www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 19, 2016

ကူးစက်ရောဂါ ဖြစ်ပွားခဲ့သော လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ တပ်မတော်လေယာဉ်ဖြင့် စားသောက်ကုန်ပစ္စည်းများ ဒုတိယအကြိမ်ပို့ဆောင်


နေပြည်တော် ၊ ၁၉-၈-၂၀၁၆

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် ဇူလိုင်လ နှင့် သြဂုတ်လအတွင်းက ကူးစက်ရောဂါများ ဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူများ အတွက် အရေးပေါ် လိုအပ်လျက်ရှိသည့် စားနပ်ရိက္ခာများနှင့် အာဟာရ ဖြည့်စွက်စာများကို အလျင်အမြန် ထောက်ပံ့ပေးနိုင်ရန် တပ်မတော်မှ လေယာဉ်များ ၊ ရဟတ်ယာဉ်များ ဖြင့် ကူညီပို့ဆောင် ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက် ရှိရာ ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာနမှ ထောက်ပံ့ပေးပို့သည့် ဆန်အိတ် ၁၀၄ အိတ် ၊ ဆီ ၂၀ ပုံး ၊ ကုလားပဲ ၂၀ အိတ် ၊ ငါးသေတ္တာ ၃၃၀၀ ဘူး ၊ အိုင်အိုဒင်းဆား သုံးအိတ် နှင့် ခြင်ထောင်အထည် ၅၀၀ တို့ကို မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်မှ တပ်မတော် လေယာဉ်ဖြင့် ဒုတိယအကြိမ် ပို့ဆောင်ပေးသည်။

"ကူးစက်ရောဂါ ဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေက လမ်းပန်း ဆက်သွယ်မှု ခက်ခဲကြမ်းတမ်းတဲ့ ဒေသတွေ ဖြစ်တဲ့အတွက် တပ်မတော်ရဲ့ အကူအညီ မပါဘဲ ဘယ်လိုမှ သွားရောက် ထောက်ပံ့လို့ မရပါဘူး ၊ အခုပို့မယ့် လဟယ်ဆိုတာ နာဂတောင်တန်း ဒေသက လမ်းပန်း ဆက်သွယ်မှု ကြမ်းတမ်းတော့ ကျွန်တော်တို့အနေနဲ့ လဟယ်မပြောနဲ့ ဟုမ္မလင်း ထိတောင် ပို့ဆောင်ဖို့ မလွယ်ပါဘူး ၊ ဒါပေမဲ့ တပ်မတော်က ဟုမ္မလင်း ထိကို တပ်မတော် လေယာဉ်နဲ့ ပို့ဆောင် ပေးတယ် ၊ ဟုမ္မလင်း ရောက်တဲ့အခါ မှာလည်း ရဟတ်ယာဉ်နဲ့ တပ်မတော်သား တွေက အသင့်စောင့်ဆိုင်းပြီး သယ်ဆောင်ပေးတဲ့ အတွက် အတော်လေး လုပ်ငန်း အဆင်ပြေပြီး သယ်ဆောင်ပေးတဲ့  အတွက် အတော်လေး လုပ်ငန်း အဆင်ပြေပြီး အကူအညီ လိုအပ်နေတဲ့ ပြည်သူတွေဆီ အလျင်အမြန် ပို့ဆောင်ပေးနိုင် မှာ ဖြစ်ပါတယ် ၊ လဟယ်မှာလည်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနက ဒုညွှန်ချုပ် နှင့် အဖွဲ့ကလည်း နာဂဦးစီးအဖွဲ့နဲ့ ဆွေးနွေးတိုင်ပင်ပြီး ကူးစက်ရောဂါ ဖြစ်ပွားနေတဲ့ ကျေးရွာတွေကို ပို့ဆောင်ပေးမှာပါ။ ကူးစက်ရောဂါ ဖြစ်ပွားတဲ့ ကျေးရွာ ၁၅ ရွာမှာ လူသေဆုံးမှု ဖြစ်ပွားတဲ့ ကျေးရွာက ၉ ရွာ ၊ အဆိုးဝါးဆုံး ဖြစ်တဲ့ကျေးရွာ ၂ ရွာကိုလည်း ပို့ဆောင်နိုင်ဖို့ နာဂဦးစီးအဖွဲ့ နဲ့ ချိတ်ဆက် ဆောင်ရွက်လျက် ရှိပါတယ် " ဟု လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ၊ ရန်ကုန်တိုင်း ဦးစီးမှူး ၊ ညွှန်ကြားရေးမှူး ဦးဝင်းရွှေ က ပြောကြားခဲ့သည်။

အဆိုပါ ထောက်ပံ့ပစ္စည်း များကို ယမန်နေ့တွင် ဟုမ္မလင်းမြို့ သို့ တပ်မတော် လေယာဉ်ဖြင့် လည်းကောင်း ၊ ၄င်းမှတစ်ဆင့် ခန္တီးမြို့ သို့ ရဟတ်ယာဉ်ဖြင့် လည်းကောင်း ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် လဟယ်မြို့သို့ ဆက်လက် ပို့ဆောင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger