www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 2, 2016

သက်သတ်လွတ် စားခြင်းကြောင့် အသက်ပိုရှည် နိုင်သည့် အထောက်အထားကို တွေ့ ရှိ



မက်ဆာချူးဆက် ၊ ၂-၈-၂၀၁၆

လူသားတို့ အသားကို စားရသည့် အဓိကအကြောင်းရင်းမှာ အသားတွင် ပါရှိသော ပရိုတိန်းဓာတ်ကို ရရှိရန်ဖြစ်ရာ အသားမှရရှိသော ပရိုတိန်းကို ဟင်းသီးဟင်းရွက်မှ ရရှိသော ပရိုတိန်းဖြင့် အစားထိုး စားသောက်ကြသော သက်သတ်လွတ်စား သူများသည် အသက်ပိုရှည်ပြီး အနီရောင်အသားကို အစားများသူများ အသက်ပို၍ တိုသည် ကိုတွေ့ ရှိရကြောင်း အမေရိကန် သုတေသီများ ကပြောသည်။ 

အနီရောင်ရှိသော အသားကို စားသောက်ခြင်းသည် ကင်ဆာ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ အစရှိသည်တို့ နှင့်ဆက်နွယ်နေကြောင်း၊ သို့ ဖြစ်၍ အသားမှ ရရှိသောပရိုတိန်းကို အားမကိုးဘဲ ယင်းပရိုတိန်းကို ဟင်းသီးဟင်းရွက် စားသောက် ခြင်းဖြင့် အစားထိုးနိုင်ကြောင်း ဟားဗတ် ဆေးတက္ကသိုလ် နှင့် မက်ဆာချူးဆက် ပြည်နယ် ဆေးရုံကြီးမှ သုတေသီများက ပြောသည်။ 

" ပရိုတိန်းဆိုတာလည်း အခြားအဟာရ တွေလိုပဲ နည်းသွားလည်း မကောင်းသလို များသွားလည်း မကောင်းပါဘူး။ ကျန်းမာရေးအတွက် အသင့်လျော်ဆုံး ဖြစ်စေမယ့် ပရိုတိန်းပမာဏကို တွက်ချက်တတ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အဲဒီပရိုတိန်းကို ဘယ်လို အစားအစာကနေ ရယူနေသလဲ ဆိုတာကိုလည်း ကျန်းမာရေးရှုထောင့် ကနေကြည့်ပြီး ရွေးချယ်တတ်ဖို့ လိုပါတယ် " ဟု သုတေသီတစ်ဦး က ပြောပြသည်။ 

စားသုံးသူ ပြည်သူလူထုများ အနေဖြင့် လက်ရှိ စားသောက်နေသော အစာအဟာရ ကို ပြန်လည်ချင့်ချိန်ရန် လိုအပ်ပြီး အဟာရကို ယူနေသော အစားအစာ အရင်းအမြစ်ကိုလည်း မှန်ကန်စွာ ရွေးချယ်တတ်ရန် လိုအပ်ကြောင်း၊ တိရစ္ဆာန်များမှ ရရှိသော ပရိုတိန်းသည် ဟင်းသီးဟင်းရွက် များမှရရှိသော ပရိုတိန်းကဲ့သို့  ကျန်းမာရေးကို အထောက်အကူ မပြုနိုင်ဘဲ ဆိုးကျိုးကိုသာ ပိုဖြစ်စေခြင်း ဖြစ်ကြောင်းသိရသည်။ သုတေသီများသည် အမေရိကန် ပြည်ထောင်စု တစ်ဝန်းရှိ ပြည်နယ် အသီးသီးမှ လူ ၁၃၁၃၄၂ ဦးကို ရွေးချယ်ကာ ၄င်းတို့ နေ့ စဉ် စားသောက်သည့် ပရိုတိန်းပမာဏ ကို လေ့လာဆန်းစစ် ခဲ့ကြောင်း၊ နှစ်ပေါင်း ၃၀ ထက်မနည်း သက်တမ်း ရှိသော ဆေးမှတ်တမ်းများ၊ ကျန်းမာရေး မှတ်တမ်းများကို အသုံးပြုကာ လေ့လာဆန်း စစ် ခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းတို့ အနက် အသားနီကို အစားများပြီး ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အ၀လွန် ခြင်း၊ ကိုယ်လက် လှုပ်ရှားမှု အားနည်းခြင်း အစရှိသည့် ကျန်းမာရေးကို ထိခိုက်စေနိုင်သော လူနေမှုပုံစံ အနည်းဆုံးတစ်မျိုး ရှိသူများတွင် ရုတ်တရက် သေဆုံးနိုင်ခြေကို မြင့်မားစေသော ကျန်းမာရေး အားနည်းချက်များ ရှိကြသည်ကို တွေ့မြင်ရကြောင်း ၄င်းက ဆက်လက် ပြောပြသည်။ 

တိရစ္ဆာန် ပရိုတိန်းကို ၁၀ ရာခိုင်နှုန်း ပိုစားလျင် ကျန်းမာရေးကို ထိခိုက်နိုင်ခြေ နှစ်ရာခိုင်နှုန်း ပိုလာမည်ဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်နိုင်ခြေ ၈ ရာခိုင်နှုန်းအထိ တိုးသွားလျင် နှလုံး သွေးကြောကျဉ်း ရောဂါ နှင့်ဆက်စပ်သော ဝေဒနာများကို ခံစားရပြီး သေဆုံးနိုင်ခြေလည်း မြင့်မားလာမည် ဖြစ်ကြောင်း သိရသည်။ " ဒီ တွေ့ ရှိချက်ကြောင့် လူထုကြားမှာ ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်ပါတယ်။ အသား မစားရတော့ဘူးလား ဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ် လာနိုင်ပါတယ်။ အသားကို လျော့စားပြီး ဟင်းသီး ဟင်းရွက် ကိုတိုးမြှင့် စားသောက်ဖို့ အကြံပေးချင် ပါတယ် " ဟု သုတေသီ တစ်ဦး ကပြောသည်။

မြ၀တီနေ့စဉ် 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger