချိန် မြင့်တက်လာသည်။ အဆုတ်ဖျား၊ အဆုတ်ရောင်ဖျားဖြစ်နိုင်ပါသည်။ အထက်တွင် စာရေးသူ တင်ပြခဲ့သည့် ဥပမာပြသူ များတွင်-

၁။ ကျောင်းဆရာကြီး သည် နေပူထဲမှ ကျောင်းမှအပြန် ချွေးတဒီးဒီးနှင့် ဖြုန်းခနဲ ရေချိုးမိသူ။ အကယ်၍သာ အိမ်ရောက်ပြီး ချက်ချင်း ရေမချိုးဘဲ ခေတ္တနား၊ ရေအေးတစ်ခွက် သောက်ပြီးမှ ရေချိုးမည်ဆိုလျှင် ဒုက္ခမရောက် နိုင်ပါ။

၂။ ထမင်းဆိုင်ရှင် ဒေါ်တော်ဝင်ကြီး သေရသည်မှာ မီးပူနေပူခံပြီး ရေအေးချိုး လို၍ ရေထဲသို့ ရေခဲတုံး စိမ်ချိုးသည့်အမှား။ အကယ်၍သာ ရေခဲရေမသောက်၊ ရေခဲရေ မချိုးဘဲ ပုံမှန် ရေတစ်ခွက် သောက်ပြီး ပုံမှန်အေးသော ရေကိုသာ ချိုးလျှင် အမှားမတွေ့နိုင်ပါ။ ဤအမှားမျိုးမှာ ဆင်ခြင်သင့်သည်။

မည်သည့် အသက်အရွယ်မဆို၊ မည်သည့် ရာသီဥတုတွင်မဆို ရေချိုးမမှား ရလေအောင် အသင့်အတင့် အေးသော ရေတစ်ခွက် (မတ်ခွက်ငယ် တစ်ခွက်) သောက်ပြီးရေချိုးလျှင် အပူငုပ်ခြင်း၊ အပူကန်ခြင်း၊ ရုတ်တရက် သွေးတိုးပြီး ဦးနှောက်သွေးကြော ပိတ်ခြင်း၊ လေသင်တုန်း ဖြတ်ခြင်းတို့မှ ကာကွယ်ရာ ရောက်ကြောင်း ရေသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၈)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page